သတင်း

တပ်ပိုင်ကုမ္ပဏီက ရာဘာခြံ ဧက ၃၀၀ ဖျက်ဆီးပြီး ဓာတ်ပုံရိုက်သူကို ဖမ်း

နေပြည်တော်အမြန်လမ်းဘေး ဧက ၃၀၀ နီးပါး ကျယ်ဝန်းသော ရာဘာခြံနှင့် အဆောက်အအုံတချို့ကို  ဩဂုတ် ၁၈ နှင့် ၁၉ နှစ်ရက်တွင် လူနှင့် စက် အင်အားသုံး ဖယ်ရှားရှင်းလင်းခံရပြီး ထိုဖြစ်ရပ်ကို ဖုန်းဖြင့် မှတ်တမ်းဓာတ်ပုံရိုက်သူကိုလည်း ရိုက်နှက်ဖမ်းဆီးခဲ့သည်ဟု ခြံပိုင်ရှင်များက Myanmar Now ကို ပြောသည်။ 

ထိုမတရားမှု၏ နောက်ကွယ်တွင် စစ်တပ်ပိုင် MEC ကုမ္ပဏီ ရှိသည်ဟု ၎င်းတို့က ယုံကြည်နေသည်။

မကြာသေးခင်က Myanmar Now တွင် ရေးသားဖော်ပြခဲ့သည့် “တပ်ပိုင် MEC နှင့် တပ်မိသားစုအကြား မြေရလိုမှု ပဋိပက္ခ” သတင်းဖော်ပြပြီးနောက် MEC မှ လူတချို့က ခြံပိုင်ရှင်များကို” Myanmar Now က နင်တို့အမေလင်မို့လို့လား၊ ဖျက်ပြမယ် ကြည့်”ဟု ဩဂုတ် ၁၄ တွင် ခြိမ်းခြောက်ခဲ့သေးသည်ဟု သိရသည်။

ထို့နောက် ဩဂုတ် ၁၈ တွင် ခြံများအနီး စစ်တပ်သုံး ထရပ်ကား ၃ စီး အစောင့်ချထားကြောင်း၊ MEC မှ ဆိုသည့် တုတ်၊ ဓားကိုင် လူ ၅၀ ခန့် ရောက်ရှိလာကာ ဘတ်ဖိုး ခေါ် မြေကော်စက်များဖြင့် ဖျက်ဆီးသွားခြင်းဖြစ်ကြောင်း ကာယကံရှင်များက ဆိုကြသည်။

၂၀၁၃ ခုနှစ်တွင် ပဲခူးတိုင်း၊ အမြန်လမ်းဘေး၊ မိုင်တိုင် ၂၃/၃ မှ ၂၇/၇ အတွင်း အမှတ်(၁၁) ခြေမြန်တပ်မဌာနချုပ်က သိမ်းယူခဲ့သည့် မြေဧက နှစ်သောင်းကျော် (၂၁၈၆၄ ဒသမ ၂၇ ဧက) အတွင်း ရာဘာပင်စိုက်ပျိုးထားသော ခြံပိုင်ရှင်များနှင့် MEC ကြား မြေပိုင်ဆိုင်မှုအငြင်းပွားခဲ့ကြပြီး၂၀၁၉ မေလတွင် ခြံပိုင်ရှင်များဘက်မှ အနိုင်ရခဲ့သည်။

အမှုရှုံးထားသော အဆိုပါ ဧက နှစ်သောင်းကျော်အနက် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၂၆ အနီး မြေဧက ၃၀၀ ပေါ်တွင် စိုက်ပျိုးထားသော ရာဘာပင်များကို စစ်တပ်အာဏာသိမ်းပြီး ၆ လ အကြာတွင် အဆိုပါဖျက်ဆီးမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ဖျက်ဆီးခံရသည်မှာ ရာဘာစေးခြစ်ရမည့် အရွယ်ရောက်နေသည့်အပင်များဖြစ်သောကြောင့် ဆုံးရှုံးမှုပမာဏကြီးမားကြောင်း ခြံပိုင်ရှင်များက ဆိုကြသည်။ 

“အခု သူ့ (ဒေါ်စန်းစန်းမော်) ခြံကို တစ်ခြံလုံး ဘတ်ဖိုးနဲ့ ရှင်းပစ်လိုက်တယ်။ တိုက်ကြီးနှစ်လုံးကိုလည်း ဖျက်ပစ်လိုက်တယ်။ နောက် သူ့ဘေးက ခြံ ၄ ခြံလောက် တောက်လျှောက်ပါသွားတယ်”ဟု အနီးရှိ ရာဘာခြံပိုင်ရှင်တစ်ဦးက ၎င်းမြင်တွေ့ရပုံကို ပြောသည်။

ထိုသို့ဖျက်ဆီးမှုကြောင့် ဒေါ်စန်းစန်းမော်ဆိုသူ၏ ရာဘာခြံအပါအဝင် အနီးရှိ ပိုင်ရှင် ၄ ဦး၏ ရာဘာစိုက်ဧက ၁၅၀ ကျော် ပျက်စီးဆုံးရှုံးသွားပြီး တန်ကြေးအားဖြင့် ကျပ်သိန်းထောင်ချီ ဆုံးရှုံးနိုင်သည်ဟု ရာဘာခြံပိုင်ရှင်တစ်ဦးဖြစ်သူ ဦးဝင်းမောင်က ခန့်မှန်းသည်။

ရာဘာခြံများကို ဖျက်ဆီးရန် ရောက်ရှိနေသည့် MEC လူများကို ဩဂုတ် ၁၉ ညနေပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ- ပေးပို့)

၎င်း၏ ခြံတချို့လည်း ဖျက်ဆီးခံရပြီး တစ်ဦးတည်းအနေဖြင့် ကျပ်သိန်း ၁,၃၀၀ ခန့် ဆုံးရှုံးနိုင်သည်ဟု ဆိုသည်။

ခြံပိုင်ရှင် ဒေါ်စန်းစန်းမော်မှာလည်း ပြီးခဲ့သည့် ဧပြီ ၁၀ တွင် အမှတ်(၁၁)ခြေမြန်တပ်မဌာနချုပ်၏ လုံခြုံရေးအရာရှိ၊ အမှတ် (၂၁၅) ခြေမြန်တပ်ရင်းမှ ဗိုလ်ကြီးပိုင်ဇေယျာလင်းဆိုသူက “တပ်ပိုင်မြေအတွင်း ခြံဖျက်၍ သဲထုတ်ယူသည်” ဟု အကြောင်းပြကာ အမှုဖွင့်ဖမ်းချုပ်ထားသည်။

ထိုကဲ့သို့ တရားရုံးအမိန့်မပါဘဲ ရာဘာခြံနှင့် အဆောက်အအုံများ ဖျက်ဆီးခံရခြင်းသည် ဥပဒေနှင့်မညီကြောင်း ဒေါ်စန်းစန်းမော်၏ ရှေ့နေ ဦးစိုးမင်းဝင်းက ပြောသည်။

“ဒါ တမင် နိုင်ထက်စီးနင်းလုပ်တာ။ နဂိုတုန်းကတော့ ပြီးခဲ့တဲ့ အရပ်သားအစိုးရလက်ထက်တုန်းကတော့ ဒီလို မလုပ်ရဲဘူးဗျ။ အခုကတော့ သူတို့ ထင်ရာလုပ်နေတာပါပဲ။ ဘာမှကို ပြောလို့မရတော့ပါဘူး။ တမင် အားသာတုန်း နိုင်ထက်စီးနင်းလုပ်တာပဲ။ တရားရုံးက အမိန့်မပါဘဲနဲ့ သူတို့က ဖျက်ခွင့်ကိုမရှိတာ”ဟု ၎င်းက ဆိုသည်။

နောက်တစ်နေ့တွင်လည်း ဖျက်ဆီးမှု ထပ်မံပေါ်ပေါက်လာသည်။

ယမန်နေ့ (ဩဂုတ် ၁၉)  မနက် ၉ နာရီခန့်မှစ၍ MEC မှ ဗိုလ်ကြီးကျော်ကျော်ဆိုသူနှင့် MEC ရာဘာဌာန တာဝန်ခံဖြစ်သူ ဦးဝင်းကိုကို ဗိုလ်မှူးကြီး (ငြိမ်း)တို့က ဘတ်ဖိုးကားတစ်စီး၊ တုတ်၊ ဓား ကိုင်ဆောင်ထားသော လူအင်အား ၅၀ ခန့်ဖြင့် ဒေါ်ခင်မျိုးမြင့် ပိုင်ဆိုင်သည့် မြေဧက ၃၀ ကျော်ကို မြေအပြောင်ရှင်း၍ ဖျက်ဆီးသွားသည်ဟု ကာယကံရှင်ထံမှ သိရသည်။

ယင်းနေ့ နေ့လယ် ၁၁ နာရီခန့်တွင် စစ်ကားတချို့ ရောက်ရှိလာကြောင်း၊ တုတ်နှင့် ဓားကိုင်ထားသူတို့ကို တားဆီးနိုင်ရန် လာရောက် စောင့်ကြပ်ပေးခြင်းဖြစ်သည်ဟု စစ်သားများက ကနဦးတွင် ပြောဆိုခဲ့ကြောင်း အသက် ၆၇ နှစ်အရွယ် ဒေါ်ခင်မျိုးမြင့်က ပြောသည်။

“ဒါတွေက ကျူးတွေဆိုပြီးတော့ ဘတ်ဖိုးကြီးနဲ့ ဝင်လာပြီးတော့ အဝင်ဝမှာလည်း စစ်ကား ၄ စီး စောင့်နေတယ်။ စစ်သားတွေက ဘာပြောလဲဆိုတော့ အဘွားတဲ့၊ အဘွားဆီကို တုတ်၊ ဓားတွေနဲ့လာရင် အဝင်မခံဘူးတဲ့။ အခုကျတော့ သူ့တို့ရှေ့တင် ဝင်ခိုင်းလိုက်တာ ဘာမှဝင်မပြောဘူး။ ဒီအတိုင်း ရပ်ကြည့်နေတာ”ဟု ထိုအမျိုးသမီးကြီးက  ဆိုသည်။

MEC ဘက်မှ အမျိုးသမီး ၃ ဦးက ၎င်းကို ဖမ်းချုပ်ပြီး ခြံအပြင်ဘက် ပို့လိုက်ကြောင်း၊ ၎င်း၏ အသုံးအဆောင်ပစ္စည်းတချို့ကိုလည်း ယူဆောင်သွားကြောင်း၊ ထိုကဲ့သို့ဖြစ်ပွားနေမှုများကို ဖုန်းဖြင့် ဓာတ်ပုံရိုက်ယူရန် ကြိုးစားခဲ့ရာ ဖုန်းလုယူသွားခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

အဆိုပါလူအုပ်သည် ဖျက်ဆီးမွှေနှောက်ပြီးနောက် မွန်းလွဲ ၁ နာရီခန့်တွင် ၎င်းခြံများမှ ထွက်ခွာသွားပြီး အနီးအနားတွင် စစ်ကားများ ကျန်ရှိခဲ့ကြောင်း သိရသည်။ 

အဆိုပါလူအုပ်က အနီးအနားရှိ ခြံများအား ဆက်လက်ဖျက်ဆီးနေ၍ မွန်းလွဲ ၂ နာရီခန့်တွင် တူဖြစ်သူ ကိုရဲဘုန်းမြင့် (၁၇ နှစ်) နှင့် ကိုအောင်ကောင်းစံ (၃၃ နှစ်)တို့က ကားပေါ်မှ ပုန်းကွယ်၍ မှတ်တမ်းဓာတ်ပုံရိုက်ရန် ကြိုးပမ်းခဲ့ရာ MEC မှ လူများက တွေ့ကာ ဖမ်းဆီးရိုက်နှက်ခဲ့ကြောင်း ဒေါ်ခင်မျိုးမြင့်က ပြောသည်။ 

အဆိုပါပုံများကို Myanmar Now သို့ ပေးပို့ရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ 

“ဓာတ်ပုံ Myanmar Now ကို ပို့လို့ဆိုပြီး တစ်ခါတည်းဖမ်းပြီး လက်ပြန်ကြိုးတုပ်ထားတယ်။ ဖုန်းတွေပါ ဖျက်လိုက်ပြီ၊ မရတော့ဘူး။ အဲ့ဒါကြောင့်မို့  ကျွန်မတို့လည်း ပုန်းနေရတယ်”ဟု ၎င်းက ဆက်ပြောသည်။

အဆိုပါ လူငယ်နှစ်ဦးကို ရိုက်နှက်၍ လမ်းဘေးဓာတ်တိုင်တွင် လက်ပြန်ကြိုးတုပ်ဖမ်းဆီးထားကာ ဖုန်း၃ လုံး အနက် ဖုန်း ၂ လုံးနှင့် ငွေ ၇ သောင်းကို အဆိုပါလူများက ယူသွားခဲ့ကြောင်း၊ ညနေ ၅ နာရီခန့်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။ 

ယင်းနေ့တွင် ဒေါ်ခင်မျိုးမြင့်၏ ဧက ၃၀ ကျော်အပါအဝင် ဧက ၁၅၀ ခန့်ကို ဖျက်ဆီးသွားကြခြင်း ဖြစ်သည်။  

လက်ရှိတွင် အဆိုပါခြံပိုင်ရှင်တချို့မှာ ၎င်းတို့၏ ရန်ကို စိုးရိမ်ကာ ထွက်ပြေးပုန်းအောင်းနေရသည်။ 

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး MEC ၏ တာဝန်ခံဖြစ်သူ ဦးဝင်းကိုကို၊ ဦးစောယုနိုင်နှင့် ဗိုလ်ကြီးပိုင်ဇေယျာလင်း တို့ကို Myanmar Now က ဆက်သွယ်မေးမြန်းခဲ့ရာ ဖုန်းဝင်သော်လည်း လက်ခံဖြေဆိုခြင်း မရှိပေ။

ရာဘာခြံများအနီးရှိ  မြေအတွင်း လူပုဂ္ဂိုလ် ၁၆၇ ဦး၊ ဘုန်းတော်ကြီးကျောင်း ၃၂ ကျောင်းနှင့် ကျေးရွာ ၆ ရွာကို ဝင်ရောက်ကျူးကျော်သူများအဖြစ် MEC က စွပ်စွဲထားသည်။

ပြီးခဲ့သည့် ဩဂုတ် ၁၂ တွင် ယင်း ၆ ရွာအနက် အမြန်လမ်းမှ ၃ မိုင်ခန့်ဝေးသည့် သဲကောရွာရှိ လူနေအိမ် ၁၀ လုံးနှင့် တောရဘုန်းကြီးကျောင်းတစ်ကျောင်းကို လူအင်အား ၇၀ ခန့်ဖြင့် MEC က မီးရှို့ဖျက်ဆီးသွားကြောင်း ရွာသားတစ်ဦးနှင့် အနီးရှိ ရာဘာခြံပိုင်ရှင် ၂ ဦးက Myanmar Now ကို အသီးသီး ပြောသည်။

“လာဖျက်တဲ့အထဲမှာတော့ စစ်သားတွေမပါဘူး။ အကုန်လုံးက တုတ်တွေ၊ ဓားတွေနဲ့။ ပြန်ပြောရင်လည်း သတ်မယ့် ပုံစံမျိုးတွေ ”ဟု အဆိုပါ ရွာသားက ပြောသည်။

တပ်ပိုင်မြေအဖြစ် သိမ်းယူခဲ့သည့် အဆိုပါမြေဧက နှစ်သောင်းကျော်ကို MEC ကုမ္ပဏီက ရယူပြီးနောက် မြေ ၂၉၃ ဧကပါ တစ်ကွက်လျှင် ကျပ်သိန်း ၃၀၀ နှုန်းဖြင့် ၂၀၁၄ မှစ၍ တောင်သူ ၄၃ ဦးကို အငှားချခဲ့ကြောင်း Myanmar Now က ဖတ်ရှုခွင့်ရသည့် အင်းဝဘဏ်၏ ငွေသွင်းချလန်မှတ်တမ်းတစ်ခုတွင် တွေ့ရသည်။   

Show More

Related Articles

Back to top button