သတင်း

ကိုဗစ်ကာလ အပြင်မထွက်ရေးအစီအစဉ်ကို AA သက်တမ်းထပ်တိုး

ရခိုင်ပြည်နယ်တွင် ကိုဗစ်နိုင်တင်းကူးစက်ဖြစ်ပွားမှု လုံးဝမရှိသောအခြေအနေ ရောက်ရှိရန်အတွက် နေအိမ်တွင်နေထိုင်ရေး ( Stay at Home) အစီအစဉ်ကို သက်တမ်း ၇ ရက် ထပ်မံတိုးမြှင့်လိုက်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA)  က ယမန်နေ့ (သြဂုတ် ၂၀) တွင် ထုတ်ပြန်သည်။

ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်မှု သိသိသာသာ ကျဆင်းသွားပြီး ရခိုင်ပြည်သူများ၏ အသွားအလာဆင်ခြင်ခြင်းနှင့် နေအိမ်တွင် နေထိုင်ခြင်း၏ အကျိုးရလဒ်များ ဖြစ်သည်ဟု ULA/AA က ဖော်ပြထားသည်။

သို့သော် ပိုးကူးစက်မှုမှာ လုံးဝရပ်တန့်သွားခြင်းမျိုးမဟုတ်ဘဲ ဩဂုတ် ၁၈  အထိ ကူးစက်သူများ တွေ့ရှိနေဆဲဖြစ်ကြောင်း၊ ကိုဗစ်ကူးစက်မှု လုံးဝမရှိစေရန် ရက်သတ္တပတ်တစ်ပတ်သာ လိုကြောင်း၊ ထို့ကြောင့် သြဂုတ် ၂၅ အထိ တိုးမြှင့်လိုက်ကြောင်း ပါရှိသည်။

ကိုဗစ်နိုင်တင်းရောဂါ ကြိုတင်ကာကွယ်တားဆီးရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းများကို အထောက်အကူ ပြုနိုင်ရေးအတွက်ဆိုကာ နေအိမ်တွင်နေထိုင်ရေးအစီအစဉ်ကို ပြီးခဲ့သည့် ဇူလိုင် ၂၀ တွင် ULA/AA  က ကြေညာချက်ထုတ်ပြန်သည်။ 

ဇူလိုင် ၂၀ မှ သြဂုတ် ၄ အထိ ရက်သတ္တပတ် နှစ်ပတ် နေအိမ်တွင်နေထိုင်ရန် ကြေညာခဲ့ပြီး ဒုတိယအကြိမ်အဖြစ် သြဂုတ် ၅ မှ ၁၈ အထိ နှစ်ပတ်ကြာ ထပ်မံတိုးမြှင့်ခဲ့သည်။ ULA/AA က ကိုဗစ်ကာလစည်းကမ်းများ ထုတ်ပြန်ခဲ့ပြီး မလိုက်နာပါက ထိထိရောက်ရောက် အ‌ရေးယူသွားမည်ဟု ပါရှိသည်။

ထုတ်ပြန်ချက်ကို ရခိုင်ပြည်သူအများစုက လိုက်နာခဲ့သည်ကို တွေ့မြင်ရပြီး ULA/AA  စစ်ဦးစီးချုပ်ကလည်း ရခိုင်ပြည်သူ ၇၅ ရာခိုင်နှုန်းက လိုက်နာကြသည်ဟု ထုတ်ပြန်ပြောဆိုခဲ့သည်။

ထိုသို့ ULA/AA က ကိုဗစ်ကာကွယ်ရေး ဦးဆောင်လာခြင်းကြောင့် ကျေးလက်တောရွာများပါမကျန် သတ်မှတ်ထားသည့်စည်းကမ်းများအတိုင်း လိုက်နာနေထိုင်လာသည်ကို တွေ့ရကြောင်း ရခိုင်အရပ်ဘက်ခေါင်းဆောင်များကလည်း ပြောဆိုသည်။ 

ကိုဗစ်ဆိုင်ရာ စည်းကမ်းချက်များကို ဒေသခံတို့ လေးစားလိုက်နာကြသည်ဟု ဘူးသီးတောင်မြို့ မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအောင်သောင်းရွှေက ပြောသည်။  

“ULA က ကိုဗစ်ကာကွယ်ရေးအတွက် အိမ်မှာနေဖို့၊ မလိုအပ်ဘဲ အပြင်မထွက်ဖို့ နောက်တစ်ပတ် ထပ်တိုးလိုက်တာကတော့ လိုအပ်လို့ ထုတ်တာလို့ မြင်ပါတယ်။ အခုလည်း ကိုဗစ်က ကူးစက်မှုကျတယ်ဆိုပေမဲ့ သေဆုံးသူတွေလည်း ရှိနေသေးတယ်ဆိုတော့လေ။ ULA က စည်းကမ်းချက်တွေထုတ်ပြန်လိုက်လို့လည်း လူတွေ စည်းကမ်းတကျဖြစ်သွားတယ်လို့ ပြောလို့ရတယ်။ မြို့ပေါ်နဲ့ ကျေးလက်ရွာတွေမှာဆိုရင် ရွာတွေမှာက ပိုလို့ စည်းကမ်းတကျရှိတယ်လို့ ပြောလို့ရသေးတယ်။ မလိုအပ်ဘဲ အပြင်မထွက်ကြရဘူး။ ကိုယ့်ရွာကိုယ့်စည်းကမ်းနဲ့ ရွာဝင်ဂိတ်တွေနဲ့ဆိုတော့ ပိုလို့စနစ်ကျတယ်။ ပြီးတော့ အိမ်မှာနေရတဲ့ ကာလမှာလည်း ULA က ထုတ်ပြန်ထားတဲ့အတိုင်း မတတ်နိုင်သူတွေကို ဝိုင်းဝန်းပြီး ကူညီထောက်ပံ့ကြတာတွေရှိတယ်” ဟု ဦးအောင်သောင်းရွှေက ပြောသည်။   

စစ်တွေတွင် ကိုဗစ်ကူးစက်မှုနှုန်းကျလာကြောင်း စစ်တွေမြို့ခံနှစ်ဦးကလည်း ပြောသည်။ 

လိုက်နာသူများရှိသော်လည်း ရခိုင်ပြည်နယ်၏ မြို့တော်စစ်တွေတွင် လူစုလူဝေးဖန်တီးနေသည့် စားသောက်ဆိုင်၊ အရက်ဆိုင်၊ ဂိမ်းဆိုင်နှင့် တခြားလူစုသည့်နေရာများ၌ ဇူလိုင် ၂၇ နှင့် ၂၈ နှစ်ရက်ဆက်တိုက် အသံဗုံးပေါက်ကွဲခဲ့ပြီး အသံဖြင့် သတိပေးခြင်းဖြစ်သည်ဟု AA က ပြောသည်။

ကိုဗစ်ကာကွယ်ရန်အတွက် စားဝတ်နေရေးကိစ္စ၊ ဈေးရောင်းဈေးဝယ်ကိစ္စ၊ နာရေးကိစ္စနှင့် မဖြစ်မနေသွားလာရမည့် ကိစ္စများအတွက် သွားလာရမည်ဆိုပါက ကိုဗစ်စည်းကမ်းနှင့်အညီ သွားလာကြရန်လည်း ULA/AA က ယခင်ရက်များ ကတည်းက တိုက်တွန်းထားသည်။

ထို့အပြင် ကိုဗစ်ကာကွယ်ဆေးအား အခွင့်အရေးရပါက မဖြစ်မနေထိုးထားကြရန်နှင့် ကိုဗစ်ကာကွယ်ဆေးထိုးသည့် အချိန်အတွင်း လူစုလူဝေးရှောင်ရှားပြီး ကိုဗစ်စည်းကမ်းနှင့်အညီ ဆေးထိုးကြရန် လိုအပ်ကြောင်း ULA/AA က သြဂုတ် ၄ တွင် ထုတ်ပြန်သတိပေးခဲ့သေးသည်။

ရခိုင်ပြည်နယ်တွင်  မေ ၁၂ မှ သြဂုတ် ၁၉ အထိ ကိုဗစ်ကူးစက်ခံရသူ ၃၇၃၇  ဦးရှိပြီး သေဆုံးသူ ၃၅၅ ဦးရှိကြောင်း ရခိုင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားသည့်စာရင်းအရ သိရသည်။ ယမန်နေ့အထိ ကိုဗစ်ကူးစက်မှုကြောင့် သေဆုံးသူ ရှိနေဆဲဖြစ်ကြောင်း၊ မြောက်ဦးတွင် တစ်ဦး၊ ကျောက်တော်တွင် ၂ ဦး၊ ရမ်းဗြဲ တစ်ဦး၊ သံတွဲ ၂ ဦး၊ ဂွတွင် တစ်ဦးရှိကြောင်း ပြည်နယ်စစ်ကောင်စီက ထုတ်ပြန်ထားသည်။ 

စစ်ပွဲများရပ်တန့်နေသော ရခိုင်ပြည်နယ်တွင် AA ၏ ဩဇာအာဏာသည် ရခိုင်လူထုအပေါ် သက်ရောက်မှုရှိလာပြီး ဥပဒေအရေးများလုပ်ဆောင်ရန် ကြိုးပမ်းနေသောကြောင့် စစ်ကောင်စီကလည်း တပ်များတိုးချဲ့ကာ ထိန်းချုပ်ရန် ကြိုးပမ်းနေသည်။ 

Show More

Related Articles

Back to top button