ဇန်နဝါရီ ၂၆ နံနက် ၉ နာရီမှ စတင်ပြီး တစ်နာရီနီးပါးကြာသည့် တိုက်ပွဲဖြစ်ပွားချိန်တွင် ပထမတန်းကျောင်းသား မောင်နိုင်စိုးသည် သူ၏နေအိမ်တွင် ထမင်းစားနေပြီး မည်သည့်ဘက်က ပစ်လိုက်မှန်း မသိသည့် ကျည်ဆံသည် ကလေးငယ်၏ ဦးခေါင်းကို ရှပ်ပြီးထိမှန်ခဲ့သည်ဟု ဦးလေး ဦးကျော်သိန်းက ပြောသည်။
ပြီးခဲ့သည့် စနေနေ့က ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် သမီးလှကျေးရွာတွင် ဖြစ်ပွားခဲ့သည့် တပ်မတော်နှင့် ရခိုင်လက်နှက်ကိုင် AA တို့၏တိုက်ပွဲအတွင်း ဦးခေါင်းကျည်ဆံ ထိမှန်ခဲ့သည့် အသက် ၇ နှစ်အရွယ်ကလေးငယ်သည် ယမန်နေ့က ရန်ကုန်သို့ ဆေးကုသမှုခံယူရန် လာရောက်စဉ် လမ်းတွင် ကွယ်လွန်သွားခဲ့သည်။
ဇန်နဝါရီ ၂၆ နံနက် ၉ နာရီမှ စတင်ပြီး တစ်နာရီနီးပါးကြာသည့် တိုက်ပွဲဖြစ်ပွားချိန်တွင် ပထမတန်းကျောင်းသား မောင်နိုင်စိုးသည် သူ၏နေအိမ်တွင် ထမင်းစားနေပြီး မည်သည့်ဘက်က ပစ်လိုက်မှန်း မသိသည့် ကျည်ဆံသည် ကလေးငယ်၏ ဦးခေါင်းကို ရှပ်ပြီးထိမှန်ခဲ့သည်ဟု ဦးလေး ဦးကျော်သိန်းက ပြောသည်။

အရေးပေါ်အခြေအနေဖြင့် ကြုံတွေ့ခဲ့ရသည့် ကလေးငယ်သည် ပြည်နယ်မြို့တော် စစ်တွေဆေးရုံတွင် ၂ ရက်ကြာကုသမှု ခံယူခဲ့သော်လည်း အသက်အန္တရာယ် စိုးရိမ်ရသဖြင့် ရန်ကုန်ဆေးရုံသို့ ပို့ဆောင်စဉ် စစ်တွေမှ ၂ နာရီခန့် ကားဖြင့်သွားရသည့် ကျောက်တော်မြို့အနီးတွင် ကွယ်လွန်သွားခြင်းဖြစ်သည်။
“ဘယ်သူ့ကိုမှလည်း ဘာမှမပြောချင်တော့ပါဘူး ” ဟု ဦးကျော်သိန်းက ပြောသည်။


မောင်နိုင်စိုးအလောင်းအား စစ်တွေဆေးရုံသို့ ပြန်လည်သယ်ဆောင်ကာ ရင်ခွဲရုံတွင် ထားရှိခဲ့ပြီး ယနေ့မနက်တွင် သူ၏ဇာတိရွာသို့ ပြန်လည်သယ်ဆောင်သွားမည်ဟု မိသားစုဝင်များကပြောသည်။
သမီးလှကျေးရွာတွင်ဖြစ်ပွားသည့်တိုက်ပွဲအတွင်း မောင်နိုင်စိုးအပါအဝင် အခြားအမျိုးသမီးနှစ်ဦးလည်း ဒဏ်ရာရခဲ့ပြီး ဒဏ်ရာ မပြင်းထန်သည့်အတွက် စိုးရိမ်စရာမရှိကြောင်း သမီးလှ ကျေးရွာသား ဦးမောင်သိန်းနုက ပြောသည်။


သေဆုံးသွားသည့် ကလေးငယ်အတွက် ဝမ်းနည်းကြောင်းအစီအစဉ်များ ပြုလုပ်ရန် ပြင်ဆင်နေသည်ဟု ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောသည်။
“ အခုဖြစ်နေတဲ့တိုက်ပွဲတွေ ငြိမ်းချမ်းသွားမှပဲ ဒီအခက်အခဲတွေ ဒီပြဿနာတွေကနေ မဲဆန္ဒရှင်ပြည်သူတွေက လွတ်မြောက်မှာပါ ” ဟု ၎င်းကပြောသည်။
ရသေ့တောင်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုများ ဆက်လက်ဖြစ်ပွားလျှက်ရှိပြီး ယမန်နေ့မနက် ၈ နာရီခန့်ကလည်း အုန်းချောင်းကျေးရွာအနီးတွင် တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ရက္ခိုင့်တပ်မတော် AA က ထုတ်ပြန်ထားသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။












