သတင်း

ပျူစောထီးဒေသ မြင်းခြံခရိုင်တွင် ရွာသား ၁ ဦး အဖမ်းခံရပြီးသေဆုံး

မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ ကျောက်ကန်၊ ညောင်ကန်၊ တည်ပင် ကျေးရွာများတွင် ယမန်နေ့ (ဩဂုတ် ၁၈)မှစ၍ စစ်တပ်က ဝင်မွှေနေပြီး သေဆုံးသူ ၁ ဦး၊ ဖမ်းဆီးခံရသူ ၂၀ ထက်မနည်း ရှိနေပြီဖြစ်ကြောင်း သက်ဆိုင်ရာ ဒေသခံ စုစုပေါင်း ၄ ဦးက အတည်ပြုသည်။

သေဆုံးမှုသည် စစ်တပ်ကျောထောက်နောက်ခံပြု အရပ်ဘက်လူမိုက်အဖွဲ့ (ပျူစောထီးအဖွဲ့)နှင့်လည်း ဆက်စပ်နေသည်ဟု ဒေသခံတို့က ယူဆနေသည်။

ယနေ့(ဩဂုတ် ၁၉) မွန်းလွဲ အချိန်တွင် စစ်တပ်က သေနတ်ပစ်ဖောက်၍ ဝင်ရောက်စီးနင်းခဲ့သည့် တည်ပင်ရွာတွင် ဒေသခံငါးဦး ဖမ်းဆီးခံလိုက်ရကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် အသက် ၄၀ အရွယ် တောင်ယာလုပ်ကိုင်နေသူ တစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသူများမှာ အသက် ၅၀ အရွယ် ဦးတိုးလှ၊ ၄၀ ဝန်းကျင် ဦးမောင်ငြိမ်း၊  ၃၀ အရွယ်များဖြစ်ကြသည့်​ ကိုဖိုးဇော်၊ ကိုမင်းမင်းနှင့် ကျေးရွာသို့ ယာယီရောက်ရှိနေသည့် အမည်မသိ အမျိုးသားတစ်ဦးတို့ဖြစ်ကြောင်း ၎င်းက အတည်ပြုသည်။

ထိုသို့ စီးနင်းမှုကြောင့် တည်ပင်ရွာတွင် သက်ကြီးရွယ်အိုများသာ ကျန်ရစ်ကြောင်း ထိုသူက ပြောသော်လည်း အသေးစိတ်ကိုမူ အတည်မပြုနိုင်သေးပေ။

“ရွာလုံးကျွတ်ထွက်ပြေးရတာ။ ထွက်ပြေးတဲ့သူတွေကိုလည်း သေနတ်နဲ့ လိုက်ပစ်တာ။ ဘုန်းကြီးပါ ထွက်ပြေးရတယ်” ဟု ၎င်းက ဆိုသည်။

ထို့အတူ မြင်းခြံမြို့၊ ဇီးပင်ကန်ကျေးရွာအုပ်စု၊ ကျောက်ကန်ရွာနေ ၃၅ နှစ်အရွယ် ကိုသက်နိုင်ဦးမှာ ယမန်နေ့ညနေက အဖမ်းခံရပြီး များမကြာမီ သေဆုံးခဲ့ရသည်ဟု ဒေသခံနှစ်ဦးက အတည်ပြုသည်။

ကျောက်ကန်ရွာရှိ ၎င်း၏ နေအိမ်နှင့် ကိုက် ၁၀၀ ခန့်သာကွာဝေးပြီး စစ်ကောင်စီတပ်စွဲထားသည့် မူလတန်းကျောင်းရှေ့မှ ညနေပိုင်း၌ ဆိုင်ကယ်ဖြင့် ဖြတ်သန်းစဉ် အကြောင်းပြချက်မရှိ ဖမ်းဆီးခံရကြောင်း၊ နောက်တစ်နေ့(ဩဂုတ်၁၉) နံနက်ပိုင်း၌ သေဆုံးသွားပြီဟု ကျေးရွ အုပ်ချုပ်ရေးမှူး ဦးလှမော်က မိသားစုထံ အကြောင်းကြားချိန်တွင် အလောင်းမှာ ကျေးရွာ သုသာန်ဇရပ်သို့ပင် ရောက်နေကြောင်း ၎င်းတို့က ပြောကြသည်။

စစ်ကောင်စီ တပ်စွဲထားပြီး ကိုသက်နိုင်ဦး ရိုက်နှက်စစ်ဆေးခံရသည့် မူလတန်းကျောင်းမျက်နှာချင်းဆိုင်တွင် ရွာအုပ်ချုပ်ရေးမှူး၏ နေအိမ်ရှိပြီး ယခုကဲ့သို့ လူသေဆုံးမှုဖြစ်စဉ်သည် ကျောက်ကန်ရွာတွင် ပထမဆုံးဖြစ်ကြောင်း၊ ရိုက်နှက်မှုကြောင့် ရရှိသည်ဟု ယူဆရသော ဒဏ်ရာအများအပြား အလောင်းတွင် တွေ့ရကြောင်း အထက်ပါ ဒေသခံနှစ်ဦးက ပြောသည်။

အုပ်ချုပ်ရေးမှူးသည် ပျူစောထီးအဖွဲ့နှင့် ဆက်စပ်နေသည်ဟု သူတို့က ယူဆသည်။

“သူ (ဦးလှမော်) လည်း သေနတ်ကိုင်တယ်။ သူ့လူတွေလည်း သေနတ်ကိုင်တယ်။ ပျူစောထီးတွေ။ အရင်က ရွာမှာ ဒီလိုသေဖူးတာ မရှိဘူး။ ဖမ်းဆီးရိုက်နှက်တာပဲရှိတယ်” ဟု တစ်ဦးက ပြောသည်။

ကုန်သည်တစ်ဦးဖြစ်သည့် ကိုသက်နိုင်ဦးတွင် ဇနီးနှင့် ငယ်ရွယ်သေးသည့် ကလေးငယ်များ ကျန်ရစ်ကြောင်း အထက်ပါ ဒေသခံနှစ်ဦးက ပြောသော်လည်း မိသားစုထံ တိုက်ရိုက်ဆက်သွယ်နိုင်ခြင်းမရှိသေး၍ အသေးစိတ်မသိရသေးပေ။

ရွာသားနှစ်ဦး၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး ရွာအုပ်ချုပ်ရေးမှူးကို မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရသေးပေ။

ဇွန်လကုန်ပိုင်းက ပျူစောထီးအဖွဲ့ထုတ်ပြန်သည့် ကြေညာချက်တွင် မြင်းခြံဒေသခံ ၃၈ ဦးကို ထည့်သွင်းခြိမ်းခြောက်ထားပြီး အဆိုပါ အမည်စာရင်း၌ ပါဝင်သည့် ဇနီးမောင်နှံသည် ခြိမ်းခြောက်မှုပေါ်လာပြီး ၆ ရက်အကြာ နေအိမ်တွင် ပစ်သတ်ခံလိုက်ရသည်။  

ထို့အပြင် မြင်းခြံခရိုင်၌ပင်ရှိသည့် တောင်သာမြို့ ညောင်ကန်ရွာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းကို ယမန်နေ့ (ဩဂုတ် ၁၈) မွန်းလွဲပိုင်းတွင် လူစိမ်းနှစ်ဦးက သေနတ်ဖြင့် ပစ်သတ်သွားပြီးနောက် ညနေ ၅ နာရီခန့်တွင် စစ်တပ်က ကျေးရွာကို ဝင်စီး၍ ၁၅ ဦးကို ဖမ်းသွားကြောင်း ဒေသခံတစ်ဦးက အတည်ပြုသည်။

စစ်ကားသုံးစီး၊ အချုပ်ကားတစ်စီးဖြင့် ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဒေသခံများကို နာမည်စာရင်းနှင့်တကွ လိုက်လံဖမ်းဆီးပြီး မသင်္ကာသူ လူငယ်အချို့ကိုမူ ရိုက်နှက်ခေါ်ဆောင်သွားကြောင်း၊ လက်ရှိတွင် ကျေးရွာရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်နှင့် အားပေးထောက်ခံသူအများအပြား ထွက်ပြေးတိမ်းရှောင်နေရကြောင်း ၎င်းက ဆက်ပြောသည်။

ဖမ်းဆီးခံရသူများထဲတွင် အသက် ၃၈ နှစ်ဝန်းကျင် မဌေးဝင်း၊ မမြင့်စန်းအပါအဝင် ၂၀ အရွယ် ကိုချစ်စန်းမောင်၊ ကိုမျိုးမြင့်အောင်၊ ၂၅ နှစ်အရွယ် ကိုဖိုးအောင်၊ ကိုထင်ကျော်တို့ဖြစ်ပြီး ကျန် ၉ ဦးမှာ အသက် ၃၀ မှ ၄၀ အရွယ် အမျိုးသားများဖြစ်ကြောင်း အထက်ပါ ဒေသခံက အတည်ပြုသည်။

ညောင်ကန်ဒေသခံတို့သည် မြင်းခြံ၌ နာမည်ကြီးဒလန်ရှင်းလင်းရေးအဖွဲ့ ဇီးရိုးပြောက်ကျားတပ်ဖွဲ့ဝင်များဟု စစ်ကောင်စီက စွပ်စွဲပြီး ဖမ်းသွားသည့်​​ လူငယ်အချို့ နေထိုင်သည့် ကျေးရွာဖြစ်ကြောင်း အထက်ပါ ဒေသခံက ပြောသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

“ကိုထွန်းဝင်းရဲ့ သတင်းပေးပို့မှုအကြောင်းအရာနဲ့ ပတ်သက်ပြီးလို့မှ ဒီလိုကိစ္စမျိုးတွေ ဖြစ်သွားတာပေါ့။ အဲဒီအတွက်ကြောင့်မို့ ရွာထဲကလည်း ကိုထွန်းဝင်းကို ဘယ်သူမှ ကျေနပ်နှစ်မြို့တာ မရှိဘူး” ဟု ၎င်းက ဆိုသည်။

အိမ်ခြေ ၄၂၀ကျော်ရှိသည့် ညောင်ကန်ရွာရှိ လူဦးရေ ၇၀၀ ကျော်တွင် ဦးရေမည်မျှ ရှောင်တိမ်းနေရသည်ကိုမူ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာဆန္ဒပြမှုများကို စစ်ကောင်စီက ရက်စက်စွာ ဖြိုခွင်း၊ နှိမ်နင်းနေသည့်ကာလ ခြောက်လကျော်လာချိန်တွင် မြင်းခြံခရိုင်အတွင်းရှိ ဒေသခံတို့ကလည်း ခုခံတော်လှန်နေကြပြီး စစ်ကောင်စီကလည်း အဖမ်းအဆီးကြမ်းနေသည်။

Show More

Related Articles

Back to top button