သတင်း

ဒီပဲယင်းအမတ် ၃ ဦးနေအိမ်များ စီးနင်းခံရ၊ အဖမ်းအဆီးတချို့ရှိ 

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လွှတ်တော်ကိုယ်စားလှယ် ၃ ဦး၏ နေအိမ်များကို ယနေ့ (သြဂုတ် ၁၈) နေ့လယ်၌ ရဲနှင့် စစ်သားများက ဝင်ရောက်စီးနင်းပြီး မိသားစုဝင်တချို့ကို ဖမ်းဆီးခေါ်ဆောင်သွားသည်။

ဒီပဲယင်းမြို့မှ ၁၀ မိုင်ခန့်အကွာရှိ စိုင်ပြင်မြို့တွင် နေအိမ်နှစ်ခုကို တစ်ပြိုင်နက်တည်း ဝင်ရောက်စီးနင်းခဲ့သည်ဟု ပါတီနှင့် နီးစပ်သူတစ်ဦးက မျက်မြင်များကို ကိုးကားပြီး ပြောသည်။ 

“ကိုယ်စားလှယ်နှစ်ယောက်အိမ်ကို ဝင်မွှေတယ်။ တစ်ပြိုင်တည်း အဖွဲ့နှစ်ခွဲပြီး ဝင်မွှေတာ။ ဦးဝင်းမြင့်အောင်ကတော့ မြို့နယ်ဥက္ကဋ္ဌဖြစ်တော့ ပါတီနဲ့ ပတ်သက်တဲ့ပစ္စည်းတွေ အကုန်တင်သွားတယ်။ အနီရောင်မှန်သမျှ အကုန်ယူတယ်ပေါ့ဗျာ” ဟု ထိုအမျိုးသားက ဆက်ပြောသည်။ 

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်အောင်၏ နေအိမ်ကို စီးနင်းရာတွင် ဇနီး ဒေါ်ခင်အုန်းမြင့်နှင့် သားတစ်ဦး၊ ညီဖြစ်သူ ဦးစန်းလင်းတို့ကို ဖမ်းဆီးသွားသည်ဟု ဒေသခံများထံမှ သိရသည်။ 

အမှတ် ၂ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမိုးမင်းဝင်း၏ နေအိမ် ဝင်ရောက်ရှာဖွေခံရပြီး ၎င်း၏ အစ်ကိုဖြစ်သူ ဦးမှတ်ဆန်းနှင့် တူတော်စပ်သူတစ်ဦးကို ဖမ်းဆီးသွားသည်။ 

ဓားစာခံအဖြစ် ဖမ်းဆီးခံရသူတို့ကို စိုင်ပြင်မြို့ရဲစခန်း၌ ထိန်းသိမ်းထားသည်ဟု ကြားသိရသော်လည်း Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။  

ယနေ့ နေ့လယ်ပိုင်းမှာပင် ဒီပဲယင်းမြို့ပေါ်ရှိ အမှတ် (၁) တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်နှင်းခိုင်စိုး၏ နေအိမ်ကိုလည်း စစ်ကောင်စီတပ်များ ဝင်ရောက်စီးနင်းခဲ့သည်ဟု နီးစပ်သူတစ်ဦးက Myanmar Now ကို ပြောသည်။

ဒေါ်နှင်းခိုင်စိုး၏ မိသားစုဝင်များမှာ ကိုဗစ်နိုင်တင်း (Covid-19) ရောဂါ ကူးစက်ခံထားရပြီး အောက်စီဂျင်ရှုနေရသည့်အခြေအနေဖြစ်သည့်အတွက် ဖမ်းဆီးခံရမှုမရှိကြောင်း ထိုအမျိုးသမီးက ဆိုသည်။

“ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ရဲ့အိမ်ကတော့ သူ့သားနဲ့ သူ့ဇနီးကို ခေါ်သွားတယ်လို့ သတင်းရတယ်။ (ဒေါ်နှင်းခိုင်စိုး) အိမ်က လူတွေကတော့ ကိုဗစ်ဖြစ်နေတာဆိုတော့ အောက်စီဂျင်တန်းလန်းနဲ့တော့ ခေါ်မသွားဘူးလို့ ကြားတယ်”ဟု ၎င်းမိသားစုနှင့် နီးစပ်သည့် အထက်ပါအမျိုးသမီးက ပြောသည်။

အိမ်သုံးလုံးကို ဝင်ရောက်မွှေနှောက်သည့် အကြောင်းရင်းနှင့် မည်သည့်ပစ္စည်းများ ယူဆောင်သွားသည်ကို မသိရသေးကြောင်း သူက ဆက်ပြောသည်။ 

ဇွန်လအတွင်းကလည်း ဒေါ်နှင်းခိုင်စိုး၏ နေအိမ်ကို စစ်တပ်နှင့် ရဲအင်အား ၁၃၀ ခန့်ဖြင့် ပထမအကြိမ် စီးနင်းခဲ့ပြီး ကွန်ပျူတာအပါအဝင် ပစ္စည်းတချို့ယူဆောင်သွားသည်ဟု ၎င်းထံမှ သိရသည်။

NLD အမတ် ၃ ဦးမှာ နေအိမ်များတွင် ရှိမနေဘဲ တိမ်းရှောင်နေကြသည်မှာ ကြာပြီဖြစ်သည်ဟု သိရသည်။ 

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ၎င်းတို့အလိုရှိသူကို သွားရောက်ဖမ်းဆီးချိန်တွင် မတွေ့ရှိပါက မိသားစုဝင်များကို ဓားစာခံအဖြစ် ဖမ်းဆီး၊ တရားစွဲ၊ ချုပ်နှောင်ထားသည့်လုပ်ရပ်များ မကြာခဏ ပြုလုပ်နေသည်။

NLD ကို ထောက်ခံသည့်ဒေသဖြစ်သည့် ဒီပဲယင်းမြို့နယ်သည် စစ်ကောင်စီဆန့်ကျင်ဆန္ဒပြမှု အားကောင်းသည်။ ဒီပဲယင်းဒေသ ကျေးရွာများကို စစ်တပ်က ဝင်ရောက်မွှေနှောက်လေ့ရှိပြီး ပြီးခဲ့သည့် ဩဂုတ်လ ၈ ရက်မှစ၍ ကျေးရွာများကို တစ်ကျော့ပြန် စီးနင်းဖျက်ဆီးနေသည်။ 

အလားတူ NLD ပါတီ အနိုင်ရရှိခဲ့သော ၂၀၂၀ ရွေးကောက်ပွဲကို မဲစာရင်းမှားသည်ဟု အကြောင်းပြကာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးစီးသော စစ်တပ်က အာဏာသိမ်းကာ NLD ပါတီခေါင်းဆောင်ပိုင်းများ၊ စစ်တပ်ကို အန်တုသူများကို ဖမ်းလိုက်သည်။

နောက်ပိုင်းတွင် အာဏာသိမ်းမှုဆန့်ကျင်သူများကိုပါ အကြမ်းဖက်ဖမ်းဆီးခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးသည် အသက် ၆၅ နှစ်ပြည့်ပင်စင် မဖြစ်မနေယူကာ ကာကွယ်ရေးဦးစီးချုပ်ရာထူး လက်လွှတ်ခံရမည်ကို စိုးရိမ်ခြင်း၊ နိုင်ငံရေးအာဏာရယူလိုခြင်းကြောင့် အာဏာသိမ်းကာ အရေးပေါ်အခြေအနေ ဖန်တီးခြင်းဖြစ်သည်ဟု အများက သဘောပေါက်ထားသည်။

Show More

Related Articles

Back to top button