သတင်း

ခြေဥပြင်ရေးကော်မတီဖွဲ့မည့် NLD အမတ်၏အဆို လုပ်ထုံးလုပ်နည်းနှင့်မညီဟု တပ်ကိုယ်စားလှယ်ဝေဖန်

ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ခု ဖွဲ့စည်းရန် NLD အမျိုးသားလွှတ်တော်အမတ် ဦးအောင်ကြည်ညွန့်က အရေးကြီးအဆို တင်သွင်းခဲ့ခြင်းသည် လုပ်ထုံးလုပ်နည်းနှင့် လွဲမှားနေသည်ဟု တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်က ပြောကြားလိုက်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်ပြီး အဆိုပါဥပဒေတွင် လုပ်ထုံးလုပ်နည်းများအတိုင်း ဥပဒေမူကြမ်းကို တင်ပြရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအရနှင့် နည်းဥပဒေများတွင်လည်း လွှတ်တော်ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်း လက်မှတ်ရေးထိုးထားသည့် ဥပဒေမူကြမ်းများအဖြစ် တင်ပြရမည်ဖြစ်ကြောင်း၊ ယခုအချိန်တွင် မည်သည့်အချက်ကို ပြင်မည်၊ မည်သို့တင်လာမည်ကို မသိရကြောင်း၊ ပြင်ဆင်ရေးကိုလည်း ဥပဒေမူကြမ်း တင်ပြပြီးမှသာ ဆက်စပ်လေ့လာ ဆောင်ရွက်ရမည်ဖြစ်သောကြောင့် လုပ်ထုံးလုပ်နည်းများနှင့် လွှဲမှားနေသဖြင့် စဉ်းစားဆောင်ရွက်ရန် အဆိုပါ တပ်မတော်သားကိုယ်စားလှယ်မှ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသည်။

ပြည်ထောင်စုလွှတ်တော် နာယကဖြစ်သူ ဦးတီခွန်မြတ်က ယခုဆောင်ရွက်ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ရေးအတွက် ပထမအဆင့်အနေဖြင့် ပြည်ထောင်စုလွှတ်တော်ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အဖွဲ့ဖွဲ့ကာ ဆောင်ရွက်ခြင်းသာဖြစ်ပြီး အသေးစိတ်ကို ယနေ့လွှတ်တော်ဆွေးနွေးမှုကဏ္ဍများ ပြီးဆုံးချိန်တွင် ဆက်လက် ဆောင်ရွက်ရမည်ဖြစ်ပြီး အဆိုရှင်တင်ပြမည့်အချက်များကိုလည်း နားထောင်ပြီးမှ ကန့်ကွက်လိုသည်များရှိပါက ကန့်ကွက်နိုင်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ခု ဖွဲ့စည်းရေးအတွက် ယနေ့ညနေပိုင်း လွှတ်တော်တွင် ဆက်လက်ဆွေးနွေးဖွယ်ရှိပြီး အကြိတ်အနယ်ဖြစ်လာနိုင်သည့် ယင်းဆွေးနွေးမှုများကို နိုင်ငံရေးလေ့လာသူများကလည်း စောင့်ကြည့်နေကြသည်။

Show More

Related Articles

Back to top button