အလစ်အငိုက် တိုက်ခိုက်ခံလိုက်ရသော တောင်တွင်းကြီးမြို့

ပဋိပက္ခများတွင် အခြေခံအကြောင်းတရားရှိတတ်သော်လည်း တောင်တွင်းကြီးဆူပူအကြမ်းဖက်မှုမှာ အကြောင်းပြချက်မရှိဘဲ ပေါ်ပေါက်လာသည်

Published on Sep 16, 2017
Published on Sep 16, 2017
မငြိမ်မသက်မှုအပြီး ၂ ရက် အကြာတွင် တွေ့ရသော တောင်တွင်းကြီးမြို့ မြင်ကွင်းတချို့ (ဓာတ်ပုံ- အောင်ငြိမ်းချမ်း/Myanmar Now)
မငြိမ်မသက်မှုအပြီး ၂ ရက် အကြာတွင် တွေ့ရသော တောင်တွင်းကြီးမြို့ မြင်ကွင်းတချို့ (ဓာတ်ပုံ- အောင်ငြိမ်းချမ်း/Myanmar Now)

တောင်တွင်းကြီး- မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့တွင် စက်တင်ဘာ ၁ဝ ရက်နေ့ညက မွတ်စလင်တို့၏ နေအိမ်၊ ဆိုင်ခန်းတို့ကို မည်သည့်နေရာက ထွက်ပေါ်လာမှန်း မသိရသည့် လူအုပ်ကြီးက ဝင်ရောက် ဖျက်ဆီးကြရာ ထိုမြို့တွင် အနှစ် ၂ဝ ကျော် နေထိုင်လာသူ ကိုမြင့်စိုးလေးအတွက် ကမ္ဘာပျက်သလို ဖြစ်သွားသည်။

မြို့တွင်း လှည့်လည်နေသော လူအုပ်ကြီးက သူ၏ ဖုန်းနှင့်ကုန်မာဆိုင်ရှေ့ရောက်လာပြီး လေးကြိမ်တိုင် ဝင်ရောက်ဖျက်ဆီးသည်ကိုလည်း ကိုယ်တိုင်မြင်တွေ့လိုက်ရသည်။

ထိုညက ဆိုင်ပိတ်ရန် ပြင်ဆင်နေစဉ် နှမဖြစ်သူက အနားမှအိမ်တစ်လုံး ခဲဖြင့်ထုခံနေရပြီဟု ဖုန်းလှမ်းဆက်သည်။ ထိုအချိန်တွင် မျက်နှာအုပ်ပြီး ရုပ်ဖျက်ထားသူ ၃ဝ ကျော်က အစ္စလမ်ဘာသာဝင်တို့၏ ဆိုင်ကြီးဆိုင်ငယ်များကို ဖျက်ဆီးနေသဖြင့် သူလည်း ဆိုင်တံခါးသော့ခတ်၊ မီးအမှောင်ချကာ တိတ်တိတ်လေး နေလိုက်ရသည်ဟု ကိုစိုးမြင့်လေးက ပြောသည်။

ဆိုင်ကယ်၊ ဆိုင်းဘုတ်၊ ခုံ၊ ဆိုင်တံခါးတို့ကို ထုရိုက်သံများ ၁ဝ မိနစ်နီးပါးခန့် ထွက်ပေါ်လာပြီးနောက်တွင် မွတ်စလင်ဖြစ်သူ မည်သူ့အိမ်ကို သွားရောက် ဖျက်ဆီးကြမည်ဟု လူအုပ်ထံမှပြောဆိုသံကို သူကြားနေရသည်။

“ဒုတိယအကြိမ်ပြန်လာတော့ ကျွန်တော်က ဆိုင်နောက်က ကျွန်တော့်အဖွားအိမ်ထဲမှာ ပုန်းနေပြီ။ ဆိုင်ရှေ့ လူ ရဝ လောက် ရောက်လာတယ်။ ကျွန်တော်က အိမ်အပေါ်ထပ်က ခဏတက်ကြည့်တာမှာ အိမ်အပေါ်ကိုပါ ခဲတွေနဲ့ပစ်၊ လေးခွတွေနဲ့လှမ်းပစ်ရော” ဟု ကိုစိုးမြင့်လေးက ဆိုသည်။

“တတိယအကြိမ်လာတော့ သူတို့မှာ ဆိုင်တံခါးကိုဖွင့်ဖို့ သံတူရွင်းတို့၊ ရဲတင်းတို့ပါလာတယ်။ ဆိုင်ကို အတင်းဖွင့်တယ်။ နောက်ဆုံးတစ်ခေါက်မှာ ဆိုင်ထဲက ပစ္စည်းတွေပါ စိတ်တိုင်းကျ မွှေနှောက်ယူသွားတာ”

ပဋိပက္ခ ဖြစ်လာတော့မည်ဟူသော ကောလာဟလ ဒေသအများအပြားတွင် ထွက်လာပြီး ရက်အနည်းငယ်အကြာတွင် တောင်တွင်းကြီးမြို့ ဆူပူ အကြမ်းဖက်မှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။

တောင်တွင်းကြီးရှိ ဘာသာပေါင်းစုံအဖွဲ့များ၊ ပရဟိတလုပ်ကြသည့် မြို့မျက်နှာဖုံးများ စုပေါင်းစည်းဝေးပြီး လူငယ်ထုအကြား အချင်းမများရေး ထိန်းသိမ်းကြရန် စီမံကြသော်လည်း ထိုညဘက် လမ်းပေါ် ရောက်လာသော လူအုပ်က မည်သည့် အကြောင်းပြချက်မျှ မပေးဘဲ မူစလင်တို့၏အဆောက်အအုံတချို့ကို ရုတ်တရက် အကြမ်းဖက်တိုက်ခိုက်ခဲ့သည်။

ညတွင်းချင်း ထိန်းသိမ်း လိုက်နိုင်သည့် အကြမ်းဖက်မှုတွင် နေအိမ် ၃ လုံး၊ ဆိုင်ခန်း ၅ ခန်းတို့ ဖျက်ဆီးခံလိုက်ရသည်ဟု အစိုးရက နောက်တစ်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

အကြမ်းဖက်သူများ

အဆိုပါ အကြမ်းဖက်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး မျက်မြင်တွေ့ရှိသူ ၂ဝ ကျော်ကို Myanmar Now က ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တွေ့ဆုံ မေးမြန်းခွင့် ရခဲ့သည်။ ကနဦးတွင် အကြမ်းဖက်သူအများအပြားက မျက်နှာကို ဖုံးအုပ် သို့မဟုတ် အမည်းရောင်သုတ်ပြီး ရုပ်ဖျက်ထားကြောင်း၊ နောက်ပိုင်း တွေ့ရသော လူအုပ်စုတွင် ပါဝင်သူတို့က ရုပ်ဖျက်ထားခြင်း မရှိကြောင်း၊ တုတ်၊ ဓားကိုင် ဖျက်ဆီးနေသူတချို့သည် မြို့ပေါ်တွင် နေထိုင်ကြသော အသက် ၂ဝ ဝန်းကျင် အမျိုးသားများဖြစ်ကြောင်း ၎င်းတို့က ပြောဆိုကြသည်။

အကြမ်းဖက်ရာတွင် ပါဝင်သူများမှာ အုန်းတော ၂၊ ရွှေကြာယင် အုပ်စု၊ ရွှေအိုးအုပ်စု စသည့် အရပ်များတွင် နေထိုင်ကြသည်ဟု မြို့ခံတချို့က ဆိုကြသည်။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ထိုအရပ်များသို့ သွားရောက် လေ့လာစဉ် ၎င်းတို့ ပုံမှန် လှုပ်ရှား သွားလာလျက်ရှိသည်ကို တွေ့မြင်ခဲ့ရသည်။

ဒေသခံတစ်ဦးဖြစ်သူ ဒေါက်တာကျော်ဆွေက အကြမ်းဖက်မှုဖြစ်စဉ်၏ နောက်တွင် စနစ်တကျ စီစဉ်သူ ရှိမည်ဟု သုံးသပ်သည်။

“သူတို့မှာ ဘယ်အိမ်ကိုပဲလုပ်ဆိုတဲ့ အမိန့်မျိုး ပါတယ်။ နောက် ဘယ်နေရာလုပ်နေတုန်း၊ ရဲတပ်ဖွဲ့တွေက လာတဲ့အချိန် ဘယ်နေရာကို ဘယ်လိုရှောင်ပြီး ဘယ်ရပ်ကွက်က အစ္စလမ်အိမ်ကို သွားလုပ်ရမယ်ဆိုတဲ့ဗျူဟာ ပါတယ်။ သိပ်ကို စနစ်ကျလွန်းတယ်။ စဖြစ်တာမှာလည်း အရင် မိတ္ထီလာ၊ မန္တလေး၊ ရခိုင်တို့ကလို ဘာအကြောင်းပြချက်မှမရှိဘဲ ဖြစ်တာ။ ဒါကိုကြည့်မယ် ဆိုရင် ဒီဟာက သေသေချာချာကို အကွက်ချလုပ်တာ သိသာတယ်” ဟု သူက ဆိုသည်။

“စစ်တပ်တွေပါ ထပ်ရောက်လာပြီး ဝင်ထိန်းတော့ ပထမဆုံးအုပ်စုဖြစ်တဲ့ မျက်နှာကို ပုံဖျက်ထားတဲ့အုပ်စုက ကိုယ်ယောင်ဖျောက်သွားပြီ။ မြို့ခံတွေပဲပါတဲ့အုပ်စုတွေပဲ ကျန်တော့တာ”

အကြမ်းဖက်မှုပေါ်ပေါက်ပြီး ၄ ရက် ကြာသည်အထိ မွတ်စလင် အများအပြားသည် နေအိမ်တွင် နေထိုင်ရန် မဝံ့ရဲသဖြင့် တခြားနေရာများတွင် ရွှေ့ပြောင်းနေထိုင်နေကြသည်ကို တွေ့ခဲ့ရသည်။

အထိအခိုက်မရှိဟု အစိုးရက သတင်းထုတ်ပြန်ထားသော်လည်း ပထမဆုံး တိုက်ခိုက်ခံရသည့် ဦးထိုက်နေအိမ်မှ အသက် ၈ဝ ကျော် အမျိုးသမီးတစ်ဦး ကပ်ကြေးဖြင့် အထိုးခံရပြီး ၄၅ နှစ်အရွယ် အမျိုးသမီး၏ ခြေသလုံးတွင်လည်း ဒဏ်ရာရခဲ့သည်ဟု ကိုစိုးမြင့်လေးက ဓာတ်ပုံမှတ်တမ်းများ ပြပြီး ပြောပြသည်။

Myanmar Now သတင်းထောက်များ အဆိုပါနေအိမ်သို့ သွားရောက်ခဲ့ရာတွင် အိမ်စောင့်အဖြစ်ရှိနေသူတို့က ကြောက်ရွံ့နေပြီး မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ခြင်းမရှိပေ။

ရဲတပ်ဖွဲ့၏ လုံခြုံရေးပေးမှု

တောင်တွင်းကြီးရဲတပ်ဖွဲ့က ဆူပူအကြမ်းဖက်မှုတွင် ပါဝင်သည်ဟု ယူဆရသူ ၇ ဦးကို ထိန်းသိမ်း စစ်ဆေးခဲ့သည်။ ၎င်းတို့ကို သေစေမှုအတွက် သို့မဟုတ် နာကျင်စေမှုအတွက် ပြင်ဆင်ပြီး ကျူးလွန်သည့် အကျိုး ဖျက်ဆီးမှု ပုဒ်မ ၄၄ဝ၊ အားပေးကူညီမှု ပုဒ်မ ၁၄၄၊ ရုန်းရင်းဆန်ခတ်မှု ပုဒ်မ ၁၄၇၊ ရုန်းရင်းဆန်ခတ်စသည်တို့ကို နှိမ်နင်းနေသော ဝန်ထမ်းတို့ကို လက်ရောက်မှုပြုခြင်း၊ ဟန့်တားခြင်း ပုဒ်မ ၁၅၂၊ ရုန်းရင်းဆန်ခတ်မှုဖြစ်စေရန် ကြံရွယ်ပြီး ရမ်းကားလိုသော သဘောဖြင့် ရန်စခြင်း ပုဒ်မ ၁၅၃ တို့ဖြင့် အရေးယူထားကြောင်း တောင်တွင်းကြီးမြို့ ရဲစခန်းထံမှ သိရသည်။

မြို့နယ်ရဲတပ်ဖွဲ့ အရာရှိတို့ကို ဆက်သွယ်မေးမြန်းရာ အစိုးရက သတင်းထုတ်ပြန်နေကြောင်းသာ ပြောပြီး နောက်ဆက်တွဲ အခြေအနေများ ပြောပြခြင်း၊ မှတ်ချက်ပေးခြင်း မပြုကြပေ။
မြို့လယ် ဗလီကို အကာအကွယ်ပေးရန် ရဲတပ်ဖွဲ့ဝင်များ စတင်နေရာယူစဉ် အကြမ်းဖက်သူတို့က ဗလီရှေ့ရှိ သုံးဘီးဆိုင်ကယ်ကို တွန်းလှဲဖျက်ဆီးပြီး မီးရှို့ရန် ကြိုးစားကြောင်း၊ ရဲတပ်ဖွဲ့၏တားမြစ်သံကို ဗလီအတွင်းမှ ကြားခဲ့ရကြောင်း ဗလီမှ ကျောင်းထိုင်ဖြစ်သူ ဦးဇော်ထွန်းက ပြောသည်။

“ဟေ့ကောင်တွေ မင်းတို့ မီးတော့မရှို့ကြနဲ့၊ ဒါပဲပြောတာ။ လုပ်တဲ့သူတွေကိုတော့ လမ်းမီးရောင်လေးနဲ့ပဲမို့ သဲသဲကွဲကွဲ မမြင်ရဘူး။ ဒါပေမယ့် အဲ့ဒီလူတွေဟာ မျက်နှာမှာ အဝတ်စီးပြီး ပုံဖျက်ထားသူတွေမဟုတ်ဘူးဆိုတာတော့ တွေ့ရတယ်” ဟု ဦးဇော်ထွန်းက ဆိုသည်။

ဗလီအတွင်းသို့ ခဲဖြင့် ပစ်ကြသော်လည်း ရဲတပ်ဖွဲ့ဝင်တို့ ဟန့်တားသည့်အတွက် ဗလီလုံခြုံရေးကို စိတ်အေးရကြောင်း၊ သို့သော်လည်း မူစလင်အိမ်များကို တိုက်ခိုက်နေကြောင်း ဖုန်းဆက်ပြောဆိုလာကြရာ လူနည်းစုတို့၏ ဘဝလုံခြုံရေးအတွက် စိတ်ပူခဲ့ရသည်ဟု သူက ဆက်ပြောသည်။

ထိုညဖြစ်ရပ်ကို မြင်တွေ့ခဲ့သူ တစ်ဦးဖြစ်သည့် ကိုအောင်ကျော်ကျော်က အလစ်အငိုက်ဖမ်း အကြမ်းဖက်မှုအတွက် ရဲတပ်ဖွဲ့က အဆင်သင့်ဖြစ်ခဲ့ပုံ မရကြောင်း၊ ရှိသည့်ရဲတပ်ဖွဲ့အင်အားဖြင့် တစ်မြို့လုံးကို ဖြန့်ထားရန်မှာလည်း မဖြစ်နိုင်သည့်အတွက် မြို့၏ အချက်အချာနေရာများကိုသာ အင်အားပြည့်သုံးပြီး လုံခြုံရေးဆောင်ရွက်ခဲ့ခြင်းဖြစ်မည်ဟု ယူဆကြောင်း ပြောသည်။

မျက်မြင်သက်သေတချို့က တိုက်ခိုက်သူများထဲတွင် မည်သူမည်ဝါ ပါဝင်နေသည်ကို သိသော်လည်း မိမိတို့လုံခြုံရေး စိတ်မချရသည့်အတွက် ရဲတပ်ဖွဲ့သို့ သွားရောက်သတင်းမပေးနိုင်ကြောင်း မှတ်ချက်ပြုသည်။

“တစ်လမ်းလုံးမှာ အစ္စလမ်ဘာသာဝင်တွေရဲ့အိမ် ၂ အိမ်လောက်ပဲရှိတာကိုတောင် စာရင်းအတိအကျနဲ့ သိနေ၊ လာဖျက်နေတယ် ဆိုကတည်းက ကိုယ့်မြို့မှာ ထဲထဲဝင်ဝင် သိနေတဲ့သူ ပါမှကိုဖြစ်မယ့်ဟာပဲဗျာ။ ဘယ်အပိုင်းက ဘယ်သူတွေ ဘယ်နေရာကို လာဖျက်ဆီးတဲ့အထဲပါတယ်ဆိုတာ ကျွန်တော်တို့ သိတယ်” ဟု အမည်မဖော်လိုသူ ဗုဒ္ဓဘာသာဝင် တစ်ဦးက ပြောသည်။

၂ဝ၁၂ ခုနှစ် ရခိုင်ပြည်နယ်ပဋိပက္ခ စတင်ဖြစ်ပွားစဉ် တောင်ကုတ်မြို့အသွား အဝေးပေးကားလမ်းပေါ်တွင် မွတ်စလင် ၁ဝ ဦး အသတ်ခံခဲ့ရသည်။ ထိုဖြစ်စဉ်တွင် တောင်တွင်းကြီးမှ ၆ ဦး ပါဝင်ခဲ့သော်လည်း နေရပ်တွင် ပြဿနာ မဖြစ်ခဲ့ကြောင်း သွားနှင့်ခံတွင်းဆရာဝန် ဒေါက်တာကျော်ဆွေက ရှင်းပြသည်။

ထိုအမှု နောက်ပိုင်း ပေါ်ပေါက်လာသော မန္တလေးအရေးအခင်း၊ မိတ္ထီလာအရေးအခင်းတို့က တောင်တွင်းကြီးသို့ ကူးစက်ခြင်း မရှိခဲ့ဘဲ စက်တင်ဘာ ၁ဝ ရက်နေ့ညတွင် ပဋိပက္ခ ရုတ်တရက် ပေါ်ပေါက်လာခြင်းသည် တောင်တွင်းကြီး၏ ဂုဏ်ကို ထိခိုက်သည်ဟု ခံစားမိကြောင်း မြို့မိမြိုဖဖြစ်သူ ဒေါက်တာကျော်ဆွေက ပြောလိုက်သည်။

ထက်ခေါင်လင်းသည် Myanmar Now သတင်းဌာန၏ အကြီးတန်းသတင်းထောက်ဖြစ်သည်။

 

 

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading