သတင်း

၄၄ လမ်းဖြစ်စဉ်မှ ကံကောင်းထောက်မစွာ လွတ်မြောက်ခဲ့သူ

ရန်ကုန်၊ ဗိုလ်တထောင်မြို့နယ် ၄၄ လမ်းရှိ တိုက်ခန်းတစ်ခုကို ဩဂုတ် ၁၀ ရက်တွင် စစ်ကောင်စီက ဝင်ရောက်စီးနင်းရာတွင် ကျည်ထိမှန်သေဆုံးသည်ဟု သတင်းထွက်ခဲ့သူ ကိုကောင်းမင်းသန့်(ခ) Flex သည် တစ်ပတ်ခန့်အကြာတွင် လွတ်မြောက်နယ်မြေတစ်ခုသို့ ရောက်ရှိနေပြီဖြစ်သည်။

စီးနင်းခံရမှုအတွင်း တိုက်ပေါ်မှ ခုန်ချပြုတ်ကျခဲ့သည့် လူငယ်ငါးဦးအနက် နှစ်ဦးမှာ ပွဲချင်းပြီးသေဆုံးခဲ့ကာ ဒဏ်ရာများဖြင့် စစ်ဆေးရုံသို့ ရောက်နေသူ သုံးဦးနှင့် စပ်လျဉ်း၍ မည်သည့်သတင်းမျှ စုံစမ်း၍မရတော့ချိန်တွင် ကံသီ၍ လွတ်မြောက်ခဲ့သူ ကိုကောင်းမင်းသန့်က ထိုနေ့က ဖြစ်စဉ်ကို ပြန်ပြောပြနိုင်သူတစ်ဦး ဖြစ်လာသည်။

ထိုနေ့က ပေ ၅၀ ကျော် အမြင့်ရှိမည်ဟု ခန့်မှန်းရသည့် နေအိမ်ခေါင်မိုးပေါ်တွင် ၁၂ နာရီ နီးပါးကြာအောင် ပုန်းအောင်းခဲ့ပြီးနောက်တွင် ယခုကဲ့သို့ စစ်ကောင်စီလက်မှ လွတ်အောင် ထွက်ပြေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း ကိုကောင်းမင်းသန့်က ပြောသည်။

“သေနတ်နဲ့ပစ်တယ်။ တစ်ချက်တော့ ကြားလိုက်တယ်။ ဘယ်သူ့ကို မှန်လဲတော့ မသိဘူး။ ကျွန်တော့်ကို မှန်တာတော့ မဟုတ်ဘူး။ ကျွန်တော့်ကို မှန်တယ်ဆိုတာလဲ သတင်းမီဒီယာတစ်ခုကနေ ပွသွားတာ” ဟု ၎င်းက ပြောသည်။

ဘယ်လိုခြေရာခံမိသွားသလဲ

ပုဇွန်တောင်၊ ဗိုလ်တထောင်သပိတ်ကော်မတီတွင် ပါဝင်လှုပ်ရှားနေသည့် ၎င်းတို့အဖွဲ့ ပုံမှန်ငှားစီးနေကျ အငှားယာဉ်နံပါတ်ကို ဩဂုတ်လ ၉ ရက်က ပုဇွန်တောင်ဈေးရှေ့ရှိ CCTV တစ်ခုမှတစ်ဆင့် စစ်ကောင်စီက ရသွားပြီး ယာဉ်မောင်းကို ဖမ်းမိသွားရာမှ ထိုသို့အဖြစ်ကြုံခဲ့ရသည်ဟု ကိုကောင်းမင်းသန့်က ပြောသည်။

ယာဉ်နံပါတ် ထောက်လှမ်းမိသွားသည်ကို သိ၍မဟုတ်သော်လည်း ထိုနေ့ကတည်းက အငှားယာဉ်မောင်း ဦးကျော်ဆိုသူကို ၎င်းတို့ထံ မလာရန် မှာထားကြောင်း၊ သို့သော် နောက်တစ်နေ့ နံနက်ပိုင်းတွင် (ဝင်ရောက်စီးနင်းခံရသည့်နေ့) ကားဆီဖိုးတောင်းရန်ဟူသော အကြောင်းပြချက်ဖြင့် ယာဉ်မောင်းက ဆက်သွယ်လာကြောင်း သူက ပြောသည်။ 

“ကျွန်တော်တို့က ထွက်မပေးချင်ဘူး။ ထွက်မပေးချင်တော့ ကျွန်တော်တို့က ရှောင်ချင်ပြီ။ Wave ကနေ လွှဲလိုက်မယ်။ သူ့ကို ပြန်ခိုင်းလိုက်မယ်လို့ စီစဉ်ပြီး သူ့ဖုန်းကို ဘလော့လိုက်တယ်” ဟု ကိုကောင်းမင်းသန့်က ပြောသည်။

သို့သော် ထိုသို့ဆုံးဖြတ်ပြီးချိန်အတွင်း ပုဇွန်တောင်နှင့် ဗိုလ်တထောင်မြို့နယ်များ၌ ဗုံးငါးလုံးပေါက်ကွဲခဲ့သဖြင့် စစ်ကောင်စီက လမ်းများကို ပိတ်လိုက်ရာ ထွက်ပြေးရန် ခက်သွားသည်ဟု ၎င်းက ဆက်ပြောသည်။

ထို့ကြောင့် ၎င်းတို့အဖွဲ့မှ ကိုဝေဖြိုးအောင်ကို လမ်းကြောင်းအခြေအနေ စုံစမ်းရန် ကုန်သည်လမ်းပေါ်ရှိ ဘိုကလေးဈေးကားမှတ်တိုင်သို့ လွှတ်လိုက်စဉ် အိမ်သုံးအဖြူရောင် Alphard ယာဉ်တစ်စီး ရောက်လာ၍ ဖမ်းဆီးသွားသည်ဟု ပြန်သိရကြောင်း ကိုကောင်းမင်းသန့်က ပြောသည်။

“အဲဒီမှာ အိမ်သိသွားပြီဗျာ။ အိမ်နဲ့ အိမ်ကလူအရေအတွက် သေချာသိသွားပြီဗျာ” ဟု ၎င်းက ပြောသည်။

အကြမ်းဖက်စီးနင်းခံရခြင်း

၄၄ လမ်းရှိတွင် တိုက်ခန်းတွင် မဝေဝေမြင့်၊ မပိုးကျော့ကျော့ခန့်၊ ကိုဝေဇော်ထက်၊ ကိုဝေယံထက်၊ ကိုမင်းသစ္စာအောင်(ခ) ဗလ၊ ကိုရဲမင်းဦး(ခ)ရဲကြီး၊ သီဟကောင်းဆက်၊ ကိုကောင်းမင်းသန့်၊ စုစုပေါင်း ၈ ဦးရှိနေသည်ဟု သိရသည်။ 

စစ်ကောင်စီက ဝင်ရောက်စီးနင်းခြင်းမပြုမီ ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကို အင်အားအလုံးအရင်းဖြင့် ပိတ်ဆို့ပြီးနောက် တိုက်ခန်းရှိရာ ၄၄ လမ်းထိပ် နှစ်ဖက်စလုံးနှင့် နောက်ဖေးလမ်းကြားထွက်ပေါက်များပါမချန် လုံခြုံရေးများချထားလိုက်သည်ဟု ကိုကောင်းမင်းသန့်က ပြောသည်။

“ဖမ်းတယ်ဆိုရင် ရိုးရိုးတန်းတန်းလာမယ်။ ရဲလောက်ပဲ လာပြီးတော့ လက်ထိတ်တွေဘာတွေခတ်ပြီးတော့ ဖမ်းမယ်။ အခုကကျတော့ သေနတ်တွေဘာတွေနဲ့ အသင့်အနေအထားနဲ့ဗျာ။ ကျွန်တော်တို့ တစ်ခုခု ရုန်းရင်းဆန်ခတ်ဖြစ်ရင်းနဲ့ သွားရိုက်မိတဲ့အခါမျိုးကျရင် ဒီကောင်တွေက ပစ်သတ်မယ့်ပုံမျိုးရှိတယ်” ဟု ၎င်းက ဆိုသည်။

မွန်းလွဲ ၃ နာရီခန့်တွင် တိုက်အောက်သို့ အဖြူရောင် Alphard ကားတစ်စီးဖြင့် အရပ်ဝတ်များရောက်ရှိလာပြီး တိုက်ပေါ်သို့ တက်လာချိန်တွင် ကိုကောင်းမင်းသန့်က ဝရန်တာမှ ထွက်ကာ ခေါင်မိုးပေါ်တက်၍ ပုန်းအောင်းလိုက်နိုင်ခြင်းဖြစ်သည်။

“ဝရန်တာကနေပြီးတော့ ဘေးကနေ ကြောင်လျှောက်လမ်းကနေ ဆင်းပြီးတော့ ကျွန်တော် ခေါင်မိုးပေါ်ကို တက်တယ်” ဟု ၎င်းက ပြောသည်။

ထို့နောက် ကိုရဲမင်းဦး၊ မဝေဝေမြင့်၊ ကိုဝေဇော်ထက်၊ ကိုဝေယံထက်၊ ကိုမင်းသစ္စာ အောင်(ခ)ဗလတို့ တိုက်ခန်းပေါ်မှ ခုန်ချသည်ကို မမြင်လိုက်ရသော်လည်း ခေါင်မိုးမှတစ်ဆင့် နောက်ဖေးဘက်သို့ သွားကြည့်ချိန်တွင် ငါးဦးစလုံး ပြုတ်ကျနေသည်ကို တွေ့ရကြောင်း ကိုကောင်းမင်းသန့်က ပြောသည်။

“ဘယ်လောက်မှ မကြာဘူး စက္ကန့်ပိုင်းလေးပဲ။ တစ်မိနစ်မပြည့်ခင်လောက်မှာပဲ အကုန်ဖြစ်သွားတာ” ဟု ၎င်းက ပြောသည်။

ထို့ပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မဝေဝေမြင့်၏ ရုပ်အလောင်းကို နေရာပြောင်းလိုက်ပြီး ခန္ဓာကိုယ်အောက်ပိုင်းပေါ်နေသည့် ဓာတ်ပုံများကို ရည်ရွက်ချက်ရှိရှိ ရိုက်ကူးဖြန့်ဝေကာ ပုံဖျက်ခဲ့သည်ဟု ကိုကောင်းမင်းသန့်က ဆက်ပြောသည်။

“ဒီကောင်တွေဘက်က လွှင့်သမျှ အကုန်အမှားတွေချည်းပဲ။ အဲဒီကိစ္စကို အမှန်အတိုင်းသိတာဆိုလို့ ကျွန်တော်တစ်ယောက်ပဲ ကျန်တော့တယ်။ အဲဒါကြောင့်မို့လို့ ဒီကောင်တွေလိမ်ထားတာကို အထုပ်ဖြေမှာစိုးလို့ ကျွန်တော့်ကို သဲကြီးမဲကြီးရှာတာ။ ငါးယောက်ပြုတ်ကျတာရယ်၊ အလွတ်ကြီးခုန်ချတာရယ်ဆိုတာပဲ မှန်တယ်။ ကျန်တဲ့ဥစ္စာတွေက အမှားတွေ” ဟု ၎င်းက ပြောသည်။

ထို့အတူ ခုန်ချပြီးနောက် အသက်မသေသေးသည့် ၎င်း၏ မိတ်ဆွေများကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရိုက်နှက်နေသည့် အသံများကြားခဲ့ရကြောင်း ကိုကောင်းမင်းသန့်က ဆက်ပြောသည်။

“ပြေးမယ်ဆို ကျွန်တော်တို့ လွတ်အောင်ပြေးမယ်။ ကျွန်တော်တို့ ခဏခဏ အဲလိုမျိုး အလိုက်ခံရတာ ရှိတယ်။ ကျွန်တော်တို့ လွတ်အောင်ပြေးခဲ့တယ်။ ဒါပေမယ့် လုံးဝမလွတ်တော့တဲ့အချိန်မှာ အသေပဲခံလိုက်မယ်ဆိုတဲ့ သဘောတူညီချက်က ရှိပြီးသား” ဟု ၎င်းက ဆိုသည်။

မွန်းလွဲ ၃ နာရီခန့်မှစ၍ နောက်တစ်ရက်(ဩဂုတ်၁၁) နံနက် သုံးနာရီခွဲခန့်အထိ အဆိုပါတိုက်ခန်းရှိ ခေါင်မိုးတွင် ၁၂ နာရီခန့်ကြာအောင် ပုန်းအောင်းနိုင်ခဲ့၍သာ သူလွတ်မြောက်ခဲ့ခြင်းဖြစ်သည်ဟု ကို ကောင်းမင်းသန့်က ပြောသည်။

“သုံးနာရီခွဲလောက်မှ နည်းနည်းခိုင်ခံ့တဲ့ တံစက်မြိတ်ခေါင်မိုးကနေ ကျွန်တော်တွယ်ဆင်းတယ်။ လေးနာရီ ငါးနာရီလောက်ကျတော့ (လမ်းပေါ်မှာ) လူတွေဘာတွေစုံတော့ ကားကြားထဲကနေ ပြေးပြီးတော့ ကျွန်တော့်ကို မရှာမယ့်နေရာကို ကျွန်တော်ရောက်သွားခဲ့တာပေါ့။ အိမ်ကိုတော့ ကျွန်တော်လုံးဝမပြန်ခဲ့ဘူး” ဟု ၎င်းက ပြောသည်။

အဆိုပါ ဖြစ်စဉ်ပြီးနောက် သုံးရက်အကြာ(ဩဂုတ် ၁၃)တွင် သေပြီဟု သတင်းထွက်နေသဖြင့် ရုပ်အလောင်းပြန်ရရန် မိသားစုဝင်များက ဗိုလ်တထောင်ရဲစခန်းသို့ သွားရောက်စုံစမ်းရာ ငွေကျပ် ၂၆ သိန်းတောင်းသည်နှင့် ကြုံရသေးသည်ဟု ကိုကောင်းမင်းသန့်က ပြောသည်။

“အိမ်က မပေးနိုင်တော့ မပေးဘူး။ ဒီတိုင်းပဲ ထားထားခဲ့လိုက်တဲ့အချိန်မှာ ကျွန်တော်ရှင်ပြီဆိုတာ သူတို့သိသွားခဲ့တယ်” ဟု ၎င်းက ဆိုသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

လက်ရှိတွင် လွတ်မြောက်နယ်မြေတစ်နေရာသို့ ရောက်ရှိနေသည့် ကိုကောင်းမင်းသန့်က စစ်အာဏာရှင်တော်လှန်ရေးတွင် ဆက်လက်ပါဝင်သွားမည်ဟု ဆိုသည်။ 

“ဒီမှာရောက်နေရင် ဒီကတော်လှန်တဲ့ပုံစံအတိုင်းပဲ တော်လှန်မှာပေါ့။ မြို့မှာနေရင် မြို့မှာနေတဲ့ပုံစံအတိုင်း တော်လှန်မှာပေါ့” ဟု ၎င်းက ပြောသည်။  

Show More

Related Articles

Back to top button