သတင်း

မင်းကင်းမြို့တွင် အရက်မူးနေသော စစ်သားများက လူတစ်ဦးကို အနီးကပ်ပစ်သတ် 

စစ်ကိုင်းတိုင်း မင်းကင်းမြို့တွင် ယနေ့ (ဩဂုတ် ၁၇) မွန်းလွဲပိုင်း၌ အရက်မူးနေသော စစ်သားများက လူတစ်ဦးကို အနီးကပ်ပစ်သတ်ခဲ့ပြီး အခြားအမျိုးသမီးနှစ်ဦးလည်း ဒဏ်ရာရရှိခဲ့သည်ဟု အခင်းဖြစ်ပွားရာတွင် ရှိနေခဲ့သူနှင့် မင်းကင်းဒေသခံများထံမှ သိရသည်။ 

ချင်းတွင်းမြစ်ပေါ်ရှိ မင်းကင်းမြို့တွင် မုံရွာ − မင်းကင်း ပြေးဆွဲသည့် အမြန်ရေယာဉ်များဆိုက်ကပ်ရာ ဆိပ်ကမ်း၌ အခင်းဖြစ်ပွားခဲ့ခြင်းဖြစ်ကာ သေနတ်ဖြင့် အနီးကပ်ပစ်ခံရမှုကြောင့် ဆိပ်ကမ်းအုတ်ခုံပေါ် ထိုင်နေသူ အသက် ၃၉ နှစ်အရွယ် ကိုဇော်မျိုးမြင့် ပွဲချင်းပြီးသေဆုံးပြီး အနီးအနားရှိ အမျိုးသမီးတစ်ဦးလည်း သေနတ်ကျည်ဆန်ထိမှန်ခဲ့သည်။

ကိုဇော်မျိုးမြင့် ဆိပ်ကမ်းအုတ်ခုံပေါ်ထိုင်လျက် ကွမ်းစားနေစဉ် အရက်မူးနေသော စစ်သားများက နှာခေါင်းစည်းမတပ်သည်ကို ရန်ရှာလျက် အနီးကပ်ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု အခင်းဖြစ်ပွားရာတွင် ရှိနေခဲ့သူ ကျွန်းတောရွာသားတစ်ဦးက Myanmar Now ကို ပြောသည်။

“မလုပ်ပါနဲ့ဗျာလို့ သူတို့ကို (စစ်သားများ) ကျွန်တော်တောင်းပန်သေးတယ်။ ပြောပြောဆိုဆိုနဲ့ ဝိုင်းကန်၊ ရွာနာမည်မေးပြီးတော့ မောင်းဆွဲပစ်တာဆိုတော့ ကျွန်တော်လည်း အံ့ဩသွားတာပဲ။ တဒင်္ဂလေးပဲ ဖြစ်သွားတာ။ ခေါင်းကတော့ တစ်ခြမ်းတော့ ပွင့်ထွက်သွားတာပဲ” ဟု ၎င်းက ပြောသည်။ 

စစ်သားနှစ်ဦးက နှာခေါင်းစည်းတပ်ခိုင်းစဉ် နေရပ်မေးမြန်းရာတွင် ပထမ မင်းကင်းဟု ပြောဆိုပြီး နောက် ဒုတိယအကြိမ်တွင် ကျွန်းတောအနောက်ရွာဟု ဖြေသဖြင့် လိမ်သည်ဟုဆိုကာ ပစ်သတ်ခြင်းဖြစ်ကြောင်း၊ ကိုဇော်မျိုးမြင့်မှာလည်း အရက်မူးနေခြင်းဖြစ်ကြောင်း အထက်ပါ ကျွန်းတောရွာသားက ဆိုသည်။

“ပြောရရင်တော့ ပြည်သူတစ်ယောက် ဘာအပြစ်မှ ရှိတာ မဟုတ်ဘူး။ သူတို့က သေနတ်တကားကားနဲ့ အနိုင်ကျင့်သလို ဖြစ်တာပေါ့” ဟု သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခံရပြီး သေဆုံးခဲ့သူ ကိုဇော်မျိုးမြင့်၏ မိတ်ဆွေလည်းဖြစ်သူ ၎င်းက ပြောသည်။

စစ်သားများက ကိုဇော်မျိုးမြင့်ကို ပစ်ခတ်စဉ် သေနတ်သံသုံးချက်ကြားလိုက်ရပြီး အနီးအနားရှိ ဆိပ်ကမ်းအုတ်ခုံပေါ်တွင် ထိုင်နေသူများအနက် အမျိုးသမီးတစ်ဦး သေနတ်ကျည်ဆန်ထိမှန်ခဲ့သည်ဟု ဆိုသည်။ 

သေနတ်ကျည်ဆန်ထိမှန်သူ မဇင်မာဝင်းဆိုသူမှာ ဒဏ်ရာဖြင့် သေဆုံးခဲ့ပြီဖြစ်သည်ဟု မင်းကင်းမြို့ခံများထံမှ သိရသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသည့်အပြင် မည်သို့ သေနတ်ကျည်ဆန်ထိမှန်ခဲ့သည်ကို အသေးစိတ်မသိရသေးပေ။ 

ကျွန်းတောရွာသား ကိုဇော်မျိုးမြင့်မှာ မိတ်ဆွေတစ်ဦးနှင့်အတူ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို အမြန်ရေယာဉ်ဖြင့် မင်းကင်းမြို့သို့ လိုက်ပါပို့ဆောင်စဉ် ဆိပ်ကမ်း၌ ထိုသို့ ပစ်သတ်ခံရခြင်းဖြစ်ကာ ၎င်းတွင် ဇနီးသည်နှင့်အတူ ၁၀ နှစ်အောက်အရွယ် သားတစ်ဦး၊ သမီးတစ်ဦးနှင့် နို့စို့အရွယ် အရိုးပျော့ရောဂါရှိသူ သားငယ်တစ်ဦး ကျန်ရစ်သည်ဟု သိရသည်။ 

ယနေ့ညနေပိုင်းအထိ ကိုဇော်မျိုးမြင့်၏ ရုပ်အလောင်းကို မည်သည့်နေရာ သယ်ဆောင်သွားသည် မသိရှိရဘဲ သေဆုံးကြောင်း မိသားစုထံ အကြောင်းကြားခြင်းလည်း မရှိသေးကြောင်း ကျွန်းတောရွာဒေသခံက ပြောသည်။ 

“သူ့ (ကိုဇော်မျိုးမြင့်) အဖေက သွားကြည့်သေးတယ်။ စစ်သားတွေ ဝိုင်းအုံနေလို့ဆိုပြီး ပြန်လှည့်လာတယ် ကြားတယ်။ ဘာမှလည်း မပြောသေးဘူး။ သူ့အမျိုးသမီးကျတော့လည်း ဘာမှလည်း နားမလည်လို့တဲ့။ အိမ်မှာ ငုတ်တုတ်။ ကြောက်တာတွေရော၊ မသွားရဲတာတွေရော ဖြစ်နေတာ။ ခုထိက ဘာမှ မကြားရသေးဘူး။ အလောင်းလည်း ပြန်မရသေးဘူး” ဟု မင်းကင်းဒေသခံ အခြားသူတစ်ဦးက ပြောသည်။ 

Show More

Related Articles

Back to top button