သတင်း

Covishield ကို မူရင်းဈေးထက် ၂၅ ဆကျော်ပေး၍ မှောင်ခိုဝယ်နေရ

စစ်အာဏာသိမ်းပြီးနောက် ကိုရိုနာဗိုင်းရပ်စ်ဒဏ်ကို ပြင်းထန်စွာ ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံ၏ အွန်လိုင်းဈေးကွက်အတွင်း အိန္ဒိယနိုင်ငံထုတ် ကိုဗစ်နိုင်တင်းကာကွယ်ဆေးတစ်မျိုးဖြစ်သည့် Covishield တစ်လုံးလျှင် ပုံမှန်ထက် ၂၅ ဆကျော် ပေးဝယ်နေရကြောင်း ရောင်းချနေသူ ငါးဦးထံမှ စုံစမ်းသိရသည်။

အိန္ဒိယနိုင်ငံ Serum Institute of India က ထုတ်လုပ်သော ထိုဆေးသည် ပုံမှန်ဈေးကွက်အတွင်း ကျပ် ၈၀၀၀၀နီးပါးသာ ရှိသော်လည်း ကျပ်သိန်း ၂၀ အထိ ဈေးခေါ်၍ ရနေသည်ဟု ဆိုသည်။

ကိုဗစ်ကြောင့် ဇူလိုင်လအတွင်းမှာ နေ့စဉ် လူထောင်ချီသေဆုံးပြီးနောက်တွင် မှောင်ခိုလမ်းကြောင်းမှတစ်ဆင့် Covishield ရောင်းချရမှု တွင်ကျယ်နေသည်ဟု ၎င်းတို့က ပြောသော်လည်း အရေအတွက်ကိုမူ ထုတ်ဖော်ခြင်းမရှိပေ။

စစ်ကောင်စီက အကန့်အသတ်ဖြင့် ထိုးနှံပေးနေသည့် တရုတ်ထုတ် Sinovac ကို ငြင်းဆန်သည့် အာဏာသိမ်းမှုကို ဆန့်ကျင်သူများထဲမှ ငွေကြေးတတ်နိုင်သူတို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက်၌ ထိုးနှံရန် စီစဉ်ခဲ့သည့် Covishield ကိုသာ ထိုသို့ဈေးကြီးပေး၍ အသုံးပြုနေကြောင်း မန္တလေးမြို့၌ ရောင်းချနေသူ ကိုအောင်မင်းကိုက ပြောသည်။

“(ဆေးထိုးခ) တစ်ခါထိုး ၄ သိန်းဆိုလည်း ထိုးကြတာပဲ။ လူတွေကဖြစ်နေတာကို ပြောတာ။ ဈေးကွက်ရဲ့ ဝယ်လိုအားက ခန့်မှန်းရခက်တယ်”ဟု ၎င်းက ဆိုသည်။ ကိုအောင်မင်းကိုသည် Covishield, RoActemra (Tocilizumab)နှင့် Remdesivir တို့ကို ရောင်းချနေသူဖြစ်သည်။

မြန်မာနိုင်ငံတွင် ကိုဗစ်နှင့် ပတ်သက်သည့် အထက်ပါ ဆေးများအပြင် တရုတ်ထုတ် Sinopharmနှင့် သွေးကြဲဆေး Enoxaparin တို့ကိုပါ ဩဂုတ်လမှစ၍ Facebook မှတစ်ဆင့် တွင်ကျယ်စွာရောင်းနေကြသည်။

Covishield တစ်လုံးလျှင် ၁၃ သိန်းမှ သိန်း ၂၀အထိ ပေးဝယ်သလို ဆေးထိုးခကိုပင် ၁သိန်းကျော်မှ ၅သိန်းနီးပါးအထိ တောင်းခံ၍ရကြောင်း ဆေးရောင်းနေသူများက ပြောသည်။

၎င်းတို့၏ အဆိုအရ ဆေးတစ်ပုလင်းလျှင် ၁၀ ယောက်ခန့် ထိုးနိုင်သည့် Covishield ကို အများဆုံးတင်သွင်းနေရပြီး အိန္ဒိယ-မြန်မာနယ်စပ် ကလေး-တမူး လမ်းကြောင်းမှတစ်ဆင့် ပုလင်း ၁၀၀၀ ကျော် နေ့စဉ်ဝင်ရောက်နေသလို လေကြောင်းဖြင့် မှောင်ခိုတင်သွင်းပေးသည့် စစ်တပ်အသိုင်းဝိုင်းနှင့် နီးစပ်သူအချို့ရှိကြောင်း သိရသည်။

လူ ၉ သောင်းနီးပါး Like လုပ်ထားသည့် ပစ္စည်းအဟောင်းအရောင်းအဝယ်ဂရုတစ်ခုတွင် Covishield ထိုးလိုသူများ စာရင်းပေးနိုင်ကြောင်း၊ ဆေးများကို အအေးခန်းသိုလှောင်စနစ် (Cold chain) မပျက်စေရန် လေယာဉ်ဖြင့် သယ်လာခြင်းဖြစ်ကြောင်း၊ ဆရာဝန်ကိုယ်တိုင် ဆေးထိုးပေးမည်ဖြစ်ကြောင်း ထူးသီရိခေတ်ဆိုသူက ဩဂုတ် ၁၁ တွင် ကြေညာထားသည်။ 

ဆေးထိုးရန်စုံစမ်းသူများကို လူတစ်ဦးလျှင် ထိုးနှံရမည့် ဆေးနှစ်ကြိမ်စာအတွက် ကျပ် ၂၆၀၀၀၀ ဖြင့် ရောင်းချပေးနေကြောင်း၊ တာမွေမြို့နယ်ရှိ The Maze club (nightclub)သို့လာ၍ ထိုးရမည်ဖြစ်ကြောင်း ထူးသီရိခေတ်ဆိုသူက ပြန်ဖြေသည်။

Myanmar Nowက ဆက်သွယ်မေးမြန်းရာတွင် သူ့ထံတွင် ဆေးထိုးရန် စာရင်းပေးသူ ၆၀၀ ခန့်ရှိကြောင်း၊ ၎င်းမှာ စစ်တပ်နှင့် ပတ်သက်သူဖြစ်၍ အိန္ဒိယသို့ အသွားအလာရှိသည့် စစ်ဆေးရုံမှ ဆရာဝန်များထံမှတစ်ဆင့် တင်သွင်းခြင်းဖြစ်ကြောင်း ပြောသည်၊

“ညီမတို့က စစ်တပ်ဘက်ကဆိုတော့ DSAက ဆရာဝန်ပါရဂူတွေ ဟိုမှာ သင်တန်းသွားတက်ရင်း ဝယ်လာပေးတာပါ”ဟု ထူးသီရိခေတ်က ဆိုသည်။

အင်တာဗျူးဖြေပြီး မိနစ် ၂၀ ခန့်အကြာတွင် ထိုအကြောင်းအရာများကို ရေးလျှင် တရားစွဲမည်ဟု ထူးသီရိခေတ်ဆိုက ပြန်လည်ပြောဆိုသည်။ သို့သော်  အများပြည်သူအတွက် အရေးကြီးသည့် ကျန်းမာရေးကိစ္စဖြစ်သဖြင့် ယခုသတင်းတွင် ထည့်သွင်းဖော်ပြရန် Myanmar Now က ဆုံးဖြတ်သည်။

အွန်လိုင်းပေါ်တွင် Covishieldကို ကြော်ငြာရောင်းချမှုတစ်ခု။

မှောင်ခိုရောင်းဝယ်နေသည့် အမည်မဖော်လိုသူ အခြားအမျိုးသမီးတစ်ဦး၏ အဆိုအရ Covishield မှာရသည့် ဈေးသည်ပင်လျှင် ပါးစပ်ဈေးဖြစ်နေသဖြင့် လက်လီပြန်ရောင်းသည့်အခါ သတ်မှတ်ဈေးမငြိမ်ဘဲ ကျသင့်နှုန်း မြင့်နေရခြင်းဖြစ်ကြောင်း သိရသည်။

“တချို့ရက်တွေကျရင် အိန္ဒိယဘက်မှာ (ကျပ်) ၁၅ သိန်းနဲ့ အော်ရောင်းနေတာတွေရှိတယ်။ ဒီဘက်မှာကျတော့ ၂၀ လောက်နဲ့ ပြန်ရောင်းတယ်။ ဈေးက ခေါ်ချင်သလောက် ခေါ်နေကြတာ”ဟု ရန်ကုန်မြို့တွင် ရောင်းချနေသည့် အထက်ပါ အမျိုးသမီးက ပြောသည်။

တင်သွင်းသည့် ဆေးများကို သတ်မှတ်အပူချိန်အတိုင်း ထည့်၍ သီးသန့်ကားဖြင့် သယ်ကြောင်း၊ လက်ရှိတွင် လူ ၁၀၀ စာအတွက် ဆေးပုလင်း ၂၀ ကျော် မှာယူထားကြောင်း ၎င်းက ဆက်ပြောသည်။

ထို့အတူ အိန္ဒိယဘက်မှ တင်သွင်းသည့် Covishield ဆေးပုလင်းများပေါ်တွင် ‘Not for sale’ (ရောင်းရန် မဟုတ်)၊ ‘Used for India only’(အိန္ဒိယပြည်တွင်း၌သာသုံးရန်)ဟူသော စာသားများပါဝင်သဖြင့် ဆေးအတုများ မဟုတ်ကြောင်း အထက်ပါ အမျိုးသမီးနှင့် ကိုအောင်မင်းကိုတို့က ပြောသည်။

သို့သော် Cold chain ပျက်၊ မပျက်ကိုမူ အာမမခံနိုင်ကြောင်း ကိုအောင်မင်းကိုက ပြောသည်။ 

“ဟိုဘက်က အဲဒါက အရောင်းအဝယ်လုပ်ခါနီးမှ ရေခဲပုံးထဲ ထည့်သယ်လာတာမျိုးတွေလည်းရှိတယ်။ ရောင်းတဲ့သူတွေကတော့ စက်ရုံကတည်းက ဒီတိုင်းလို့ပြောချင်ပြောမှာပဲ။ အဲဒါတော့ ကျွန်တော်တို့ မသိနိုင်ဘူး”ဟု ၎င်းက ဆိုသည်။

ကိုဗစ်ကာကွယ်ဆေးများသည် အပူချိန် ၆ သို့ ၈ ဒီဂရီအောက်တွင်သာ အမြဲတစေ သိုလှောင်ထားရပြီး ၁၀ ဒီဂရီအောက်ရောက်ပြီဆိုလျှင် ပျက်စီးသွားနိုင်ကြောင်း၊ စနစ်တကျမဟုတ်ဘဲ အိမ်သုံးရေခဲသေတ္တာဖြင့်သာ သိမ်းဆည်းမှုများကို တွေ့နေရကြောင်း ရန်ကုန်မြို့ခံဆရာဝန် ဒေါက်တာအောင်သန်းတိုးက ပြောသည်။

အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)တွင် ပါဝင်နေသည့် ဆေးရုံအုပ်တစ်ဦးကလည်း ထိုဆေးသည် ပုံမှန်သိုလှောင်မှုမျိုးမဟုတ်လျှင် ကာကွယ်နိုင်စွမ်းပျက်ရုံမက ထိုးနှံသူအတွက် အန္တရာယ်ပင်ဖြစ်စေကြောင်း မှတ်ချက်ပြုသည်။

“cold chain မကောင်းတဲ့ဆေးကို မသိဘဲနဲ့ ထိုးမိတယ်ဆိုရင် အနည်းဆုံးတော့ ကာကွယ်ဆေးထိုးပြီးတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်ဖို့ ပိုများတယ်။ အခန့်မသင့်ရင် အသက်အန္တရာယ်တောင်ရှိပါတယ်” ဟု ၎င်းက ပြောသည်။

ဗိုင်းရပ်စ်သတ်ဆေးဖြစ်သည့် Remdesivir မှာ တစ်လုံးလျှင် ၈၅၀၀၀ မှ ၄ သိန်းဝန်းကျင်၊ ကိုဗစ်အသက်ကယ်ဆေးဟု ကင်ပွန်းတပ်၍ ရောင်းချနေသည့် RoActemra (သွေးလေးဖက်နာရောဂါသည်များသုံးသည့် အရောင်ကျဆေး) တစ်လုံးလျှင် ၆၅ သိန်းခန့် အထိပေါက်ဈေးရှိကြောင်း အွန်လိုင်းတွင် ရောင်းချနေသည့် အထက်ပါ သတင်းရင်းမြစ်များထံမှ သိရသည်။

ခွင့်ပြုချက်မဲ့ ကိုဗစ်နိုင်တင်းကာကွယ်ဆေးများ တင်သွင်းနေမှုအခြေအနေနှင့် ပတ်သက်၍ အရေးယူရန် စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာထားပြီးဖြစ်သည်ဟု အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဌာန (FDA) ညွှန်ကြားရေးမှူး ဒေါက်တာခင်ဇော်က Myanmar Now ကို ပြောသည်။

“တရားမဝင်လမ်းကြောင်းက ဝင်လာပြီဆိုကတည်းက ဒါတွေက စိတ်မချရဘူး။ အဲဒါ ကိုယ့်ဘာကို စဉ်းစားကြည့်ရင် သိနိုင်ပါတယ်။ ဒါက ရဲက အရေးယူရမှာ”ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်ကာကွယ်ဆေးတင်သွင်းရန် ကုမ္ပဏီ ၁၀ ခုက လျှောက်ထားလာသော်လည်း အချက်အလက်ပြည့်စုံသည့် SML ကုမ္ပဏီတစ်ခုတည်းကိုသာ ခွင့်ပြုရသေးကြောင်း ဒေါက်တာခင်ဇော်ထံမှ သိရသည်။

နိုင်ငံအတွင်း ထိုအခြေအနေနှင့် ကြုံနေရချိန်တွင် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သန်း ၅၀ ကျော်သော ပြည်သူများအတွက် ကိုဗစ်ကာကွယ်ဆေး၊ ကုသဆေးများကို ပြည်ပမှ တင်သွင်းနေလျှင် တိုင်းပြည်မွဲသွားမည်ဖြစ်၍ တိုင်းရင်းဆေးဖော်ကြရန် ဩဂုတ် ၉ စစ်ကောင်စီအစည်းအဝေးတစ်ခုတွင် ပြောထားသည်။

ထို့အတူ စစ်ကောင်စီ၏ လက်အောက်ခံများက အဓိကဖြန့်ဖြူးရောင်းချသည့် ရန်ကုန်မြို့ရှိ ဆေးဝါးဂိုဒေါင်များကို စစ်ဆေးသည်ဟု အကြောင်းပြ၍ ကန့်သတ်ခြင်း၊ ချိပ်ပိတ်ခြင်းများလုပ်ဆောင်နေသည်။ 

Show More

Related Articles

Back to top button