သတင်း

ပါတီငွေစာရင်းစစ်မည့် UEC ခြေလှမ်း အမြီးအမောက်မတည့်ဟု ဝေဖန်

အာဏာသိမ်းခြင်း၊ ရွေးကောက်ပွဲရလဒ်ပယ်ဖျက်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည့် စစ်ကောင်စီက ၎င်း၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)မှတစ်ဆင့် နိုင်ငံရေးပါတီများ၏ ရန်ပုံငွေကိစ္စများ စစ်ဆေးမည်ဆိုခြင်းမှာ ကောင်းမွန်သည့် နိုင်ငံရေးစိတ်ဆန္ဒဖြင့် မဟုတ်နိုင်ဟု ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အထွေထွေအတွင်းရေးမှူး စိုင်းလိတ်က သုံးသပ်သည်။

“ရွေးကောက်ပွဲရလဒ်ကိုလည်း ဖျက်သိမ်းကြောင်း ကြေညာတယ်။ အရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း အသိအမှတ်မပြုကြောင်း ကြေညာထားတယ်။ ဒီကြားထဲမယ် သူတို့တစ်ဦးချင်းစီအတွက် ရွေးကောက်ပွဲကုန်ကျစရိတ် စာရင်းတောင်းတယ်ဆိုတာက အမြီးအမောက်မတည့်တဲ့ လုပ်ရပ်” ဟု စိုင်းလိတ်က ပြောသည်။

စစ်ကောင်စီ၏ UEC က နိုင်ငံရေးပါတီများကို ရန်ပုံငွေ၊ ငွေကြေးနှင့် ပစ္စည်းစာရင်းများ ပြုစုထားရန်နှင့် စစ်ဆေးမည့် နေ့ရက်ကို ထပ်မံအသိပေးမည်ဟု ဩဂုတ် ၁၃ က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ကိုဗစ်ကာလအတွင်း အသွားအလာအကန့်အသတ်များလွန်းချိန်တွင် UEC ၏ ထိုသို့ ညွှန်ကြားချက်မှာ လိုက်နာလုပ်ဆောင်ရန် ခက်သည်ဟု ရခိုင်အမျိုးသားပါတီ(ANP)ဥက္ကဋ္ဌ ဦးသာထွန်းလှကလည်း ပြောသည်။

“အဆင်သင့်လုပ်ထားတဲ့ ပါတီတွေက ပြဿနာမရှိဘူး။ အဆင်သင့်လုပ်မထားတဲ့ ပါတီတွေကျရင် ခရီးတွေသွားရတော့မယ်၊ ပါတီကိစ္စတွေလုပ်ရတော့မယ်။ အဲဒါဆိုရင် ကိုယ်ပိုင်ကားစီးနိုင်တဲ့ ပါတီတွေက ကိစ္စမရှိဘူး။ လိုင်းကားစီးသွားရမယ့် ပါတီတွေဆိုရင် (ကိုဗစ်) ရောဂါကူးစက်မှုမဖြစ်နိုင်ဘူးလို့ ပြောလို့မရဘူးလေ”ဟု ၎င်းက ပြောသည်။

ထို့ပြင် စစ်ကောင်စီခန့်​ UEC ၏ ယခုခြေလှမ်းသည် အခြားရည်ရွယ်ချက်လည်း ရှိနေနိုင်သည်ဟု ဦးသာထွန်းလှက သုံးသပ်သည်။

“ငွေရေးကြေးရေး စာရင်းဇယားတွေ စစ်ဆေးဖို့ မတင်ပြနိုင်ရင်လည်း နိုင်ငံရေးပါတီတွေကို ဖျက်သိမ်းပိုင်ခွင့်ဆိုတဲ့ နိုင်ငံရေးပါတီများဥပဒေမှာပါတဲ့ လုပ်ပိုင်ခွင့်တွေကို သုံးပြီး အဲဒီလို တချို့နိုင်ငံရေးပါတီတွေကို ဖျက်ချင်လို့ လုပ်တဲ့ ရည်ရွယ်ချက်မျိုးလည်း ပါကောင်းပါနိုင်တယ်”ဟု ၎င်းက ပြောသည်။

စစ်ခေါင်းဆောင်များ စိတ်ကြိုက်ရေးဆွဲခဲ့သော နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများအရ လိုက်နာဆောင်ရွက်ခြင်းမရှိသော နိုင်ငံရေးပါတီကို UEC က နိုင်ငံရေးပါတီအဖြစ်မှ နှစ်(၃၀)ရပ်ဆိုင်းထားနိုင်သလို အပြီးသတ်လည်းဖျက်သိမ်းနိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

နိုင်ငံပိုင်ပစ္စည်းရယူသုံးစွဲမှုများနှင့် ပတ်သက်၍ နာမည်ပျက်ရှိသည့် စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ မန္တလေးတိုင်းဥက္ကဋ္ဌ ဦးဝင်းမောင်ကမူ ယင်းနှင့်စပ်လျဉ်း၍ ပါတီဗဟိုက ညွှန်ကြားလာခြင်းမရှိသေးကြောင်း ပြောသည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည်ဟု ရပ်တည်ပြီးမှ စစ်ကောင်စီ၏ UEC နှင့် ပူးပေါင်းဆောင်ရွက်သဖြင့် ထိပ်ပိုင်းခေါင်းဆောင်အချို့ နုတ်ထွက်သွားသည့် ပြည်သူ့ပါတီ(PP) ဥက္ကဋ္ဌ ဦးကိုကိုကြီးကမူ မည်သည့်ဆန္ဒဖြင့် လုပ်ဆောင်သည်ကို လေ့လာရဦးမည်ဖြစ်ကြောင်း ပြောသည်။

“စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်ကို နိုင်ငံရေးပါတီတွေအနေနဲ့ မဖြစ်မနေဆက်ဆံရမယ်ဆိုတဲ့ဟာကို လုပ်တာလား။ ဒါမှမဟုတ် ငွေကြေးတွေနဲ့ ပတ်သက်လို့ တကယ်ကို တိတိကျကျအရေးယူဖို့ လုပ်တာလားဆိုတာတော့ သဲသဲကွဲကွဲမဖြစ်သေးဘူးပေါ့”ဟု ၎င်းက ပြောသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမြင့်ကမူ နိုင်ငံတကာနှင့် ပြည်သူက အသိအမှတ်ပြုမထားသည့် အာဏာသိမ်းစစ်ကောင်စီ၏ လုပ်ရပ်များကို မည်သို့မျှ အသိအမှတ်ပြုရန်မရှိကြောင်း ပြောသည်။

“အကြမ်းဖက်အာဏာလု စစ်ကောင်စီက ဖွဲ့ထားတဲ့ UEC ကို ကျွန်တော်တို့ အသိအမှတ်လည်းမပြုဘူး။ တူတူတန်တန်လည်း တုံ့ပြန်စရာ အကြောင်းမရှိဘူး”ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အတွင်းရေးမှူးအဖွဲ့ဝင်လည်းဖြစ်သူ ဦးထွန်းမြင့်က ပြောသည်။

မြန်မာ့သမိုင်းတွင် မသမာမှုများဖြင့် ကျော်ကြားသည့် ၂၀၁၀ ရွေးကောက်ပွဲကို ဦးစီးခဲ့သူ ဦးသိန်းစိုးကို အာဏာသိမ်းပြီးနောက်တွင် စစ်ကောင်စီက UEC ဥက္ကဋ္ဌအဖြစ် ပြန်ခန့်ခဲ့ပြီး ၎င်းဦးဆောင်သည့် UEC က ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ခြင်း၊ ပါတီများ၏ အင်အား၊ လှုပ်ရှားမှုတို့ကို စစ်ဆေးခဲ့ပြီးဖြစ်သည်။

အာဏာသိမ်းပြီး နောက်တစ်ရက်တွင် ရွေးကောက်ပွဲကိစ္စ တစ်နှစ်အတွင်း ဦးစားပေးမည်ဟု ပြောဖူးသည့် စစ်ခေါင်းဆောင်မှာ ခြောက်လအကြာတွင် ၂၀၂၃ ဩဂုတ်လတွင်မှ ကျင်းပနိုင်တော့မည်ဟု လေသံပြောင်းထားသည်။

Show More

Related Articles

Back to top button