သတင်း

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် AA ဩဇာ ပိုညောင်းလာ

ရက္ခိုင့်တပ်တော် (AA) ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်သည့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က ရခိုင်ပြည်နယ်အတွင်း တရားစီရင်ရေးကိစ္စရပ်များကို ဆောင်ရွက်မည်ဟု ဩဂုတ် ၁ တွင် ကြေညာလိုက်ပြီးနောက် ထိုအဖွဲ့၏ ဩဇာအာဏာ ဒေသတွင်း ပိုမိုပျံ့နှံ့လာကြောင်း ထင်ရှားသည့် ရခိုင်နိုင်ငံရေးသမားတချို့နှင့် ဒေသခံများက ဆိုသည်။ 

AA က အုပ်ချုပ်ရေးအာဏာကို အသက်သွင်းလျက်ရှိပြီး ဩဇာလွှမ်းမိုးမှုလည်းရှိနေပြီဖြစ်ကြောင်း ရခိုင်နိုင်ငံရေးခေါင်းဆောင်တစ်ဦးဖြစ်သည့် ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောသည်။

ဖေဖော်ဝါရီ ၁၂ ထောင်မှ ပြန်လွတ်လာပြီးနောက် ရခိုင်ပြည်နယ်တွင်း လှည့်လည်ခဲ့စဉ် AA ၏ ဩဇာလွှမ်းမိုးမှုကို  မြင်တွေ့ခဲ့ရသည်ဟု ၎င်းက ဆိုသည်။

“ကျွန်တော်သွားခဲ့တဲ့ နေရာတိုင်းမှာလည်း တပ်မတော်က လုံခြုံရေးတွေရှိသလို AA ဘက်က လုံခြုံရေးတွေလည်း ရှိနေတယ်လို့ နားလည်လိုက်တယ်။ AA ရဲ့ ရခိုင်တစ်ပြည်နယ်လုံးလွှမ်းခြုံမှုက လေးပုံသုံးပုံလောက် ရှိနေပြီလို့ ခန့်မှန်းပြီးတော့ အင်တာဗျူးတစ်ခုမှာ ကျွန်တော်တို့ပြောခဲ့ဖူးတယ်” ဟု ဒေါက်တာအေးမောင်က Myanmar Now ကို ပြောသည်။

ပြည်သူ့အာဏာပိုင်အဖွဲ့ဖွဲ့စည်းမှု၊ ကိုဗစ်နိုင်တင်းကာလ ပြည်နယ်အတွင်း အသွားအလာကန့်သတ်ရန် ကြေညာမှု စသည့်အချက်များမှာ AA ၏ အုပ်ချုပ်ရေးယန္တရားစတင်ခြင်းပင် ဖြစ်သည်ဟု ၎င်းက သုံးသပ်သည်။

ဇူလိုင် ၂၄ တွင် မင်းပြားမြို့နယ်၊ လက်မရွာမှ ရာဇဝတ်ဂိုဏ်းသားများကို လာရောက်ဖမ်းဆီးပေးရန် တိုင်ကြားချက်ရှိလာသည့်အတွက် AA က သွားရောက်ဖြေရှင်းပေးခဲ့သည်။ 

တိုင်ကြားချက်ကြောင့် AA ရောက်လာပြီး ဖြေရှင်းပေးခြင်းဖြစ်ကြောင်း၊ ထိုသို့ဖြေရှင်းစဉ် လက်မရွာ ကျေးရွာသားများထံမှ AA က ဆက်ကြေးတောင်းပြီး ရွာသားတချို့ကို ဗလီအတွင်းပိတ်လှောင်သည်ဆိုသည့် သတင်းမှားယွင်းကြောင်း မင်းပြားနှင့် မြောက်ဦးရှိ အစ္စလာမ်သာသနာ့ရေးရာကောင်စီများက ဩဂုတ် ၈ ၌ ထုတ်ပြန်ခဲ့သည်။

လက်မကျေးရွာအုပ်ချုပ်ရေးမှူး ဂျီရော်ရာမာန်က ကျေးရွာသားများ၏ တိုင်ကြားချက်အရ ရွာမှာရှိသည့် ဓားပြဂိုဏ်းကို AA က လာရောက်ဖမ်းဆီးခြင်းသာဖြစ်ပြီး ရွာသားများထံမှ ဆက်ကြေးတောင်းခြင်း၊ လူ့အခွင့်အရေးချိုးဖောက်ခြင်းများ လုပ်ဆောင်ခဲ့ခြင်းမရှိကြောင်း Myanmar Now ကို ပြောသည်။

“လက်ရှိအစိုးရ (စစ်ကောင်စီ) က လုံးဝမလာဘူး။ မလာတော့ သူခိုးတွေ၊ ဓားပြတွေ သိပ်များသွားပြီ။ အခု AA က ဝင်လာတာနဲ့ အားလုံးက အေးဆေးဖြစ်သွားတယ်။ အားလုံးကောင်းသွားတယ် ကျွန်တော့်ရွာမှာ” ဟု ဂျီရော်ရာမာန်က ဆိုသည်။

ကိုဗစ်နိုင်တင်းရောဂါ တတိယလှိုင်းဖြစ်လာချိန်တွင် နေအိမ်တွင်နေထိုင်ရေး (Stay at Home ) ကြေညာချက်မှာ ပြည်နယ်စစ်ကောင်စီထံမှ ထွက်မလာဘဲ ဇူလိုင် ၂၀ တွင် AA က ထုတ်ပြန်ခြင်းဖြစ်သည်။  

ထိုထုတ်ပြန်ချက်ကို ရခိုင်ပြည်သူများကလည်း သဘောတူခဲ့ပြီး ခန့်မှန်းခြေအားဖြင့် ရခိုင်ပြည်သူအားလုံး ၏ ၇၅ ရာခိုင်နှုန်းက လိုက်နာခဲ့ကြောင်း AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြောကြားသည့် ရုပ်သံမိန့်ခွန်းကို ဇူလိုင် ၂၅ တွင် အွန်လိုင်းမှ ထုတ်လွှင့်ခဲ့သည်။

အမိန့်မလိုက်နာသည့် စစ်တွေမြို့မှ ပြည်သူတချို့ကို AA က အသံဗုံး ၃ လုံးခန့် ဖောက်ခွဲပြီး သတိပေးခဲ့သည်။

မြေပုံမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ်ဟောင်း၊ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးဖြစ်သည့် ဦးဖေသန်းက အစိုးရအုပ်ချုပ်ရေးယန္တရားမှာ မြို့ပေါ်တွင်သာ ရှိနေကြောင်း၊  ကျေးဘက်ဒေသများတွင် ULA/AA ၏ ဩဇာအာဏာသာ အပြည့်အဝ လွှမ်းမိုးထားပြီး တရားစီရင်ရေး စနစ်တကျ လုပ်ဆောင်လာသည်ကို တွေ့ရကြောင်း ပြောသည်။

“ဆိုလိုတာက လူသတ်မှုတစ်ခုဖြစ်တယ်၊ တရားခံက နယ်မှာဆိုရင် နယ်တွေကို မသွားနိုင်ရင် မလွှမ်းမိုးနိုင်တော့ဘူးပေါ့။ အဲဒါကြောင့် တရားရေးနဲ့ပတ်သက်ရင် ULA/AA ဘက်ကိုပဲ တိုင်ကြားလာတာတွေ ရှိတာပေါ့။ မြို့ပေါ်တောင်မှ ULA/AA က တရားခံတွေရှိရင် လာခေါ်မယ်ဆို ခေါ်လို့ရလောက်တဲ့ အနေအထား၊ အဲဒီလောက်အထိ သူတို့က ဩဇာသက်ရောက်မှုက ကြီးပါတယ်” ဟု ဦးဖေသန်းက ပြောသည်။

AA က ၎င်းတို့ထိန်းချုပ်နယ်မြေ တောတွင်းစခန်းများတွင် တရားရုံး၊ အဆောက်အအုံများ တည်ဆောက်ထားပြီး တိုင်ကြားခံရသူတို့ကို အဆိုပါနေရာများတွင် ခေါ်ယူစစ်ဆေးလေ့ရှိသည်ဟု ဒေသခံများက ပြောသည်။

အရပ်ဘက်အုပ်ချုပ်ရေးအတွက် ရဲလုပ်ငန်းစဉ်နှင့် အုပ်ချုပ်ရေးဆိုင်ရာ သင်တန်းကို ကျေးရွာများအလိုက် ပို့ချထားပြီးဖြစ်သည်ဟုလည်း သိရသည်။ 

ဖမ်းဆီးတရားစွဲဆိုခြင်း၊ ပြစ်ဒဏ်ပေးခြင်းအပါအဝင် အုပ်ချုပ်ရေးလုပ်ငန်းစဉ်များလည်ပတ်နေပုံနှင့် ပတ်သက်ပြီး ရက္ခိုင့်တပ်တော် (AA) ၏ ပြောခွင့်ရအရာရှိ ခိုင်သုခကို ဆက်သွယ်မေးမြန်းသော်လည်း ဖြေကြားရန် အဆင်သင့်မဖြစ်သေးကြောင်း ပြောသည်။

“ဒီကိစ္စတွေကို လောလောဆယ်မှာ အသေးစိတ်ထုတ်ပြောဖို့တော့ မရှိသေးဘူးဗျ” ဟု ခိုင်သုခက ဆိုသည်။

ရက္ခိုင့်တပ်တော် AA အဖွဲ့ဝင်များကို ကချင်ပြည်နယ် လိုင်ဇာတွင် ၂၀၁၇ ခုနှစ်အတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-Myanmar Now)  

ဘူးသီးတောင်မြို့နယ်တွင် မွတ်စလင်ကျေးရွာ အများအပြားရှိရာ AA က ကျေးလက်ဒေသတွင်လည်း ဆေးကုသပေးနေသည်ဟု ဘူးသီးတောင် ဒေသခံတစ်ဦးက ပြောသည်။

 ပြီးခဲ့သည့်နှစ်များအတွင်း ကျေးရွာများတွင် ဖြစ်ပွားသည့် အမှုအခင်းများကို ရဲတပ်ဖွဲ့ဝင်များက မျက်ကွယ်ပြုထားသည့်အတွက် AA ၏ တရားစီရင်ရေးစနစ်အပေါ် ဒေသခံ မွတ်စလင်များက အားကိုးလာကြသည်ဟု အဆိုပါဒေသခံက ဆိုသည်။

“မွတ်စလင်တွေကလည်း ယုံကြည်အားကိုးလာကြတာကို တွေ့ရတယ်။ AA ရဲ့ တရားစီရင်ရေးက မှန်ကန်မျှတမှု ရှိတယ်ဆိုရင် AA ကိုပဲ အားကိုးမယ်ဆိုပြီးတော့ မွတ်စလင်တွေလေသံက အဲဒီလို ထွက်လာနေတယ်” ဟု ထိုအမျိုးသားက ဆက်ပြောသည်။

ထို့ပြင် ရခိုင်မြောက်ပိုင်းတွင် မြို့ပြဒေသမှလွဲ၍ နယ်ဘက်၊ ကျေးရွာများတွင် AA က လုံခြုံရေးယူ၊ ကင်းလှည့်ခြင်းမျိုး မကြာခဏ တွေ့ရကြောင်း ကျောက်တော်ဒေသခံတစ်ဦးက ပြောသည်။

ကျောက်တော်မြို့ပေါ်ရှိ တရားရုံးမှာ ပိတ်ထားပြီးဖြစ်ပြီး ရဲစခန်းမှာ ယခင်နှစ်ကတည်းက ပိတ်ထားကြောင်း ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ဇွန် ၂၆ ညပိုင်းတွင် ကျောက်တော်မြို့နယ်၊ မဟာမုနိဘုရားဝင်းအတွင်း တပ်စွဲထားသည့် စစ်သားတချို့ကို AA က ဝင်ရောက်စီးနင်းပြီး လက်နက်များသိမ်းဆည်းခဲ့ဖူးသည်။ 

စစ်ရှောင်များအရေးကူညီပေးနေသည့် စစ်တွေအခြေစိုက် ဝံလက်ဖောင်ဒေးရှင်းအဖွဲ့ ဒါရိုက်တာ ဦးခိုင်ကောင်းစံက ရခိုင်မြောက်ပိုင်း၏ ၈၀ ရာခိုင်နှုန်းသော နယ်မြေများမှာ AA ၏ ထိန်းချုပ်မှုအောက် ရှိနေသည်ဟု ပြောသည်။

စစ်ကောင်စီတပ်များက AA ထိန်းချုပ်ထားသည့် နယ်မြေများကို ဖြတ်သန်းလိုပါက AA ထံ ခွင့်တောင်းရပြီး မြို့နယ်တစ်ခုနှင့် တစ်ခုအကြား လမ်းပိုင်းအချို့ကိုလည်း AA က ထိန်းချုပ်လာနိုင်သည်ဟု သူက ဆိုသည်။

ထို့ပြင် မြောက်ဦးနှင့် ကျောက်တော်မြို့နယ်များတွင် စစ်ကောင်စီတပ်များက ၎င်းတို့စခန်းချရာ တောင်ကုန်းများမှနေ၍ အနီးအနားကျေးရွာများသို့ သွားရောက်လိုပါက သက်ဆိုင်ရာ AA တပ်မှူးများကို သတင်းပေးရသည်ဟု ဦးခိုင်ကောင်းစံက ပြောသည်။

“ပြောချင်တာကတော့ ယူနီဖောင်းဝတ်ပြီးတော့ မြို့ပေါ်မှာ သွားလာပြီး Control (ထိန်းချုပ်မှု) မလုပ်တာဘဲရှိတာ၊ ယူနီဖောင်းမပါဘဲ Control လုပ်နေတဲ့ အရာတွေက အများကြီးရှိတယ်” ဟု ဦးခိုင်ကောင်းစံက ပြောသည်။

ပြည်နယ်အတွင်း အထူးသဖြင့် မြောက်ပိုင်းတွင် ၂၀၁၉ မှစ၍ နှစ်နှစ်ကျော်ကြာ ပြင်းထန်သည့် တိုက်ပွဲများ ဆင်နွှဲကြပြီးနောက် ၂၀၂၀ နိုဝင်ဘာလဆန်းမှစ၍ စစ်တပ်နှင့် AA တို့အကြား နားလည်မှုဖြင့် အပစ်ရပ်ခဲ့ကြပြီး တိုက်ပွဲများငြိမ်သက်နေသည်မှာ ၁၀ လခန့် ကြာမြင့်လာသည်။

AA မပေါ်ပေါက်ခင်က ရခိုင်ပြည်နယ်သည် အဖြူရောင်နယ်မြေဖြစ်သည့်အတွက် AA ကို အမြစ်ပြတ်ချေမှုန်းရမည်ဖြစ်ကြောင်း စစ်တပ်က ပြောခဲ့သလို NLD အစိုးရကလည်း AA ကို ထိထိရောက်ရောက်ချေမှုန်းရန် စစ်တပ်ကို တွန်းအားပေးခဲ့သည်။

ရခိုင်ပြည်နယ်၌ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့စဉ် စစ်တပ်က AA နှင့် ပတ်သက်သည်ဟူသော သံသယဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ မတရားအသင်းပုဒ်မများတပ်ကာ အမှုပေါင်း ၁၀၀ ကျော်ဖြင့် တရားစွဲခံရသူ ၂၀၀ ဝန်းကျင် ရှိခဲ့ကြောင်း စစ်တွေအခြေစိုက် သဇင်ဥပဒေအထောက်အကူပြုအဖွဲ့၏ စာရင်းများအရ သိရသည်။

AA ကို အကြမ်းဖက်အဖွဲ့အဖြစ်မှ စစ်ကောင်စီက ပယ်ဖျက်ပေးခဲ့ပြီးဖြစ်သော်လည်း ​​မကြာသေးခင်အချိန်အထိ AA နှင့် ဆက်စပ်ဖမ်းဆီးခံနေရသူတချို့မှာမူ ထောင်ဒဏ်ချမှတ်ခြင်း၊ အမှုရင်ဆိုင်ရခြင်းများလည်း ရှိနေသည်။ 

AA နှင့် ဆက်သွယ်ကာ ဖောက်ခွဲရေးပစ္စည်းများဖြန့်ဖြူးသည်ဟူသော စွပ်စွဲချက်ဖြင့် ၂၀၁၉ တွင် အဖမ်းခံရသည့် အမျိုးသား ၆ ဦး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် ဇူလိုင် ၁၆ ၌ မန္တလေးမြို့တွင် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခြင်းခံရသည်။ 

AA နှင့် ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မများဖြင့် တရားစွဲဆိုခံရသူ ၃၇ ဦးကို စစ်တွေခရိုင်တရားရုံးတွင် ယခုထက်ထိ ရုံးထုတ်စစ်ဆေးနေဆဲ ဖြစ်သည်။ 

ပြည်နယ်အတွင်း AA ၏ ဩဇာကြီးထွားလာမှုအပေါ် စစ်ကောင်စီဘက်ကလည်း ကိုဗစ်နိုင်တင်းကူးစက်မှုကို အကြောင်းပြကာ ပြန်လည်ထိန်းချုပ်ရန် ဩဂုတ်လ ပထမပတ်မှစ၍ ကြိုးပမ်းလာသည်။ 

ပြည်နယ်၏ အုပ်ချုပ်ရေးရုံးစိုက်ရာ စစ်တွေမြို့တွင် ဧည့်စာရင်းစစ်ခြင်း၊ လှည့်လှည်အင်အားပြခြင်း၊ အသွားအလာစစ်ဆေးခြင်းများ ပြုလုပ်နေပြီး အမ်းနှင့် ကျောက်ဖြူတွင်လည်း အသွားအလာစစ်ဆေးနေကြောင်း ဒေသခံများထံမှ သိရသည်။ 

ဩဂုတ် ၇ ညနေတွင် စစ်တွေမြို့ မြို့နယ်ထွေ/အုပ်က ဧည့်စာရင်းတိုင်ရန် အသံချဲ့စက်ဖြင့် လိုက်လံကြေညာခဲ့ပြီး စစ်တွေမြို့ပေါ် ရပ်ကွက်တချို့တွင် ဧည့်စာရင်းစစ်ဆေးခြင်းများ ဆောင်ရွက်နေကြောင်း စစ်တွေမြို့၊ ပြည်တော်သာရပ်ကွက်အုပ်ချုပ်ရေးမှူးက အတည်ပြုသည်။ 

ရခိုင်ပြည်နယ် စစ်ကောင်စီ၏ သြဂုတ် ၅ တွင် ပြုလုပ်ခဲ့သော အစည်းအဝေး၌ ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးနှင့် ကိုဗစ်ကာကွယ်ရေးအတွက် နေ့/ည လှည့်ကင်းများ ဆောင်ရွက်ရန်နှင့် ဧည့်စာရင်းတိုင်ကြားခြင်း၊ ဧည့်စာရင်းစစ်ဆေးခြင်း ၊ မော်တော်ဆိုင်ကယ်၊ ဘေးတွဲဆိုင်ကယ်များကို စစ်ဆေးခြင်းများလည်း ပြုလုပ်သွားရန် ဆုံးဖြတ်ခဲ့ကြကြောင်း ပြည်နယ်စစ်ကောင်စီပြန်ကြားရေး Facebook မှတစ်ဆင့် ထုတ်ပြန်ထားသည်။

လက်ရှိအချိန်ထိ ULA/AA နှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်မှ တစ်စုံတစ်ရာပြောဆိုခြင်း မရှိသေးပေ။ 

Show More

Related Articles

Back to top button