သတင်း

ပြည်သူနှင့် ပူးပေါင်းပါက စစ်သားတစ်ဦး ကျပ်သိန်း ၅၀ ပေးမည်ဟု ချင်း CDF ကြေညာ

စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူနှင့်အတူ ရပ်တည်ရန် လက်နက်အပြည့်အစုံဖြင့် လာရောက်ပူးပေါင်းမည်ဆိုပါက တစ်ဦးလျှင် ကျပ်သိန်း ၅၀ ပေးမည်ဖြစ်ကြောင်း ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF) က ကြေညာထားသည်။ 

လာရောက်ပူးပေါင်းမည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကျပ်သိန်း ၅၀ ပေးမည့်အပြင် သွားလိုရာအရပ်ကို လုံခြုံစွာသွားလာနိုင်ရေး စီစဉ်ပေးမည်ဖြစ်ကြောင်းလည်း CDF က ယနေ့ (ဩဂုတ် ၁၀) ထုတ်ပြန်ထားသည်။ 

“ကျွန်တော်တို့ကလည်း ပိုက်ဆံရှိလို့ ဒီလိုမျိုးလုပ်တာ မဟုတ်ဘူးလေ။ ဟိုဘက်က လက်နက်အင်အားလျော့သွားအောင် လုပ်ရတဲ့ အကြောင်းအရာ။ ကျွန်တော်တို့ရတဲ့ တန်ဖိုးပမာဏနဲ့ နည်းနည်းကျေးဇူးဆပ်တဲ့ သဘောအနေနဲ့ပါ” ဟု CDF ပြောရေးဆိုခွင့်ရှိသူက Myanmar Now ကို ပြောသည်။ 

အာဏာရှင်လက်ပါးစေဘဝမှ လွတ်မြောက်ခွင့်ရကာ ပြည်သူနှင့်အတူ ရပ်တည်လိုသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို နွေးထွေးစွာကြိုဆိုသွားမည်ဟု မင်းတပ်မြို့နယ် CDF ကလည်း ယနေ့ထုတ်ပြန်ထားသည်။

“Full Equipment (လက်နက်အပြည့်အစုံ) နဲ့ ရောက်လာတဲ့ ရဲဘော်တွေကို ဆုငွေ သိန်း ၅၀ ပေးမှာဖြစ်ပြီး ပြည်ပ သို့မဟုတ် သွားလိုရာအရပ်သို့ သွားနိုင်အောင် စီမံပေးနိုင်ပါတယ်” ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

လတ်တလောတွင် ချင်းပြည်နယ်အတွင်း ပြည်သူနှင့်အတူ ရပ်တည်ပြီး ပူးပေါင်းလာသူ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးခန့်ရှိပြီး အချို့ကို လုံခြုံသည့်နေရာများ၌ စီစဉ်ပေးထားကြောင်း၊ အချို့ကမူ CDF နှင့်အတူ ပူးပေါင်းတိုက်ပွဲဝင်လျက်ရှိကြောင်း CDF ပြောရေးဆိုခွင့်ရှိသူက ပြောပြသည်။

“ကျွန်တော်တို့ မသိတဲ့ တချို့စာရင်းတွေလည်း ရှိမှာပါ” ဟု ၎င်းက ဆိုပြီး ယခုကဲ့သို့ ထုတ်ပြန်ရခြင်းမှာ ဆက်လက်ပြီး ပူးပေါင်းလို​သူများ လာ​ရောက်ပူး​ပေါင်းနိုင်ရန်ဖြစ်သည်ဟု ဆိုသည်။ 

လာရောက်ပူးပေါင်းလိုသူများအနေဖြင့် CDF က ထုတ်ပြန်ထားသည့် ပြောရေးဆိုခွင့်ရှိသူများ၏ ဖုန်းနံပါတ် သို့မဟုတ် သက်ဆိုင်ရာဒေသ၊ မြို့နယ်ရှိ CDF တပ်များနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်းလည်း ၎င်းက ​ပြောသည်။

ချင်းပြည်နယ်ရှိ မြို့နယ်များတွင် အာဏာသိမ်းစစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ မင်းတပ်၊ မတူပီ၊ ကန်ပက်လက်၊ ဟားခါး စသည့်မြို့နယ်များ၌ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများပြားခဲ့သည်။

ဇူလိုင် ၃၀ ရက်က ဖြစ်ပွားသည့် မင်းတပ် – မတူပီလမ်းပိုင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဒုဗိုလ်မှူးကြီးအဆင့်ရှိ တပ်ရင်းမှူးအပါအဝင် ၁၀ ဦးနှင့် CDF တပ်ဖွဲ့ဝင်သုံးဦး သေဆုံးခဲ့သည်။ 

ပြီးခဲ့သည့် ဇူလိုင်လအတွင်း မင်းတပ်မြို့နယ်ရှိ စစ်တပ်နှင့် ရဲအင်အား ၂၀ ကျော်ရှိ မကွီအိမ်နူး ရဲစခန်းကို CDF က သွားရောက်တိုက်ခိုက်ခဲ့ရာ ပြန်လည်ခုခံခြင်းမရှိဘဲ လက်နက်ချကာ စခန်းတာဝန်ခံ ဗိုလ်ကြီးအပါအဝင် စစ်သားနှစ်ဦးနှင့် ရဲအချို့က အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည်။ 

Show More

Related Articles

Back to top button