ကန့်သတ်ခံနေရတဲ့ လိင်စိတ်ခံယူမှုကွဲပြားသူများ

လိင်စိတ်ခံယူမှုကွဲပြားသူတွေဟာ အလုပ်အကိုင်ရဖို့ ပိုခက်ခဲတယ်၊ ပုံစံမျိုးစုံနဲ့ အကြမ်းဖက်တာကိုလည်း ရင်ဆိုင်ရတတ်တယ်လို့ သိရပါတယ်

သြဂုတ်လ ၁ ရက်နေ့က တွေ့ရတဲ့ မန္တလေးကျုံးဘေး တစ်နေရာ။ နောက်ပိုင်းမှာ မန္တလေးကျုံးဘေးကို အပန်းဖြေ၊ လမ်းလျှောက်၊ လေညင်းခံ၊ စကားပြော တွေ့ဆုံဖို့ ရည်ရွယ်ချက်တွေနဲ့ ရောက်လာသူတွေ အများအပြား ရှိသလို ညဉ့်ငှက်တချို့နဲ့ သူတို့ရဲ့ဖောက်သည်တချို့လည်း ရှိတတ်ပါတယ် (ဓာတ်ပုံ - စိုးရာဇာထွန်း)

ညနေခင်း လေနုအေး တိုက်ခတ်နေပြီး သာသာယာယာ ရှိတဲ့ မန္တလေးမြို့ကျုံးနံဘေး သစ်ပင်အောက် အမှောင်ရိပ်မှာ နီနီက သူငယ်ချင်းတချို့နဲ့ အတူရှိနေပါတယ်။ နီနီလို့ သူ့ကိုယ်သူ မိတ်ဆက်ပေမယ့် ဒါက သူ့နာမည်ရင်းတော့ မဟုတ်ပါဘူး။

သွယ်လျတဲ့ကိုယ်နေဟန်ထားနဲ့ အရပ်ငါးပေခွဲဝန်းကျင် ရှိတဲ့ နီနီက ကျွန်မကို စကားပြောဖို့ လမ်းမီးတိုင်မှိန်မှိန်အောက် ဝင်လာချိန်မှာတော့ ဆံပင်ပုံစံရဲ့ ပံ့ပိုးမှုကြောင့် ဗွီပုံသွယ်ကျနေတဲ့ သူ့မျက်နှာမှာ ထင်ပေါ်သွယ်စင်းတဲ့ နှာတံ၊ နှုတ်ခမ်းကျယ်ကျယ်၊ အပြုံးချိုချိုတို့ကို တွေ့ရပါတယ်။ သူဘယ်လိုပဲ မိန်းမ ဆန်ပါစေ၊ အများကတော့ သူ့ကို သူသိပ်ပြီးနှစ်သက်မှုမရှိတဲ့ဝေါဟာရဖြစ်တဲ့ မိန်းမလျာလို့ ဆိုကြပါတယ်။

သူ့ရဲ့ အလုပ်အကိုင်ကတော့ လိင်လုပ်သား သို့မဟုတ် ပြည့်တန်ဆာပါပဲ၊ နီနီတို့လောကမှာတော့ ကမ်းလှမ်းချက် လို့ အဓိပ္ပာယ်ရတဲ့ အင်္ဂလိပ်စကားလုံး offer (အော်ဖာ) ကို ပိုပြီး သုံးကြပါတယ်။

“သူများလို တန်းတူနေချင်တယ်၊ စားဖို့သောက်ဖို့လည်း လိုတဲ့အခါကျတော့ အော်ဖာဆင်းဖြစ်တယ်” လို့ တစ်ညတာ သို့မဟုတ် တစ်ခဏတာ ပျော်ပါးဖို့ လာခေါ်မယ့် ဖောက်သည်ကို စောင့်နေတဲ့ နီနီက ပြောပါတယ်။

နီနီတို့လို ယောက်ျားက မိန်းမလို ပြုမူပြောဆို၊ ဝတ်စားနေထိုင်သူတွေရဲ့ခံယူ ဖြစ်တည်မှုကို မိသားစုအတွင်းက လက်မခံနိုင်ကြတဲ့အတွက် အိမ်မှာ ဖိအားပေး ဆုံးမတာမျိုး ကြုံကြရပါတယ်၊ ဒါကို မခံနိုင်လို့ မိသားစုနဲ့ ဝေးရာ ရောက်လာတဲ့ အခါမှာလည်း လူ့အဖွဲ့အစည်းက နေရာမပေးတဲ့အတွက် အများနည်းတူ အလုပ်အကိုင်ရဖို့ ခက်ခဲလှပါတယ်။

ပိုဆိုးတာကတော့ သူတို့ဟာ မတူကွဲပြားတဲ့ အနေအထားကြောင့် ပုံစံမျိုးစုံနဲ့ အကြမ်းဖက်ခံရတာကို ရင်ဆိုင်နေရတယ်လို့ ပြောကြပါတယ်။

မွေးရာပါ ဖြစ်တည်မှု

နီနီတို့လို မိန်းမဆန်ဆန်နေထိုင်သူတွေဟာ နတ်ကတော်၊ အလှဖန်တီးရှင်၊ လိင်လုပ်သားစတဲ့ အသက်မွေးကြောင်းလုပ်ငန်းတွေ အတွင်းမှာသာ ကျင်လည်ရလေ့ရှိပါတယ်။ ဒါတွေဟာ တမင်ဖန်တီးထားတာ မဟုတ်ပေမယ့် လူအဖွဲ့အစည်းက အလုပ်အကိုင် ကန့်သတ်ပေးထားသလို ဖြစ်နေပါတယ်။

လူတစ်ယောက်ရဲ့ ယောက်ျား၊ မိန်းမ ခံယူဖြစ်တည်မှုအပေါ် မူတည်ပြီး ခန္ဓာကိုယ်၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ၊ တိုးတက်ဖွံ့ဖြိုးမယ့်လမ်းကြောင်း တစ်ခုခုကို အနှောင့်အယှက် ဖြစ်အောင်၊ ထိခိုက်အောင်၊ နာကျင်အောင် လုပ်တဲ့ လုပ်ရပ်တွေဟာ ကျား မ အခြေပြု အကြမ်းဖက်မှုပဲလို့ လူ့အခွင့်အရေး အဖွဲ့တွေက သတ်မှတ်ကြပါတယ်။

အကြမ်းဖက်မှုတွေဟာ မိသားစုအတွင်းမှာ အစပြုတာမျိုးလည်း ဖြစ်လေ့ရှိတယ်လို့ လိင်စိတ်ခံယူမှုကွဲပြားသူတွေနဲ့ ပတ်သက်ပြီး စစ်တမ်းကောက်နေတဲ့ Colors Rainbow အဖွဲ့မှ အစီစဉ်ဒါရိုက်တာ ကိုလှမြတ်ထွန်းက ပြောပါတယ်။

“တစ်ယောက်ဆိုရင် အသက် ၄နှစ်လောက်မှာ သူ့ကိုယ်သူ မိန်းကလေးဆိုတာကို သိနေပြီ၊ ဆိုတော့ မိန်းကလေးလို နေထိုင်ပြုမူတယ်၊ ဒါကို အဖေဖြစ်သူက လက်မခံနိုင်တော့ သူ့ကိုခြေထောက်ကကိုင်ပြီး နံရံနဲ့ လွှဲရိုက်တာခံခဲ့ရတယ်” လို့ ကိုလှမြတ်ထွန်းက ပြောပြပါတယ်။

စာသင်ကျောင်းမှာ ဆိုရင်လည်း ဆရာ၊ ဆရာမတချို့က အများရှေ့မှာ မကြာခဏ အရှက်ခွဲ၊ အပြစ်ပေးခြင်း၊ ကျောင်းသားအချင်းချင်း အနိုင်ကျင့်တတ်ခြင်းတို့ကြောင့် ကျောင်းထွက်ကြသူတွေ ရှိနေတယ်လို့ Colors Rainbow အဖွဲ့က လိင်စိတ်ခံယူမှုကွဲပြားသူတွေကို အခြေခံ ပြီးပြုစုထားတဲ့ အနိုင်ကျင့်ခံအဖြစ်မှ အပြောင်းအလဲကို ကူညီဆောင်ကျဉ်းသူများအဖြစ်သို့ ဆိုတဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မန္တလေးကျုံးဘေးမှာ ကျက်စားတတ်တဲ့ နီနီရဲ့ အတွေ့အကြုံမှာတော့ မိသားစုက သူယောက်ျားလေး အဝတ်အစားနဲ့ မိန်းကလေးစိတ် ဖြစ်နေတာ ပြဿနာကြီး မဟုတ်ပေမယ့် ပထွေးဖြစ်သူနဲ့တော့ သူ အဆင်မပြေခဲ့ပါဘူး။ နယ်မြို့လေးတစ်ခုမှာ အထက်တန်းအောင်တဲ့အချိန် တက္ကသိုလ်ဆက်တက်ဖို့ အခြေအနေမပေး၊ ပထွေးဖြစ်သူနဲ့ စကားများတာကြောင့် အိမ်ကထွက်ပြေးရင်း မန္တလေးကို ရောက်လာခဲ့တာပါ။

ကျွန်မနဲ့တွေ့တဲ့အချိန်မှာ အသက်၂၈နှစ်ရှိနေပြီဖြစ်တဲ့ နီနီက မန္တလေးကိုသူရောက်နေတာ ၁ဝနှစ်ကျော်ပြီလို့ ဆိုပါတယ်။ မန္တလေးရောက်လာချိန်မှာတော့ အလုပ်အကိုင်ရဖို့ ခက်ခဲတာတွေကြောင့် လိင်အဖျော်ဖြေခံ လုပ်သားအဖြစ်ကို ရောက်ရှိရတယ်လို့ သိရပါတယ်။

အသက်မွေးဝမ်းကြောင်း လုပ်ငန်း အကန့်အသတ်ရှိတဲ့ နီနီတို့လို ယောက်ျားကနေ မိန်းမအဖြစ် ဝတ်စားနေထိုင် သူတွေ အများဆုံး ရောက်လာတဲ့လမ်းကြောင်းက ပြည့်တန်ဆာအလုပ်ပါပဲ။

ပြည့်တန်ဆာလောကထဲ တွန်းပို့ခံရသလို ဖြစ်နေတယ်လို့ မန္တလေး LGBT (လိင်စိတ်ခံယူမှုကွဲပြားသူများ) ကွန်ရက်ရဲ့ အဓိကဆက်သွယ်ဆောင်ရွက်သူတစ်ဦးဖြစ်တဲ့ ကိုဂန္တဝင်က သုံးသပ်ပါတယ်။

“အလုပ်သွားလျှောက်တဲ့အခါ လုပ်ငန်းရှင်တွေက မင်းဒီပုံစံနဲ့မရဘူး၊ ဒီအလုပ်ကို လိုချင်တယ်ဆိုရင် ဆံပင်တွေညှပ်ခဲ့၊ ယောက်ျားလိုဝတ်ခဲ့ ဆိုတာမျိုး လုပ်ပါတယ်” လို့ ကိုဂန္တဝင်က ပြောပါတယ်။

ဒီလိုဖြစ်ရပ်တွေကို သာမန်လို့မြင်ပြီး ကျော်သွားနေကြပေမယ့်၊ လူတစ်ယောက်ရဲ့ ကျား မ ခံယူ ဖြစ်တည်မှုအပေါ် မူတည်ပြီး အလုပ်ပေးဖို့ ငြင်းဆန်ခြင်းဟာ အဲဒီလူကို စီးပွားရေးအရ၊ အသက်မွေးဝမ်းကျောင်းအရ အကြမ်းဖက်ခြင်း ဖြစ်တယ်လို့ လူ့အခွင့်အရေးသမားတွေက သတ်မှတ်ပါတယ်။

နာမည်ကျော်ပုဒ်မ ၃၇၇

ယောက်ျားကနေ မိန်းမအဖြစ် ဝတ်စားနေထိုင်သူတွေဟာ လူတွေကြားမှာ ပေါ်ပေါ်လွင်လွင် ဖြစ်နေတတ်တာကြောင့် လိင်ပိုင်း၊ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုတွေ ရှိလာတယ်၊ ဒီလိုလူတွေအပေါ် အကြမ်းဖက်မှုတွေရဲ့ ၇၆ရာခိုင်နှုန်းကို ရဲတွေက ကျူးလွန်တာ ဖြစ်ကြောင်း လေ့လာ တွေ့ရှိရတယ်လို့ Colors Rainbow အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ကိုလှမြတ်ထွန်းက ပြောပါတယ်။

အမျိုးသမီးအဖြစ်ခံယူနေထိုင်သူတွေကို အရေးယူတဲ့အခါ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၇၇ ကို အသုံးပြုတယ်လို့ ဆိုပါတယ်။

"ဓမ္မတာနှင့်ဆန့်ကျင်သော ကာမစပ်ယှက်မှုကိုပြုလျှင် ထိုသူကို တစ်သက်တစ်ကျွန်းဒဏ်ဖြစ်စေ၊ ဆယ်နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးကိုဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်" လို့ ပုဒ်မ ၃၇၇ မှာ ပြဋ္ဌာန်းထားတာပါ။

သူတို့အဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာတော့ ဂေးတွေကို ပုဒ်မ ၃၇၇ နဲ့ အရေးယူတာထက် ခြိမ်းခြောက် ငွေညှစ်တာတွေသာ အများဆုံးဖြစ်နေတယ်လို့ ဆိုထားပါတယ်။ ရဲအရေးပိုင်တဲ့ မှောင်ရိပ်ခိုမှုလိုမျိုး ဥပဒေတွေသုံးပြီး ဖမ်းဆီးကြပြီးတော့ ငွေညှစ်တာဟာလည်း အဖြစ်များတဲ့ ကိစ္စတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

"မာမီ"လို့ ခေါ်တာကို ပိုနှစ်သက်ပြီး "အခြောက်" လို့ ခေါ်တာကို လက်မခံချင်တဲ့ နီနီကတော့ သူဟာ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်ရဲစခန်းမှာ ၂၀၁၆ ခုနှစ်အတွင်းက အနိုင်ကျင့်ခံရ၊ ငွေညစ်ခံရတယ်လို့ ဆိုပါတယ်။

“အော်ဖာလိုက်တဲ့အခါ ရဲတွေက ထောင်ဖမ်းပြီးတော့ ပိုက်ဆံတောင်းတာတွေ ရှိတယ်၊ ရိုက်ပြီးတော့လည်း ပိုက်ဆံတောင်းတယ်” လို့ နီနီက ပြောပါတယ်။

ပြည်ကြီးတံခွန်ရဲစခန်းကတော့ နီနီပြောပြတဲ့ဖြစ်စဉ်၊ ကိုလှမြတ်ထွန်းတို့ရဲ့ အစီရင်ခံစာပါ စွပ်စွဲချက်တို့ကို လက်မခံပါဘူး။

“ကျွန်တော်တို့ဆီမှာ အခြောက်မို့လို့ နှိပ်ကွပ်ပြီး ဖမ်းတာမျိုးတော့ မရှိပါဘူး။ ဖမ်းရင် တရားဝင်ဖမ်း၊ တရားဝင် အမှုဖွင့်တာမျိုးပဲ ရှိပါတယ်။ ရိုက်တာ၊ နှက်တာ၊ ငွေညှစ်တာမျိုး မရှိပါဘူး။ လိင်လုပ်သားလုပ်ခဲ့မယ် ဆိုရင်တော့ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၇၇ နဲ့ ငြိမှာပေါ့” လို့ ပြည်ကြီးတံခွန်ရဲစခန်း အရာရှိတစ်ဦးက ဇူလိုင်၂၇ ရက်နေ့မှာ ပြောပါတယ်။

ပြစ်မှုကျူးလွန်ဖို့အနေအထားရှိတယ်လို့ ယူဆရရင် ဘယ်သူ့ကိုမဆို တည်ဆဲဥပဒေတွေအတိုင်း လိုအပ်သလို ထိန်းသိမ်း စစ်ဆေးရတာကတော့ ဥပဒေစိုးမိုးရေးအရ လုပ်ဆောင်ခြင်း ဖြစ်တယ်လို့ သူက ဆိုပါတယ်။

အများနည်းတူ

မိန်းကလေးဆိုရင် သိမ်သိမ်မွေ့မွေ့၊ လှလှပပ နေရမယ်၊ အိမ်ထောင်မှုလုပ် သိမ်းထုတ်သေချာစေရမယ်၊ ယောက်ျားလေးဆိုရင်လည်း ကျားကျားယားယား နေရမယ်၊ အိမ်ထောင်ဦးစီး ဖြစ်တယ် စသဖြင့်ခွဲခြား သတ်မှတ် ပုံသွင်းထားတာတွေကြောင့် လှပလိုတဲ့၊ သိမ်မွေ့တတ်တဲ့ ယောက်ျားလေးများဟာ ပြစ်တင် ရှုတ်ချခံရတယ်၊ ယောက်ျားလေးလို ဝတ်စားဆင်ယင်တဲ့ မိန်းကလေးများလည်း လှောင်ပြောင်ခံရ၊ ခွဲခြားဆက်ဆံခံကြရတယ်လို့ မန္တလေး LGBT ကွန်ရက်ရဲ့ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ကိုဂန္တဝင်က ဆိုပါတယ်။

LGBT လို့ ခေါ်ကြတဲ့ လိင်စိတ်ခံယူမှုကွဲပြားသူတွေဟာ လူ့အခွင့်အရေးတွေကိုပဲ တောင်းဆိုနေတာ ဖြစ်ကြောင်း ကိုဂန္တဝင်က ပြောပါတယ်။

“သာမန်ယောက်ျားမိန်းမတွေလည်း လက်ထပ်ကြတယ်၊ ယဉ်ကျေးမှုမှာပါဝင်တယ်၊ လူမှုရေးမှာပါဝင်တယ်၊ ပညာသင်ခွင့်တွေရတယ်၊ အလုပ်အကိုင်တွေရတယ်။ LGBTတွေလည်း အဲ့ဒီလိုအခွင့်အရေးတွေပဲ တောင်းတာပါ၊ ပိုတောင်းတာ မရှိပါဘူး” လို့ ကိုဂန္တဝင်က ဆိုပါတယ်။

လူ့အခွင့်အရေး၊ လူနည်းစုအခွင့်အရေးတွေ ဖော်ဆောင်တဲ့ အစိုးရဟာ LGBTတွေရဲ့ အရေးကိုလည်း ထည့်သွင်း စဉ်းစားပေးဖို့လိုတယ် ဆိုတာကတော့ သူတို့ရဲ့ လိုလားချက်ပါပဲ။

မန္တလေးကျုံးဘေးမှာ ရှိတတ်တဲ့ နီနီကလည်း လူတစ်ယောက်ရဲ့ယောက်ျား၊ မိန်းမအဖြစ် ခံယူချက်ပေါ် မူတည်ပြီး အလုပ်အကိုင် ငြင်းပယ်ခံရ၊ ခွဲခြားဆက်ဆံ ခံရ၊ ဥပဒေအကာကွယ် မရရှိတာတွေဟာ ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီဘူးလို့ ယူဆပါတယ်။

“ဒီမိုကရေစီရတဲ့နိင်ငံမှာ သူများပစ္စည်းကို ခိုးတာလည်း မဟုတ်ဘူး၊ ဆန့်ကျင်ဘက်လိင်လို ပြောင်းလဲ ဝတ်ဆင်နေထိုင်သူတွေလည်း အများနည်းတူ သွားလာ လှုပ်ရှားပိုင်ခွင့်ရှိပါတယ်” လို့ နီနီက ပြောလိုက်ပါတယ်။ ။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading