သတင်း

စစ်အာဏာရှင်ကို အလဲထိုးအနိုင်ယူမည့် ၃၃ ပြည့် မြန်မာ့ဒီမိုကရေစီခရီးကြမ်း 

“၈၈ က အကြွေးဟောင်း ၂၁ မှာ အပြီးတောင်း”။ စစ်အာဏာရှင်တော်လှန်ရေးအတွင်းက မြန်မာပြည်သူလူထု၏ ကြွေးကြော်သံဖြစ်သည်။ ၁၉၈၈ ခုနှစ် ဩဂုတ် ၈ ရက်နေ့မှ ယနေ့အချိန်ထိ ဒီမိုကရေစီကို လိုလားတောင့်တသော ပြည်သူများက ခေတ်အဆက်ဆက် ပေးဆပ်ခဲ့ရသော အသက်သွေးချွေးများအတွက် အကြွေးဟောင်းအကြွေးသစ်များ တောင်းနေခြင်းဖြစ်သည်။

‘ရှစ်လေးလုံး’ အရေးတော်ပုံမှာ ၃၃ နှစ်ပြည့်မြောက်သည့် ယနေ့ (ဩဂုတ် ၈) တွင် နိုင်ငံတကာရှိ မြန်မာပြည်သူများက ၎င်းတို့ရောက်ရှိရာ နိုင်ငံများတွင် အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြပွဲများ ဆင်နွှဲခဲ့ကြသည့်နည်းတူ ပြည်တွင်း၌လည်း နည်းမျိုးစုံဖြင့် ဆန္ဒဖော်ထုတ်များရှိခဲ့သည်။

အာဏာရှင်မျိုးဆက် စစ်ဗိုလ်ချုပ်များက ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် အာဏာသိမ်းယူခဲ့ရာ ခြောက်လကျော်ရှိလာပြီဖြစ်ကာ နိုင်ငံ့အနှံ့တွင် အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများနည်းတူ စစ်အာဏာရှင်ဖြုတ်ချရေး လက်နက်ကိုင်တိုက်ပွဲများလည်း ဖြစ်ပေါ်လျက်ရှိသည်။

နှစ်ပေါင်း ၃၀ ကျော် ဗိုလ်ကျစိုးမိုးခဲ့သည့် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် အလဲထိုးရမည့်ပွဲဖြစ်ကြောင်း ယနေ့ကျရောက်သည့် ရှစ်လေးသုံး ၃၃ နှစ်ပြည့်အထိမ်းအမှတ်နေ့တွင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က ပြောကြားသည်။

“လက်ဝှေ့စကားနဲ့ ပြောရရင် အချီပြည့်ထိုးပြီးပြီ။ အချီတိုင်းမှာ နိုင်ပြီးသားချည်း။ ဒါလူတိုင်းသိတယ်။ ကမ္ဘာကြီးပါသိတယ်။ ဒါပေမဲ့ အမှတ်နဲ့နိုင်တာ မရဘူးတဲ့။ အလဲထိုးမှနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်သွားတာ။ အလဲထိုးဖို့ပဲရှိတယ်။ အဲဒီကျမှ ဒိုင်လူကြီးလိုလို ဆရာ့ဆရာကြီးလိုလိုတော့ လာမချုပ်နဲ့” ဟု ၎င်းက ဆိုသည်။

ခေတ်အဆက်ဆက် အာဏာရှင်များက လူထုအပေါ် တင်ရှိနေသည့် သမိုင်းကြွေးကို ရယူနိုင်ရန် ၂၀၂၁ နွေဦးတော်လှန်ရေးကို အပြီးသတ်တိုက်ယူရမည်ဖြစ်ကြောင်း မန္တလေးမြို့မှ နာမည်ကျော် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါက်တာတေဇာဆန်းက ဆိုသည်။

“ကျွန်တော်တို့ရဲ့ ကြွေးကြော်သံကတော့ ၈၈ က သွေးကြေးဟောင်း ၂၁ မှာ အပြီးတောင်းပဲ ဖြစ်ပါတယ်။ အာဏာရှင်စနစ်ဆိုးကို အဆုံးသတ်တိုက်ပွဲအဖြစ် အနိုင်ယူကြဖို့ အနိုင်ဆင်နွှဲကြဖို့ပဲ ဖြစ်ပါတယ်ခင်ဗျာ။

လူထုရဲ့ ခြောက်လကျော် ဖြတ်သန်းမှုတွေဟာလည်းပဲ အောင်ပွဲအတွက် အကောင်းဆုံး သက်သေဖြစ်နေပြီ လို့ပဲ ပြောလိုပါတယ်” ဟု ၎င်းက ပြောသည်။ 

လက်ရှိတွင် အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ခြောက်လကျော်ရှိလာပြီဖြစ်သော်လည်း အစိုးရအုပ်ချုပ်ရေးယန္တရားပြည့်ဝစွာ လည်ပတ်နိုင်ခြင်း မရှိသေးသည့်အပြင် တိုင်းရင်းဒေသများအပါအဝင် အမြို့မြို့အနယ်နယ်၌ လူထု၏ အနိုင်မခံ အရှုံးမပေးသော ဆန့်ကျင်တွန်းလှန်မှုများကို ရင်ဆိုင်နေရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လက်နက်ကိုင် ခုခံတိုက်ခိုက်သည့်တိုက်ပွဲများအပြင် စစ်အာဏာရှင်ဘက်တော်သား အုပ်ချုပ်ရေးမှူးများနှင့် သတင်းပေးဒလန်များ လုပ်ကြံသတ်ဖြတ်ခံရမှု၊ ဗုံးခွဲတိုက်ခိုက်ခံရမှုများလည်း နေရာဒေသအလိုက် နေ့စဉ်ရက်ဆက် ဖြစ်ပေါ်လျက်ရှိသည်။

ယမန်နေ့ (ဩဂုတ် ၇) ညပိုင်းတွင် ရန်ကုန်မြို့ ဟံသာဝတီအဝိုင်းအနီးရှိ မြန်မာ့အသံဝင်းအတွင်းရှိ စစ်ကောင်စီလက်နက်ကိုင်များကို စစ်အာဏာရှင်ဆန့်ကျင်သူအချို့က လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ထိခိုက်မှုရှိခဲ့သည်။

ရှစ်လေးလုံးအရေးတော်ပုံ ၃၃ နှစ်ပြည့် ယနေ့တွင်လည်း ရန်ကုန်မြို့ရှိ အချို့သော နေရာများနှင့် အချို့သော ဒေသများတွင် စစ်ကောင်စီလက်နက်ကိုင်များ ပစ်ခတ်တိုက်ခိုက်ခံရမှုနှင့် ဗုံးခွဲတိုက်ခိုက်ခံရမှုများ ရှိခဲ့သည်။

ထို့ပြင် ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ တနင်္သာရီ၊ ကချင်၊ မွန်ပြည်နယ်နှင့် မကွေးတိုင်းအတွင်းရှိ မြို့နယ်ပေါင်း ၂၀ ကျော်တွင် ရှစ်လေးလုံးအထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ‘၈၈ က အကြွေးဟောင်း ၂၁ မှာ အပြီးတောင်း” ဆိုးသော ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုအရ စစ်အုပ်စုခြယ်လှယ်နေသည့် နိုင်ငံရေးအခင်းအကျင်းများဖြင့် ဒီမိုကရေစီမရရှိနိုင်သည်ကို ပြည်သူလူထုတစ်ရပ်လုံးက သဘောပေါက်ခဲ့ပြီဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌကိုညီဇော်က ဆိုသည်။

“ကိုယ့်အားကိုယ်ကိုးပြီး လက်ရှိတိုက်ပွဲဝင်နေကြတဲ့ သပိတ်အင်အားစုတွေ၊ CDM အင်အားစုတွေ၊ လက်နက်ကိုင်အင်အားစုတွေ၊ လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေ၊ လူမျိုးစုအဖွဲ့တွေနဲ့ အဖိနှိပ်ခံ လူထုတစ်ရပ်လုံး လက်တွဲညီညီသွားမှသာလျှင် အာဏာရှင်စနစ်တိုက်ဖျက်ရေးကို လုပ်လို့ရနိုင်မယ်” ဟုလည်း ၎င်းက ပြောသည်။ 

ရှစ်​လေးလုံးဒီမိုက​ရေစီအ​ရေး​တော်ပုံကြီး၏ မပြီးဆုံး​သေး​သော တိုက်ပွဲကို လက်ရှိ​နွေဦး​တော်လှန်​ရေးက လက်ဆင့်ကမ်းသယ်ဆောင်ကာ ဖက်ဒရယ်ဒီမိုက​ရေစီ​ရေးအတွက် ဆက်လက်တိုက်ပွဲဝင်​နေကြခြင်းဖြစ်သည်ဟု ယနေ့လမ်းပေါ်ထွက်ခဲ့သည့် မုံရွာမြို့မှ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြစစ်ကြောင်းက ဆိုသည်။ 

ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ လမ်းပေါ်မှ ဆန္ဒပြပွဲများ အကြမ်းဖက်ဖြိုခွင်းခံရစဉ်လည်းကောင်း စစ်ကောင်စီ၏ အမျိုးမျိုးသော ဖမ်းဆီးသတ်ဖြတ်မှုများကြောင့်လည်းကောင်း အရပ်သားပြည်သူတစ်ထောင်နီးပါး သေဆုံးခဲ့ရပြီး ဖမ်းဆီးခံခဲ့ရသူ ၆၀၀၀ ခန့်ရှိသည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။

ခေတ်အဆက်ဆက်တွင် စစ်အာဏာရှင်များ၏ မတရားဖိနှိပ်သတ်ဖြတ်မှုကို ခါးစည်းခံခဲ့ရသည့် ပြည်သူလူထုအတွက် တရားမျှတမှု ဖော်ထုတ်ပေးရမည်ဖြစ်ကြောင်း Generation Wave အဖွဲ့ဥက္ကဋ္ဌ ကိုမိုဃ်းသွေးက ဆိုသည်။

“နွေဦးတော်လှန်ရေးကို မည်သည့်ပုံစံနဲ့ အဆုံးသတ်သည်ဖြစ်စေ နစ်နာခဲ့ရတဲ့ ပြည်သူတွေအတွက် အမှန်တရားဖော်ထုတ်ပေးရမယ်။ တရားမျှတမှုကို ဖော်ထုတ်ပေးရမယ်။ အဲ့ဒီဟာကို ကျွန်တော်တို့ မေ့မထားဖို့ လိုပါတယ်” ဟု ၎င်းက ပြောသည်။ 

Show More

Related Articles

Back to top button