သတင်း

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့ ပြောရေးဆိုခွင့်ကို စစ်ကောင်စီ ထိန်းချုပ်

အာဏာသိမ်းပြီး ခြောက်လအကြာတွင် ရင်ဆိုင်ရမည့် အမှုပေါင်း ၁၁ မှုအထိရှိနေသည့် ဒေါ်အောင်ဆန်းစုကြည်အတွက် လိုက်ပါဆောင်ရွက်နေသည့် ငါးဦးပါ ရှေ့နေအဖွဲ့ဝင် အချို့၏ ပြောရေးဆိုခွင့်ကို စစ်ကောင်စီက ထိန်းချုပ်လိုက်ကြောင်း ရှေ့နေအသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။

ရန်ကုန်မြို့၌ နေထိုင်သည့် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့ဝင်တစ်ဦးကို ဩဂုတ် ၆ရက် ညနေပိုင်းတွင် ရဲက နေအိမ်သို့ လာခေါ်၍ တာမွေမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ပြည်တွင်း၊ ပြည်ပ မီဒီယာနှင့် အဖွဲ့ အစည်းများထံ သတင်းပြန်ကြားခြင်းမပြုရန် ခံဝန်ထိုးခိုင်းသည်ဟု သိရသည်။

“အုပ်ချုပ်ရေးမှူးက သူ့ကို နိုင်ငံတကာနဲ့ အဆက်အစပ်ရှိတယ်ဆိုပြီး စွပ်စွဲတယ်။ သတင်းတွေ ဘာတွေ မပြောဖို့ သူ့ကိုတားမြစ်တယ်။ ပြီးတော့ ပြန်လွှတ်လိုက်တယ်”ဟု ရှေ့နေတစ်ဦးကပြောသည်။ အသေးစိတ် အခြေအနေများကိုမူ ၎င်းက ထုတ်ဖော် အသိပေးရန် ငြင်းဆိုသည်။

Myanmar Nowက ရရှိထားသော သတင်းအရ စစ်ကောင်စီ၏ ထိုသို့ ထိန်းချုပ်မှုကို ကြုံရသူမှာ ဒေါ်စန်းမာလာညွန့်ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့ဝင်များဖြစ်သည့် ဦးခင်မောင်ဇော်၊ ဒေါ်မင်းမင်းစိုး၊ ဦးသဲမောင်မောင်တို့မှာ နေပြည်တော်တွင် နေထိုင်ကြပြီး ဦးကြည်ဝင်းနှင့် ဒေါ်စန်းမာလာညွန့်တို့သည် ရန်ကုန်၌ အခြေစိုက်ကြခြင်း ဖြစ်သည်။

လက်ရှိတွင် ထိုရှေ့နေငါးဦးစလုံး၏ လက်ကိုင်ဖုန်းများကို ဆက်သွယ်နိုင်ခြင်းမရှိသဖြင့် စစ်ကောင်စီ၏ ခံဝန်ထိန်းချုပ်ခံရသူမှာ ဒေါ်စန်းမာလာညွန့်အပြင် အခြားမည်သူတို့ ပါဝင်ကြောင်း အတိအကျမ သိရသေးပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ဖေဖော်ဝါရီ ၁ အာဏာသိမ်းကြောင်း မကြေညာမီကတည်းက စစ်တပ်က ဖမ်းဆီးထားပြီးနောက် အမှုမျိုးစုံဖြင့် တရားရုံးတင်စစ်ဆေးနေခြင်းဖြစ်သည်။

မည်သည့်နေရာတွင် ထိန်းသိမ်းထားကြောင်း အတိအကျမသိရသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ကောင်စီဝင်းအတွင်းရှိ အဆောက်အအုံတစ်ခုတွင် အထူးတရားရုံးဖွင့်ကာ တစ်ပတ်လျှင် နှစ်ရက် ရုံးထုတ်စစ်ဆေးနေသည်။

သို့သော် ကိုဗစ်နိုင်တင်းကပ်ရောဂါ တတိယလှိုင်း ဆိုးရွားပြင်းထန်စွာကြုံရချိန် ဇူလိုင်လမှစ၍ ရုံးချိန်းများကို ရပ်နားထားပြီး စစ်ကောင်စီကလည်း ကျောင်းနှင့် ရုံးဌာနအလုပ်ပိတ်ရက်များကို ဩဂုတ် ၁၅ အထိ ထပ်မံ တိုးမြှင့်ထားသည်။

နေပြည်တော်ရှိ အထူးတရားရုံးချိန်းများတွင် တရားခွင်မစတင်မီ နာရီဝက်ခန့် ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေအဖွဲ့တို့ တွေ့ခွင့်ရလေ့ရှိသည်။ ထိုသို့ တွေ့ဆုံစဉ် ရှေ့နေအဖွဲ့ထံမှတဆင့် ဒေါ်အောင်ဆန်းစုကြည် ပါးခဲ့သည့်  “ပြည်သူရှိသရွှေ့ NLD ရှိနေမည်”၊ “ပြည်သူများ ကိုဗစ်အန္တရာယ်ကြုံမည်ကို စိုးရိမ်နေသည်” စသည့် သတင်းစကားများမှာ ထင်ရှားသည်။ 

Show More

Related Articles

Back to top button