မေးမြန်းခန်း

“စစ်ကောင်စီကို မနာခံနဲ့၊ ပြည်သူကို မနှိပ်စက်နဲ့”

အာဏာသိမ်းစစ်ကောင်စီကို ဆက်လက်သစ္စာခံမနေဘဲ ပြည်သူဘက်မှ ရပ်တည်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်တွန်းလိုက်သည်။ Myanmar Now က ဆက်သွယ်မေးမြန်းစဉ် ဝန်ကြီးက ခုခံကာကွယ်ပိုင်ခွင့်၊ စစ်ခေါင်းဆောင်များ ရွေးချယ်ရမည့်လမ်း၊ တော်လှန်ရေးအဖွဲ့၏ ညှိနှိုင်းကွပ်ကဲမှုတို့အကြောင်း ပြောပြထားသည်။

မေး − တော်လှန်ရေး ဘယ်တော့စမလဲ။ D Day  အကြောင်း နည်းနည်းရှင်းပြပေးပါ။ 

ဖြေ − ဖေဖော်ဝါရီ ၁ရက် စစ်အာဏာသိမ်းတယ်ဆိုတာက စစ်ကောင်စီက ပြည်သူကို စစ်ကြေညာလိုက်တာပါပဲ။ ပြောမယ်ဆိုရင် တော်လှန်ရေးဟာ ဖေဖော်ဝါရီ ၁ရက်နေ့ကတည်းက စတယ်။ မြန်မာပြည်သူတွေ၊ လူငယ်တွေဟာ ပုံစံအမျိုးမျိုး၊ နည်းလမ်းအမျိုးမျိုးနဲ့ စစ်ကောင်စီကို ဆန့်ကျင်ခဲ့ကြတယ်။ စစ်ကောင်စီရဲ့ လူမဆန်တဲ့ အကြမ်းဖက်ဖိနှိပ်မှုတွေကို ငြိမ်းချမ်းတဲ့နည်းသက်သက်နဲ့ ရင်ဆိုင်ဖို့ မဖြစ်နိုင်တော့တဲ့အတွက် လူငယ်တွေအနေနဲ့ အခြားနည်းလမ်းတွေကို ရှာဖွေလာရတယ်။ မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ကို ကျင့်သုံးလာကြတယ်ဆိုတာ တွေ့ရမှာပါ။

ပြည်သူတွေရဲ့ လိုလားချက်က ပြည်သူ့အာဏာ ပြည်သူ့လက်ဝယ် ပြန်လည်ရရှိရေးပဲ။ ဒီတာဝန်ကိုထမ်းဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှာ တာဝန်ရှိတယ်လို့ ကျွန်တော်တို့ ခံယူတယ်။ အခုဆိုရင် လူငယ်တွေရဲ့ မိမိကိုယ်ကို ခုခံကာကွယ်တဲ့ လှုပ်ရှားမှုတွေကို တစ်စုတစ်စည်းတည်းဖြစ်ဖို့၊ စနစ်တကျဖြစ်ဖို့ ရည်ရွယ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ဖွဲ့စည်းနေသလို မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေနဲ့လည်း နိုင်ငံရေး၊ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်ဖို့ အစီအစဉ်တွေ ချမှတ်နေတာ ရှိပါတယ်။

ပြည်သူတွေမျှော်လင့်နေတဲ့ D-Day ဆိုတာ ဘာလဲ။ စစ်အာဏာအုပ်စိုးမှုကို ဆန့်ကျင်တိုက်ဖျက်ဖို့ “တစ်ပြည်လုံး” “တစ်ပြိုင်နက်တည်း” “နည်းလမ်းစုံနဲ့” “ဗျူဟာမြောက်” ဆင်နွှဲတဲ့ လှုပ်ရှားမှုလို့ ကျွန်တော်တို့ နားလည်ပါတယ်။

အခုဆိုရင် တပ်ဖွဲ့စည်းမှု၊ စစ်ဘက်ဆိုင်ရာ ရာထူးတာဝန်ခန့်အပ်မှု၊ လက်နက်တပ်ဆင်မှုကို အရှိန်မြှင့် ဆောင်ရွက်နေပြီလို့ အသိပေးချင်ပါတယ်။

မေး − စစ်ကောင်စီတပ်သားတွေနဲ့ PDF တပ်ဖွဲ့ဝင်တွေရဲ့ ခြားနားချက်က ဘာဖြစ်မလဲ။

ဖြေ −  စစ်ကောင်စီလက်ကိုင်တုတ်တွေဟာ ယုံကြည်ချက်မဲ့၊ ကျင့်ဝတ်မဲ့၊ စည်းကမ်းမဲ့၊ အသိဉာဏ်မဲ့ စိတ်ဓာတ်ရေးမှာ ဖရိုဖရဲဖြစ်နေပြီဆိုတာ တွေ့ရမယ်။ တပ်မတော်ဆိုတဲ့ အမည်နာမကို ခံယူဖို့ မထိုက်တန်တော့ဘူး။ တပ်မတော်တစ်ရပ်ရဲ့ အရည်အချင်း ပျက်ယွင်းခဲ့ပြီဖြစ်တဲ့ လက်နက်ကိုင် အကြမ်းဖက်အုပ်စုများအဖြစ်လည်း ပြည်သူက ရှုမြင်ထားပြီးပါပြီ။ PDF ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေနဲ့ စစ်ကောင်စီလက်ကိုင်တုတ်တွေအကြား အဓိကကွာခြားချက်က “စိတ်ဓာတ်” လို့ ပြောရမယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေဟာ စိတ်ဓာတ်ကောင်းတယ်၊ ယုံကြည်ချက်ရှိတယ်၊ ကျင့်ဝတ်နဲ့ စည်းကမ်းရှိတယ်၊ ဉာဏ်ပညာလည်း မြင့်မားတယ်ဆိုတာ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။

မေး − စစ်ကောင်စီအတွက် မျှော်လင့်ချက်ရှိဦးမလား။

ဖြေ −  ပြည်သူတွေရဲ့ လိုလားမှု၊ ထောက်ခံမှု၊ အသိအမှတ်ပြုမှုမရှိဘဲ ဘယ်ပုဂ္ဂိုလ်၊ ဘယ်အဖွဲ့အစည်းမှ မတည်ရှိနိုင်ပါဘူး။ စစ်ကောင်စီအတွက် မျှော်လင့်ချက်မရှိတော့ဘူးလို့ပဲ ပြောရမယ်။ စစ်ကောင်စီလုပ်လိုက်၊ အိမ်စောင့်အစိုးရပြောလိုက် စမ်းတဝါးဝါးဖြစ်နေတာလည်း အသိပါပဲ။ သူတို့အနေနဲ့ ခွေးကျလား၊ ကြောင်ကျလား ရွေးချယ်ဖို့ပဲ ကျန်တော့တယ်။ ပြည်သူ့အာဏာ ပြည်သူ့လက်ဝယ် ပြန်အပ်မယ်၊ စစ်တန်းလျားကို ပြန်မယ်ဆိုရင်တော့ အကျသက်သာဖို့ ရှိပါတယ်။

မေး − စစ်ကောင်စီလက်အောက်ခံတပ်တွေကို ဘာပြောချင်လဲ။

ဖြေ − စစ်ကောင်စီလက်နက်ကိုင်တပ်တွေကို အဓိကပြောချင်တာက “ကိုယ့်အသိဉာဏ် ကိုယ်အသုံးချနိုင်တဲ့သူတွေ” ဖြစ်ဖို့ပါပဲ။ အမှန်အမှား၊ အကောင်းအဆိုး၊ အကြောင်းအကျိုးကို ဝေဖန်ပိုင်းခြားနိုင်မှ အသိဉာဏ်ရှိတဲ့သူတွေ ဖြစ်မယ်။ စစ်ကောင်စီလက်အောက်ခံ တပ်သားတွေကို ပြည်သူက ‘စစ်ခွေး’ လို့ ခေါ်နေကြတာကြည့်ရင် သိနိုင်တယ်၊ သူတို့အပေါ် ပြည်သူက ဘယ်လောက် ရွံရှာခါးသီးနေသလဲဆိုတာ။ စစ်ကောင်စီကို သစ္စာခံနေသမျှ ကိုယ်ဟာ လမ်းမှားလိုက်နေပြီလို့ သိရမယ်။ အခုအချိန်မှာ ပြည်သူ့ဘက်က ရပ်မှာလား၊ ပြည်သူ့ရန်သူဘက်က ရပ်မှာလား စဉ်းစားကြရတော့မယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်ရှိရာ ထွက်နိုင်ရင် ထွက်လာပေါ့။ ထွက်မလာနိုင်သေးရင် စစ်ကောင်စီကို မနာခံနဲ့၊ ပြည်သူကို မနှိပ်စက်နဲ့၊ တော်လှန်ရေးအဖွဲ့အစည်းတွေကို ခံမတိုက်နဲ့၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ကူညီကြဆိုတာပါပဲ။

မေး −  PDF တပ်ဖွဲ့ဝင်တွေကိုကော ဘာပြောချင်လဲ။

ဖြေ − ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေရဲ့ အားသာချက်က အဓိက စိတ်ဓာတ်ဖြစ်တယ်ဆိုတာ နားလည်ကြဖို့လိုတယ်။ ကျွန်တော်တို့အားလုံးရဲ့ စိတ်ဓာတ်တံခွန်ကို အမြင့်ဆုံးအထိ ဆက်လက်လွှင့်ထူထားကြရမယ်။ ယုံကြည်ချက် ရှင်သန်နေအောင် မွေးမြူဖို့၊ အခက်အခဲတွေကို သည်းခံစိတ်နဲ့ ကြံ့ကြံ့ခံကျော်လွှားကြဖို့၊ ကျင့်ဝတ်၊ စည်းကမ်းနဲ့ ဉာဏ်ရည်မြင့်တဲ့ ပရော်ဖက်ရှင်နယ်တပ်မတော်သားတွေဖြစ်ကြောင်း ဖော်ပြကြဖို့ လိုမယ်။

အထူးသဖြင့် ကိုဗစ်ဘေးမသင့်အောင်လည်း တစ်ဦးချင်း သတိပြုကာကွယ်ကြဖို့လည်း လိုမယ်။ စစ်ကောင်စီလက်အောက် မကျရောက်ဖို့၊ ကိုယ့်ဘက်က အထိအခိုက်အကျအဆုံး အနည်းဆုံးဖြစ်ဖို့ သတိကြီးကြီး စီမံဆောင်ရွက်ကြပါ။ လုံခြုံမှုကို အထူးဂရုစိုက်ကြပါလို့လည်း ပြောချင်ပါတယ်။

မေး − လက်ရှိ မြေပြင်မှာ လှုပ်ရှားနေတဲ့ ဒေသကာကွယ်ရေးတပ်တွေ၊ တခြားတော်လှန်ရေးအင်အားစုတွေနဲ့ကော ဘယ်လောက်ထိ စုစည်း၊ ချိတ်ဆက်ထားနိုင်ပြီလဲ။

ဖြေ − တော်လှန်ရေးတစ်ရပ်ဆင်နွှဲမယ်ဆိုရင် Chain of Command ပေါ့၊ အဆင့်ဆင့်ကွပ်ကဲမှုစနစ်တစ်ခု တည်ဆောက်နိုင်ဖို့ အင်မတန်အရေးကြီးတယ်လို့ နားလည်ပါတယ်။ (ကာကွယ်ရေး)ဝန်ကြီးဌာနရဲ့တာဝန်က ဒီ Chain of Command ပေါ်လာအောင် ဖော်ဆောင်ပေးဖို့ပဲ ဖြစ်ပါတယ်။ Chain of Command ပေါ်လာရင် ကာကွယ်ရေး၊ စစ်ရေးကိစ္စတွေကို စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတွေက အဓိက ညှိနှိုင်းကွပ်ကဲသွားဖို့ပါ။ ဝန်ကြီးဌာနတာဝန်ရှိသူတွေကတော့ အဘက်ဘက် ဦးဆောင်မှုသဘောပဲ တာဝန်ယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

လက်ရှိ မြေပြင်က အစုအဖွဲ့အများစုကိုတော့ ချိတ်ဆက်စုစည်းနိုင်ခဲ့ပြီလို့ ပြောနိုင်တယ်။ အဆက်အသွယ်မရသေးသူတချို့၊ ကိုယ့်အစီအစဉ်နဲ့ကိုယ် သီးခြားရပ်တည်လိုသူတချို့လည်း ရှိနေပါသေးတယ်။ အရေးကြီးတာက Chain of Command တည်ဆောက်နိုင်မှ တော်လှန်ရေးအောင်မြင်အောင် ဆင်နွှဲနိုင်မှာဖြစ်တဲ့အတွက် အလံတော်တစ်ခုတည်းအောက်မှာ အားလုံးစုဝေးကြဖို့  တိုက်တွန်းချင်ပါတယ်။

မေး − မြေပြင်က ဒေသကာကွယ်ရေးတပ်တွေအတွက် လိုအပ်တဲ့ လက်နက်တွေ တပ်ဆင်ပေးနိုင်မလား။

ဖြေ − မြေပြင်က ဒေသကာကွယ်ရေးအဖွဲ့တွေကို ဖြစ်နိုင်သမျှ လက်နက်တပ်ဆင်နိုင်ဖို့ ကျွန်တော်တို့ စီစဉ်နေတယ်။ ကိုယ့်ရှိတဲ့ လက်နက်ကို အရင်းပြုပြီး ရန်သူ့လက်နက် ကိုယ့်လက်နက်ဖြစ်အောင် လုပ်ဖို့က ပြောက်ကျားတွေရဲ့ လက်စွဲသဘောတရားပါပဲ။

Show More

Related Articles

Back to top button