ဆေးစွဲသူတို့ ပုံမှန်ဘဝရောက်ရန် အားပေး၊ ဖေးမမှု လိုအပ်

မူးယစ်ဆေးစွဲသူတို့ကို ပစ်ပယ်သည့်နည်းလမ်းက အလုပ်မဖြစ်ကြောင်း မူးယစ်နွံမှ ထွက်လာသူများ၊ ကျန်းမာရေးဝန်ထမ်းများက ပြောကြသည်။

Published on Jul 31, 2017
ဓာတ်ပုံ - အောင်ငြိမ်းချမ်း / Myanmar Now
ဓာတ်ပုံ - အောင်ငြိမ်းချမ်း / Myanmar Now

မြစ်ကြီးနား - ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့ရှိ “နားခိုရာ စင်တာ” ဟု အမည်ပေးထားသည့် အဆောက်အအုံအတွင်း လူတချို့က ဇယ်တောက်ကစားနေသူနှစ်ဦးဘေးတွင် ဝိုင်းဖွဲ့ကြည့်ရှုနေကြသည်။ ဇယ်တောက်ခုံအနီး ဂစ်တာတီးသီချင်းဆိုသူ၊ ဝိုင်းဖွဲ့စကားပြောသူ၊ ရုပ်မြင်သံကြား ကြည့်နေကြသူများလည်း ရှိသည်။

မြေမြင့်ရပ်ကွက်ရှိ ကမ္ဘာ့ဆရာဝန်များအဖွဲ့ (Medecins Du Monde - MdM) ရုံးဝင်းအတွင်း တည်ရှိသည့် ထိုစင်တာသည် မူးယစ်ဆေးစွဲနေသူတို့ကို ဆေးဖြတ်ပေးသည့်နေရာတစ်ခု ဖြစ်ပြီး ဆေးဖြတ်သူတို့ လိုအပ်သည့် မူးယစ်ဆေးအစားထိုး မက်သဒုံးဆေး ထောက်ပံ့ခြင်း အပါအဝင် ကျန်းမာရေး ဝန်ဆောင်မှုများလည်း ပေးအပ်နေသည်။

၁၄ နှစ် အရွယ်ကတည်းက တနိုင်းမြို့နယ်ရှိရွှေမှော်များတွင် အလုပ်လုပ်ကိုင်ရင်း မူးယစ်ဆေးစွဲခဲ့သူ ကိုကျော်ကျော်သည် အဖွဲ့အစည်းများ၏ကူညီမှု၊ မိသားစု၏ အားပေးဖေးမမှုများ ကြောင့် ကိုယ်တိုင် ဆေးပြတ်ရုံသာမက MdM ရုံးတွင် ကျန်းမာရေးပညာပေးဆိုင်ရာ ကူညီပေးသူအဖြစ် ပြန်လည် ဆောင်ရွက်နေသည်။

“အရင်ကဆိုရင် ကျွန်တော့် အဒေါ်က ကျွန်တော့်ကို မကြည်ဖြူဘူး။ အိမ်အရိပ်တောင်မနင်းနဲ့လို့ ပြောတာ။ အခုတော့ ငါ့သား၊ ငါ့သားနဲ့ ပါးစပ်ဖျားက မချတော့ဘူး ” ဟု ၃၄ နှစ် ရှိပြီဖြစ်သည့် ကချင်ပြည်နယ်၊ မိုးကောင်းမြို့သား ကိုကျော်ကျော်က ပြောသည်။

“ဒီလိုအခြေအနေမျိုး ပြန်ရောက်တာက အစ်မတွေက ကျွန်တော့်ကို အပြစ်မမြင်ဘဲ ဆေးဖြတ်ဖို့ ဝိုင်းတိုက်တွန်းခဲ့တာကြောင့်လည်း ပါတယ်” ဟု ကျန်ခဲ့သည့် လအနည်းငယ်က အိမ်ထောင်ကျပြီး သာယာသည့် မိသားစုဘဝ တည်ထောင်ထားနိုင်သည့် ကိုကျော်ကျော်က ဆိုသည်။

မူးယစ်ဆေးစွဲသူများကို ဖမ်းဆီးထောင်ချခြင်း၊ ပြစ်တင်ကြိမ်းမောင်းခြင်းတို့ထက် အားပေး ဖေးမသည့် နည်းလမ်းကို အသုံးပြုမှ ၎င်းတို့ ပုံမှန်ဘဝရောက်အောင် ပြန်ဆွဲခေါ်နိုင်မည် ဖြစ်သည်ဟု မူးယစ်နွံမှ ရုန်းထွက်လာသူများ၊ ကျန်းမာရေးဝန်ဆောင်မှုပေးနေသူများက ပြောကြသည်။

ကူညီနေသည့်အဖွဲ့များ

ကိုကျော်ကျော် ကူညီလုပ်ကိုင်ပေးနေသည့် နားခိုရာစင်တာနှင့် ထိတွေ့နေကြသော မူးယစ်ဆေး စွဲနေသူများ၊ မက်သဒုံးသောက်သုံးနေကြသူများထဲတွင် ခုခံအားကျဆင်းမှုကူးစက်ရောဂါပိုး (HIV) ရှိထားပြီးသူများ၊ တီဘီ ရောဂါပိုးကြောင့် တီဘီဆေး သောက်သုံးနေရသူများလည်း ပါဝင်သည်။

ကိုကျော်ကျော်ကဲ့သို့ ဘဝတူကူညီပညာပေးသူပေါင်း ၁၈ ယောက်နှင့် ဆေးခန်းအကူ ၁ဝ ယောက်ခန့်ကို အသုံးပြုပြီး အန္တရာယ်လျှော့ချရေးလုပ်ငန်းလုပ်ဆောင်နေသည့် မြစ်ကြီးနားမြို့ရှိ MdM အဖွဲ့သည် ဆေးထိုးအပ်ပေါင်း ၈ဝ,ဝဝဝ ကျော် လစဉ် ဖြန့်ဝေနေသည်။ အသုံးပြုပြီးအပ်များ စနစ်တကျ စွန့်ပစ် ဖျက်ဆီးရေးကိုလည်း ဆောင်ရွက်နေရာ ဖြန့်ဝေထားသည့် အပ်အရေအတွက်၏ ရာခိုင်နှုန်း ၈ဝ ကျော်ကို ပြန်လည်ကောက်ယူနိုင်ကြောင်း သိရသည်။

မူးယစ်ဆေးကိုဖြတ်တောက်ပြီး မက်သဒုံးသောက်သုံးသူဦးရေ တိုးပွားလျက်ရှိရာ ယခုအခါ အရေအတွက် ၁,၅ဝဝ ဝန်းကျင်သို့ ရောက်လာသည်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့သည် ဘိန်းနှင့် တခြားသော မူးယစ်ဆေးများ စိုက်ပျိုး ထုတ်လုပ်မှုတွင် နာမည်ဆိုးဖြင့်ကျော်ကြားသောဒေသများဖြစ်ပြီး မူးယစ်ဆေးစွဲသူ အမြောက်အမြား တွေ့ရှိရသည့် ဒေသများလည်းဖြစ်သည်။ UNAIDS ခေါ် ကုလသမဂ္ဂ ခုခံကျရောဂါ တိုက်ဖျက်ရေး အစီအစဉ်၏ ၂ဝ၁၄ စစ်တမ်းများအရ မူးယစ်ဆေး အကြောထဲ ထိုးသွင်းအသုံးပြုသူအများစုမှာ ထိုဒေသနှစ်ခုမှ အများဆုံး ဖြစ်နေသည်။ ဝိုင်းမော်၊ ဗန်းမော် နှင့် မူဆယ်မြို့နယ်များ၌ မူးယစ်ဆေး အကြောထဲထိုးသွင်းသူ နှစ်ဦးလျှင် တစ်ဦးမှာ HIV ပိုးကူးစက်ခံနေရကြောင်း စစ်တမ်းများက ဆိုသည်။

ကချင်ပြည်နယ်အတွင်း မူးယစ်ဆေး အကြောထဲထိုးသွင်းအသုံးပြုနေသူများအကြား HIV ပိုးနှင့် သွေးမှတစ်ဆင့်ကူးစက်စေသည့် အခြား ရောဂါများ ပြန့်ပွားခြင်းမရှိစေရေးအတွက် အန္တရာယ်လျှော့ချရေးလုပ်ငန်းများလုပ်ဆောင်နေသည့် အဖွဲ့အစည်းများတွင် ကမ္ဘာ့ဆရာဝန်များအဖွဲ့ (MDM)၊ မူးယစ်ဆေးစွဲရောဂါ သုတေသနအဖွဲ့ (SARA) နှင့် မေတ္တာဖောင်ဒေးရှင်း အဖွဲ့တို့လည်းအပါအဝင်ဖြစ်သည်။

ထိုအဖွဲ့များ၏ အဓိက ရည်ရွယ်ချက်မှာ အန္တရာယ်လျှော့ချရေးလုပ်ငန်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်သော ဆေးထိုးအပ် ဖြန့်ဝေခြင်း၊ ပြန်လည်သိမ်းဆည်းခြင်းများအပြင် အခြားကျန်းမာရေး ဝန်ဆောင်မှုများ၊ မူးယစ်ဆေး အစားထိုး ကုသမှု မက်သဒုံးဆေး တိုက်ကျွေးခြင်းများလည်းပါဝင်သည်။ မက်သဒုံးတိုက်ကျွေးခြင်းကို အစိုးရက တာဝန်ယူဆောင်ရွက်နေပြီး ကျန်အဖွဲ့အစည်းများက ဝန်းရံကူညီနေသည်ဟု ၎င်းတို့က ပြောသည်။

၂ဝ၁၆ ခုနှစ်စာရင်းများအရ မြန်မာနိုင်ငံတွင် အစိုးရကဖွင့်လှစ်ထားသည့် မက်သဒုံးဆေးတိုက်ကျွေးရန်နေရာ ၅ဝ ရှိရာ ၁၇ နေရာမှာ ကချင်ပြည်နယ်၊ ၁၅ နေရာမှာ ရှမ်းပြည်နယ်တွင် တည်ရှိသည်။ မူးယစ်ဆေး သုံးစွဲနေသူများအတွင်း ကိုယ်ကိုယ်တိုင် နှစ်သက်စွာသုံးစွဲခဲ့သူများ ပါဝင်သလို၊ ပတ်ဝန်းကျင်၏စေ့ဆော်မှု၊ ရှောင်လွှဲမရနိုင်သည့် အခြေအနေများကြောင့် သုံးစွဲခဲ့ရသူများလည်း ပါဝင်သည်။ ၎င်းတို့ လမ်းမှန် ပြန်ရောက်ရန်အတွက် အဖွဲ့အစည်းများ၏ အကူအညီများအပြင် မိသားစု၊ မိတ်ဆွေ အပေါင်းအသင်းများ၏ ဖေးမ ကူညီမှုများပါ လိုအပ်နေသည်ဟု ကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းများမှ တာဝန်ရှိသူတို့က ပြောသည်။

မေတ္တာအလင်းအိမ်စင်တာ၏ ညှိနှိုင်းရေးမှူး ဒေါ်ဂျုံးညွယ်က မူးယစ်ဆေးသုံးစွဲသူများကို ကျန်းမာရေးဆိုင်ရာ အကူအညီပေးနေပြီး အောင်မြင်မှုများလည်း ရရှိနေသည်ဟု ပြောသည်။

“လူတစ်ယောက်ရဲ့ ဘဝကို ပြန်ပြီးတော့မှ တည်ဆောက်ပေးနိုင်တယ်ဆိုတော့၊ သူတို့အဲဒီလိုမျိုးဖြစ်လာတော့ ကျွန်မတို့က ပျော်တာပေါ့” ဟု ၎င်းက ဆိုသည်။

ဆေးစွဲတဲ့သူတွေကို ရောဂါပိုးတွေမကူးစက်စေရန်အတွက် ကာကွယ်နည်းများကို သင်တန်းများပို့ချခြင်း၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် စခန်းများသို့သွားရောက်ပြီး ကာကွယ်နည်း သင်တန်းပေးကာ အသည်းရောင်အသားဝါ ဘီပိုး ကာကွယ်ဆေး ထိုးပေးခြင်းများ ပြုလုပ်နေသည်ဟု မူးယစ်ဆေးစွဲရောဂါ သုသေသနအသင်း (SARA) မှ စီမံချက်အရာရှိ ဒေါက်တာအောင်စန်းလင်းက ပြောသည်။

အဆိုပါအဖွဲ့အစည်းများအနေဖြင့် မူးယစ်ဆေးစွဲနေသူများ၊ မက်သဒုံးသောက်သုံးနေသူများနှင့်၊ အခြားကျန်းမာရေးဝန်ဆောင်မှုရယူနေသူများအတွက် နားခိုရာ စင်တာများတည်ဆောက် ပေးထားပြီး ဆေးဖြတ်သူများ အပန်းဖြေရန် အဆိုပါစင်တာများအတွင်း ရုပ်မြင်သံကြားစက်၊ ဇယ်ခုံ၊ ဂစ်တာ စသည်တို့ကို ထားရှိပေးထားသည်။

မူးယစ်ဆေးသုံးစွဲနေသူများကိုသာမက သူတို့၏မိသားစုဝင်များကိုလည်း ဆွေးနွေးနှစ်သိမ့်ပေးကာ ကျန်းမာရေးဗဟုသုတများဖြန့်ဝေပေးနေကြသည်ဟု ကူညီပေးနေသည့် အဖွဲ့အစည်းများက ဆိုသည်။

အဖွဲ့အစည်းများ၏ဆောင်ရွက်မှုများကြောင့် မူးယစ်ဆေးပြတ်ကာ ယိုယွင်းနေသည့် မိသားစုဘဝများကို ပြန်လည် တည်ဆောက်နိုင်သူများလည်း ရှိလာခဲ့သည်ဟု သိရသည်။

လက်တွဲခေါ်ရေး

မူးယစ်သုံးစွဲသူများကို နှိမ့်ချဆက်ဆံမည့်အစား ပစ်ပယ်မထားဘဲ အားပေးဖေးကူသင့်သည်ဟု မူးယစ်နွံတွင်းမှ ရုန်းထွက်လာခဲ့သူ ကိုကျော်ကျော်က ပြောသည်။

ဆယ်ကျော်သက်အရွယ်ကတည်းက မူးယစ်ဆေးစွဲခဲ့သူ ကိုကျော်ကျော်သည် တစ်သက်လုံး ဆေးသမားတစ်ယောက်အဖြစ် နေထိုင်သွားရန် ဆုံးဖြတ်ဖူးသည်ဟု ဆိုသည်။

“ကျွန်တော့်ဘဝက နောက်ဆုံး ဆေးသမားဘဝနဲ့ပဲ အဆုံးသတ်မယ်လို့စဉ်းစားထားတာ” ဟု ကိုကျော်ကျော် ကဆိုသည်။

မိသားစု၏ အားပေးဖေးကူမှုကြောင့်သာ လမ်းမှန်သို့ရောက်ရှိလာရခြင်းဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

ဝိုင်းမော်မြို့နယ်တွင်နေထိုင်သည့် ကိုဝဆုပ်ဇလွမ်းက ဆေးသမားဆိုလျှင် ပတ်ဝန်းကျင်က နှိမ်ကြပြီး အပေါင်းအသင်းများကလည်း ကျဉ်ဖယ်ထားကြကြောင်း ပြောပြသည်။

“ကျွန်တော့်ကို ဆိုရင် လမ်းမှာတွေ့တဲ့သူတွေက အစ ရိုက်တယ်၊ ကန်တယ်။ ကျွန်တော်ဆေးသုံးလို့တဲ့ ” ဟု ၎င်းကပြောသည်။

မေတ္တာအလင်းအိမ် စင်တာမှ ဒေါ်ဂျုံးညွယ်က မူးယစ်ဆေးသုံးစွဲသူအများစုကို နှိမ့်ချဆက်ဆံခြင်း၊ ပစ်ပယ်ခြင်းလုပ်မည့်အစား အားပေးဖေးကူညီ၍ လမ်းမှန်သို့ရောက်အောင် ပြန်လည်ခေါ်ဆောင်သင့်ကြောင်း ပြောသည်။

“တချို့ဆို ကလေးနှစ်ယောက်သုံးယောက်နဲ့ ဖခင်အဖြစ်၊ အိမ်ထောင်ဦးစီးအဖြစ် အကြာကြီး အသက် ရှင်ရဦးမယ်။ ကျွန်မတို့က ဒီလိုမျိုး မလုပ်ဘူး ဆိုရင် သူတို့ရဲ့ သက်တမ်းလေးတွေ တိုသွားမှာ။ ပြီးတော့မှ သူတို့ရဲ့ စိတ်ထဲမှာလည်း မထီမဲ့မြင်စိတ်တွေ ရွဲ့ချင်စိတ်တွေ ဖြစ်လာလိမ့်မယ်။ ကိုယ့်ကို ဂရုမစိုက်ဘူး ဆိုရင်တော့ ပိုဆိုးလာဖို့ပဲ ရှိတယ်” ဟု ၄င်းကပြောသည်။

ရပ်ကွက်ကျေးရွာအတွင်း ပစ္စည်းပျောက်လျှင် မူးယစ်ဆေးသုံးစွဲသူများကိုသာ သံသယ ထားတတ်ကြပြီး ဖမ်းဆီးမှုများလည်း ရှိနေသည်ဟု ဒေါ်ဂျုံးညွယ်က ပြောသည်။

“ဆေးသုံးတယ်ဆိုတော့ အိမ်ကလည်းလက်မခံချင်ဘူး။ ပြီးတော့ အသိုင်းအဝိုင်းထဲမှာလည်းမဝင်ဆံ့တော့ဘူး။ ပြီးတော့ ဘုရား၊ တရားကဏ္ဍမှာလည်း ကျမ်းစာထဲကလိုပေါ့ အငယ်ဆုံးသော လူမျိုးလို အပယ်ခံလူတန်းစား အမှိုက်လေးတွေ ဖြစ်နေတယ်။ သူတို့ကို ဒီအတိုင်းပဲဆက်ထားနေရင်လည်း အမှိုက်တွေပွားလာဖို့ပဲရှိတာပေါ့” ဟု ဒေါ်ဂျုံးညွယ်က ရှင်းပြသည်။

UNAIDS ၏ မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံ Mr. Eamonn Murphy က မူးယစ်ဆေးစွဲလမ်းခြင်းကို ကျန်းမာရေးပြဿနာတစ်ခုအဖြစ် မြင်သင့်ကြောင်းနှင့် ၎င်းတို့အား အပြစ်ပေးခြင်း ထက် ကျန်းမာရေးဝန်ဆောင်မှုများကို ပိုမိုပေးသင့်ကြောင်း ယမန်နှစ်က ပြောကြားခဲ့ဖူးသည်။

UNAIDS ၏ ၂ဝ၁၆ ဇူလိုင်လအတွင်းထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံတွင် အသက် ၁၅ နှစ်အထက် မူးယစ်ဆေးအကြောထဲထိုးသွင်းသူအရေအတွက်မှာ ၈၃,ဝဝဝ ခန့်ရှိမည်ဟု ခန့်မှန်းထားပြီး ယင်းအရေအတွက်မှာ အမျိုးသားလူဦးရေစုစုပေါင်း၏ သုည ဒသမ ၆၁ ရာခိုင်နူန်း ရှိသည်ဟု သိရသည်။

ဥပဒေပြင်ဆင်မှု

မြန်မာနိုင်ငံတွင် HIV ပိုးနှင့် အသက်ရှင်နေထိုင်သူပေါင်း ၂၃ဝ,ဝဝဝ ခန့်ရှိနေသည်။ HIV ပိုးပြန့်ပွားမှုနှုန်းအရ အမျိုးသားချင်းလိင်ဆက်ဆံသူများအကြားတွင် ၁၁ ဒသမ ၆ ရာခိုင်နှုန်း၊ အမျိုးသမီး လိင်အလုပ်သမများ အကြားတွင် ၁၄ ဒသမ ၆ ရာခိုင်နှုန်းရှိပြီး မူးယစ်ဆေး အကြောထဲထိုးသွင်းသူများအကြားတွင် ၂၈ ဒသမ ၅ ရာခိုင်နှုန်း ဖြင့် အများဆုံးဖြစ်နေသည်။

ဝိုင်းမော်သည် မူးယစ်ဆေး အကြောထဲသွင်းသူများအကြား HIV ပိုးပြန့်ပွားမှု ၄၇ ရာခိုင်နှုန်းဖြင့် မြန်မာနိုင်ငံတွင် အမြင့်ဆုံးမြို့နယ်ဖြစ်နေကြောင်း UNAIDS ၏ ၂ဝ၁၇ ဇူလိုင်လအတွင်း ထုတ်ပြန်ချက်များအရ သိရသည်။

၁၉၉၃ ခုနှစ် မူးယစ်ဆေးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာဥပဒေတွင် မူးယစ်ဆေးသုံးစွဲသူကို ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ချမှတ်နိုင်ပြီး မူးယစ်ဆေးလက်ဝယ် တွေ့ရှိပါက ထောင်ဒဏ် ၅ နှစ်မှ ၁ဝ နှစ်အထိ ချမှတ်နိုင်ကာ ငွေဒဏ်လည်းချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။ အစိုးရက ပြီးခဲ့သည့် မတ်လက ထုတ်ပြန်ကြေညာခဲ့သည့် အဆိုပါ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် မူးယစ်ဆေး သုံးစွဲသူများကို ထောင်ဒဏ်အစား ပထမအဆင့်အနေဖြင့် လူမှုရေးပြစ်ဒဏ်များဖြစ်သည့် သစ်ပင်စိုက်ခြင်း၊ စိုက်ပျိုးရေးလုပ်ခြင်း တို့နှင့် အစားထိုးထားပြီး အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီတွင်လည်း ဆွေးနွေးနေပြီဟု သိရသည်။

ဝိုင်းမော်မြို့နယ်တွင်နေထိုင်သည့် ကိုဇရှိလုတ်ဘောမ်သည် လယ်ဧက အနည်းငယ်နှင့် ထော်လာဂျီတစ်စီး ပိုင်ဆိုင်ထား၍ စားဝတ်နေရေးအတွက် ပူပန်စရာမရှိခဲ့သော်လည်း သူငယ်ချင်းများနှင့် အလုပ်အတူလုပ်ရင်းက မူးယစ်ဆေးစွဲခဲ့သူဖြစ်သည်။

ဆေးသုံးစွဲမှုကြာလာသည်နှင့် အပ်ဝေမျှသုံးစွဲရာမှ ကျန်းမာရေးချို့ယွင်းလာပြီး အလုပ် မလုပ်နိုင်တော့သဖြင့် ဘဝကို အရှုံးပေးလိုက်ဖို့ပင် စဉ်းစားခဲ့ကြောင်း ကိုဇရှိလုတ်ဘော်မ်က ဆိုသည်။

“ကျွန်တော့်ဟာ ကျွန်တော်ဆို ဒီအတိုင်း အသေခံလိုက်တော့မလို့။ ဒါပေမဲ့ ဇနီးက ဆေးကုဖို့ ပြောတယ်၊ အားပေးတယ် ” ဟု ၂ နှစ်အရွယ် သားငယ်ကို မုန့်ုထုပ်ဖြည်ပေးရင်း ကိုဇရှိလုတ်ဘောမ်က ရှင်းပြသည်။

ဇနီးသည်၏ အားပေးမှုကြောင့် ကလေးလေးယောက်ဖခင် ကိုဇရှိလုတ်ဘောမ် ဘဝကို အသစ်ပြန်စဖို့ အစီအစဉ်ချမှတ်ပြီးပြီ ဟု ဆိုသည်။

“ကျွန်တော် လယ်တော့ ပြန်မလုပ်နိုင်တော့ဘူး။ လယ်နဲ့ ထော်လာဂျီကိုရောင်းပြီး စျေးဆိုင်လေးတစ်ဆိုင် ဖွင့်မယ်၊ မိသားစုစီးဖို့ ကားလေးတစ်စီးဝယ်မယ်။ ဘဝကို အေးအေးဆေးဆေးပဲ ဖြတ်သန်းတော့မယ်” ဟု အနားတွင် ဆော့နေသော သားလေးကို ငေးကြည့်ရင်း ၎င်းက ပြောလိုက်သည်။ ။

 

 

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading