မေးမြန်းခန်း

ဘာသာရေးနဲ့ ပြည်သူကို ဂျင်းထည့်နေလို့ကတော့ အလကားနိုင်ငံရေးသမားပဲ

အာဏာသိမ်းပြီးပြီးချင်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် မန္တလေးမြို့မှ မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော် အရှင်အရိယာဝံသာဘိဝံသမှာ ဩဂုတ် ၂ ရက်နေ့တွင် အိုးဘိုထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့သည်။ တပ်မတော်ကို အစဉ်တစိုက်ဝေဖန်လေ့ရှိသူ မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော်မှာ အာဏာမသိမ်းမီကတည်းက အသရေဖျက်မှုပုဒ်မ ၅၀၀ ဖြင့် စစ်တပ်က စွဲဆိုထားသည့်အမှုကို ရင်ဆိုင်ခဲ့ရသူ ဖြစ်သည်။

အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသည့် မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော်ကို Myanmar Now က ဩဂုတ် ၃ ရက်တွင် ဆက်သွယ်မေးမြန်းထားသည်။

မေး − ထောင်ထဲမှာ ၆ လလောက်နေခဲ့ရတော့ လက်ရှိကျန်းမာရေးအခြေအနေ ဘယ်လိုရှိလဲဘုရား။

ဖြေ − လက်ရှိ ကျန်းမာရေးအခြေအနေကတော့ ကောင်းမွန်ပါတယ်။ ကောင်းမွန်တယ်ဆိုတာက ပိုမိုတောင် ကောင်းမွန်တယ်ပြောရမှာ။ ကိုယ့်ရဲ့ ကျန်းမာရေးဉာဏ်ပညာပေါ့ဗျာ။ ဉာဏ်ထုတ်သုံးပြီးတော့ အဲဒီအခက်အခဲတွေကို ကျော်လွှားပြီးတော့ အဲဒီပုံစံမျိုးကြောင့် နည်းနည်းပိုပြီးတော့ ကျန်းမာရေးကောင်းတယ် ပြောရတာပါ။ တော်တော်များများတော့ ဘယ်အဲဒီလိုမျိုးတော့ရမှာတုန်း။ ပြီးတော့ ဟိုမှာလည်း အဆင်မပြေ နေရမှုလေးတွေရှိလို့ပါ။ အဲဒါကြောင့်မို့ပါ။

 မေး −  ဘာကြောင့် လွတ်တယ်လို့ ထောင်အာဏာပိုင်တွေက ပြောလဲ။

 ဖြေ −  ပြစ်ဒဏ်စေ့လို့ ဥပဒေအတိုင်းလွတ်တာပါ။ 

 မေး − ဖမ်းဆီးခံရတုန်းက ရိုက်နှက်ခံရတာမျိုး၊ နှိပ်စက်တာမျိုး ပါသလားဘုရား။

ဖြေ −  အဲဒါမျိုးတော့ မရှိပါဘူး။ ရဲလာဖမ်းပြီးတော့ ရဲစခန်းမှာ တစ်ည သူတို့ထားတယ်။ နောက်နေ့ကျတော့ သူတို့ တရားဝင်အောင်လုပ်တာ ဖြစ်မှာပေါ့နော်။ ဝရမ်းထုတ်ပြီးတော့ ဘုန်းကြီးကို ဖမ်းတယ်ဆိုပြီး အချုပ်ထောင်ပို့ဖို့လုပ်တာပေါ့။ မပို့ခင် တရားရုံးကို တင်တာပေါ့။

 မေး − ဒါဆိုရင် မေးမြန်းစစ်ဆေးတဲ့ အခြေအနေမျိုးလား။ 

ဖြေ − များများစားစားလည်း မမေးပါဘူး။ သူတို့က ဖမ်းတယ်ဆိုပေမဲ့လို့ အခုကာလ အဖမ်းခံရတဲ့သူတွေက ၅၀၅ တွေနဲ့ ဖမ်းခံရတဲ့သူတွေဖြစ်တာကိုး။ ဘုန်းကြီးကတော့ ပုဒ်မ ၅၀၀ လည်းရှိ၊ နောက် အာမခံလည်း သိန်း ၁၀၀ အာမခံ ကိုယ်တိုင်ခံဝန်နဲ့ တရားဝင်ယူထားတာရှိတယ်။ ပြီးတော့ ရုံးတက်လည်း ဘုန်းကြီးဘက်က ချွတ်ယွင်းချက် ဘာမှမရှိခဲ့ဘူး။ သူတို့ဟာသူတို့ အာဏာသိမ်းပြီးတော့ ဘုန်းကြီးကို ဥပဒေမဲ့ဖမ်းဆီးချုပ်နှောင်တဲ့ သဘောဖြစ်သွားတာ။

(ပေးထားတဲ့ အာမခံကို) ပယ်ဖျက်တယ်လို့မသုံးဘူး။ ပယ်ဖျက်တယ်လို့ကို မကြေညာဘူး။ ဖမ်းတာပဲ ဒါပဲ။ ဒါကြီးက ဥပဒေမဲ့လုပ်သလို ဖြစ်နေတာပေါ့၊ ဘယ်ကောင်းပါ့မလဲ။

မေး − အာဏာသိမ်းပြီးပြီးချင်း ဘာကြောင့် အရှင်ဘုရားကို ချက်ချင်းလာဖမ်းခဲ့တယ်လို့ ထင်လဲ။

ဖြေ −  ပွင့်ပွင့်လင်းလင်းပြောရရင်တော့ သူတို့ (စစ်ကောင်စီ) သတင်းထုတ်ပြန်တာတို့၊ ဘာတို့က ဟိုတုန်းကလည်း ဒီတိုင်းပါပဲ။ သူတို့က မုသာဝါဒကတော့ ဘယ်လိုပြောရမလဲ ထမင်းစားရေသောက် ချိုးဖောက်နေတာပါပဲ။ ဘုန်းကြီးတို့ရှိနေရင် ဘုန်းကြီးတို့က ပြောနေလို့ရှိရင် အမှန်တရားက တစ်ဖက်၊ သူတို့ပြောတာက တစ်ဖက်ဖြစ်နေမှာ။ အဲဒါကြောင့်ထင်တာပဲ။ သူတို့ အမှန်တရားကြောက်တယ်လို့ ဘုန်းကြီးထင်တယ်။

မေး −  ကိုဗစ်တတိယလှိုင်းက အကျဉ်းထောင်တွေထဲမှာလည်း ကူးစက်မှုရှိနေတယ်လို့ သိရပါတယ်။ အိုးဘိုထောင်မှာရော အခြေအနေဘယ်လိုရှိလဲဘုရား။

ဖြေ − မကူးအောင်တော့ သူတို့လည်း ကြိုးစားနေရတာကိုး။ ကူးလိုက်လို့ရှိရင် ဒီလိုဌာနမျိုးဆိုတာ တော်တော်မလွယ်ဘူးလေ။ သတိ၊ ဝီရိယနဲ့ သူတို့ အထူးကြပ်မတ်ပါတယ်။ ကြပ်မတ်တယ်ဆိုတာ သူတို့ဝန်ထမ်းတွေလည်း အပြင်မထွက်ရဘူး။ Lockdown ချတဲ့ပုံစံမျိုးပေါ့။

ကျန်းမာရေးစောင့်ရှောက်မှုလို့ ပြောပြန်တော့လည်း သူက ခက်တော့ခက်တယ်ဗျ။ ထောင်ဆိုတာက လူမျိုးစုံတယ်။ အပေါ်မှာလည်း သဘောထားတွေကလည်း အမျိုးစုံမယ်နဲ့တူတယ်။ တစ်ယောက်စီ၊ တစ်ယောက်စီပေါ်မှာ။ သူတို့ရန်သူလို့ သတ်မှတ်ရင်၊ သဘောမကျရင်ကျတော့ တမင်ကို ဒုက္ခပေးသလိုတော့ ဖြစ်တာပေါ့ဗျာ။ ပြည့်စုံအောင် မရဘူး။ မပြည့်စုံအောင်ကန့်သတ်မှုတွေဖြစ်တာပေါ့။ နည်းမျိုးစုံတော့ရှိတာပေါ့။

မေး − အာဏာသိမ်းစစ်ခေါင်းဆောင်က ခြောက်လပြည့်မိန့်ခွန်းထဲမှာ ပြီးခဲ့တဲ့ NLD အစိုးရ ငါးနှစ်သက်တမ်းမှာ ဗုဒ္ဓဘာသာဝင်တွေ ညှိုးညှိုးငယ်ငယ် နေရခဲ့ရတယ်၊ စိတ်မသက်မသာဖြစ်ခဲ့ရတယ်ဆိုပြီးတော့ ပြောသွားတယ်။ ဒီအပေါ်မှာ အရှင်ဘုရား ဘယ်လိုမြင်ပါသလဲ။

 ဖြေ − အဲဒီလိုဆိုရင် ပြည်သူတွေက သေနတ်ကိုင်ပြီးတော့ သူ့ (NLD)ကို တိုက်မှာပေါ့။ အဲဒီလိုတိုက်တာတွေလည်း မရှိမှ မရှိခဲ့တာ။ အဲဒါ ဘယ်လိုဖြစ်မလဲ စဉ်းစားပေါ့။

ဘုန်းကြီးတို့အမြင်ကတော့ နိုင်ငံရေးမျက်စိနဲ့ပြောရလို့ရှိရင် ဒါတွေက နိုင်ငံရေးမှာက တစ်ယောက်တစ်ယောက် မတရားညစ်ကြတာလေ။ ထုံစံလေ။ NLD ဆိုတာ ဆူးကြားမှာ သီးပြီးထွက်လာရတဲ့ ဘူးသီးလေးလိုဖြစ်နေတာလေ။ တိုင်းပြည်အတွက်ကို လုပ်ချင်လွန်းလို့သာ သူတအားကြိုးစားပြီးတော့ လုပ်ကြတာ။ အခွင့်အာဏာကလည်း ဘာမှပြည့်ပြည့်ဝဝမရှိ။ ယန္တရားကြီးတစ်ခုလုံးကလည်း NLD မှ မဟုတ်တာပါပဲ။ ဒါလည်း အားလုံးသိပြီးသားကိစ္စပဲ။

ဘုန်းကြီးတို့က ဘာသာရေးကို ကြည့်ဖို့ကို မတောင်းဆိုဘူး။ ဘာဖြစ်လို့တုန်းဆိုတော့ ဒီအချိန်မှာ ဘာသာရေးကြည့်ရမယ့်အချိန်မဟုတ်ဘူး။ ဒီအချိန်မှာ ဘာသာရေးဦးစားပေးပြီးတော့ ပြည်သူကို ဂျင်းထည့်နေပြီး ပြည်သူယုံအောင်လုပ်နေလို့ရှိရင်တော့ အလကားနိုင်ငံရေးသမားလို့ ဘုန်းကြီးကတော့ ယူဆတယ်။ တချို့ဟာတွေက အရင်နိုင်ငံရေးသမားတွေ လုပ်ခဲ့တာလည်း ရှိတယ်။ နိုင်ငံကောင်းဖို့ကို အရင်လုပ်ရမှာ။ ဘုန်းကြီးတို့လည်း နိုင်ငံကောင်းစေချင်တာ။ နိုင်ငံကောင်းပြီးမှ ဘာသာရေးကို လှည့်ပါ။ 

ဘုရားဟောတွေလည်း ရှိပါတယ်။ အလှူအတန်း၊ ဘာသာရေးလုပ်တာဟာ တိုင်းပြည်အေးချမ်းမှ လုပ်ပါလို့ အဆုံးအမတွေရှိပြီးသား။ တိုင်းပြည်အေးချမ်းသာယာမှုမရှိဘဲနဲ့ ဘာသာရေးလုပ်တာက ဒီဘာသာရေးက ခွကျတယ်။ သူတို့စကားတွေက ဘုန်းကြီးတော့အမြင်တော့ လုံးဝ၊ လုံးဝကို ပြောင်းပြန်ကြီး။ (သူပြောသလို) မဟုတ်ဘူးလို့ပဲ ပြောချင်တယ်။

မေး − စစ်အာဏာရှင်စနစ်သက်ဆိုးရှည်ရင် သာဿနာပါ ပျက်မယ်ဆိုတဲ့ အယူအဆတွေလည်း ရှိပါတယ်။ ဘယ်လိုယူဆပါသလဲ။

ဖြေ − စစ်အာဏာရှင်လို့ခေါ်ချင်လည်းခေါ်ပေါ့။ အဲဒီ မကောင်းတဲ့ နိုင်ငံရေးစနစ်ဟာ အကုန်လုံးကို ဖျက်ဆီးပစ်လိမ့်မယ်လို့ ဘုန်းကြီးမြင်ထားတယ်။ ဗမာစကားပုံရှိတယ်။ မိုးပြိုအများဆိုတာ။ နိုင်ငံရေးစနစ်မကောင်းရင် ဘယ်အရာမှ မကောင်းနိုင်ဘူး။ စီးပွားရေး၊ ပညာရေး၊ အသက်ရှင်ရပ်တည်ရေး၊ ဘာသာရေး၊ သာသနာရေး တစ်ရေးမှကို မကောင်းနိုင်ဘူး။ အကုန်ပျက်စီးမှာပဲ။ နိုင်ငံစနစ်မကောင်းရင် ပျက်စီးမှာပဲလို့ ဘုန်းကြီးက မြင်တယ်။

တချို့ကျတော့ သိပ်အကြီးအကျယ်ဗန်းပြပြီးတော့ နိုင်ငံရေးကျတော့ ဖျက်ဆီးနေတာတွေဟာ တော်တော် ဆိုးရွားတဲ့အခြေအနေတွေပဲလို့ ဘုန်းကြီးကတော့ မြင်တယ်။ 

Show More

Related Articles

Back to top button