အရင်းအနှီးမျှော်လင့်နေသော ကျောက်ဖြူမြို့နယ် ပုစွန်မွေးမြူရေး

မုန်တိုင်းဒဏ်ခံ ရခိုင်ပြည်နယ်မှ ပုစွန်မွေးသူအများအပြား၏ လိုလားချက်မှာ လုပ်ငန်း ပြန်လည်နာလန်ထူရေးဖြစ်သည်

Published on Jul 9, 2017
ဓာတ်ပုံ - အောင်ငြိမ်းချမ်း / Myanmar Now
ဓာတ်ပုံ - အောင်ငြိမ်းချမ်း / Myanmar Now

ကျောက်ဖြူ၊ ရခိုင်ပြည်နယ် - ကျောက်ဖြူမြို့နယ်၊ ပန်းဒူမ ကျေးရွာဝန်းကျင်တွင် ရေအပြည့် ဖုံးလွှမ်းနေသည့် လယ်ကွင်းများနှင့် ပုစွန်ကန်များကို တွေ့ရသည်။ ပင်လယ်ဒီရေကလည်း ကျိုးပျက်နေသော တာဘောင်များကြားမှ ဝင်ထွက်နေသည်။

၂ဝ၁ဝ ဂီရိမုန်တိုင်းက တာတမံများ၊ ပုစွန်ကန်များကို အကြီးအကျယ် ဖျက်ဆီးထားရာ အခြားနေရာ အများအပြားတွင် ပြန်လည် ပြုပြင်ပြီးဖြစ်သော်လည်း ကျောက်ဖြူ၊ ငန်းကျွန်းတွင်မူ မူလအခြေအနေသို့ ပြန်ရောက်နိုင်ခြင်း မရှိသေးပေ။

တာဘောင်များ မပြင်ဆင်နိုင်သေးသဖြင့် ကျွန်းပေါ်ရှိ ကျေးရွာများ၏ စားဝတ်နေရေး ထိခိုက်နေသည်ဟု ကျောက်ငူကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသိန်းမြင့်က ဆိုသည်။

“စပါးလည်း စိုက်လို့မရ၊ ပုစွန်မွေးမြူရေးလည်း လုပ်လို့မရတော့ ပင်လယ်ပြင်ကိုပဲ အားပြုပြီး တစ်နေ့ရှာ တစ်နေ့စားပဲ ဖြစ်နေလိမ့်မယ်” ဟု ပန်းဒူမကျေးရွာတွင် ပုစွန်မွေးမြူသည့် ဦးသိန်းမြင့်က ပြောသည်။

ခရိုင်အတွင်းရှိ အခြားသော နေရာများတွင်လည်း ကန်အရေအတွက်လျော့နည်းလာရာ ပုစွန်ကန် ၁၈,၁၁၈ ဧက ရှိခဲ့ရာမှ ယခုအခါ ထိုပမာဏ၏ လေးပုံတစ်ပုံခန့်သာရှိတော့သည်ဟု ကျောက်ဖြူခရိုင် ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။

ငန်းကျွန်းရှိ ပုစွန်ကန် ၇၅ ခုအနက် လုပ်ငန်းလည်ပတ်နေသည်မှာ ၅ ကန်သာ ရှိတော့သည်။ ကန်ပျက်များ ပြန်လည်တူးဖော်ခြင်း၊ ပုစွန်သားပေါက် ဝယ်ယူခြင်း စသည့် မွေးမြူရေးလုပ်ငန်း ပြန်လည် နာလန်ထူရေး လုပ်ငန်းများ အတွက် နည််းပညာနှင့် အရင်းအနှီးများ လိုအပ်နေသည်ဟု ဒေသခံတို့က ပြောသည်။

ပုစွန်မွေးကန် ဆယ်ယူခြင်း

ကျောက်ဖြူမြို့နယ်မှ ပုစွန်ကန်အများစုသည် သားပေါက်နှင့် အစာ ထည့်သွင်းရန် မလိုသော ပင်လယ်ဒီရေ အထုတ်အသွင်းလုပ်သည့် သဘာဝနည်းဖြင့်သာ မွေးမြူခဲ့ကြသည်။

သဘာဝနည်းကို စွန့်ခွာပြီး ပုံစံသစ်ဖြင့် မွေးမြူရေးအတွက် နည်းပညာ လိုအပ်ချက်ကို အစိုးရကသာမက နိုင်ငံတကာအဖွဲ့များကလည်း ဒေသတွင်းနေရာအများအပြားတွင် ကူညီပေးလျက်ရှိသည်။

ရခိုင်ဒေသ မြို့သုံးမြို့ရှိ ရွာသား ၁၂ဝ ခန့်ကို ပုစွန်မွေးမြူရေး၊ ရွှံဂဏန်းအသားတိုးမွေးမြူရေး အပါအဝင် စိုက်ပျိုးရေး၊ မွေးမြူရေးသင်တန်းများ ပေးပြီး လေ့ကျင့်ပေးခဲ့ရာ ထိုဒေသများတွင် ကျောက်ဖြူမြို့နယ်လည်း ပါဝင်သည်ဟု နိုင်ငံတကာ စီမံကိန်းတစ်ခုဖြစ်သည့် အသက်မွေး ဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာ ဖူလုံရေး ရန်ပုံငွေအဖွဲ့၏ ၂ဝ၁၅ နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကျောက်ဖြူခရိုင်ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးထွန်းသိန်းက ဒေသခံတို့ လိုအပ်လျှင် နည်းပညာ အကူအညီ ပေးမည်ဖြစ်ပြီး ကျောက်ဖြူ သားဖောက်စခန်းတွင်လည်း ပုစွန်သားပေါက် ရောင်းချပေးနေသည်ဟု ပြောသည်။

ပုစွန်ကန်တစ်ကန်လျှင် ဧက ၃ဝ မှ ၅ဝဝ ခန့်အထိ ရှိသည်။ နေရာကျယ်ဝန်းကြသကဲ့သို့ ပြန်လည် ဆယ်ယူ ပြုပြင်ရန်မှာလည်း အရင်းအနှီးကြီးလှသည်။

ပြန်လည်ဆယ်ယူလုပ်ကိုင်သူများထဲတွင် ဧက ၄ဝဝ ခန့် ကျယ်ဝန်းသော ကန်ကို ပိုင်ဆိုင်သည့် ဒေသခံ ဦးတင်မြလည်း ပါဝင်သည်။

ဦးတင်မြက ကျောက်ဖြူ-ရန်ကုန်ကားလမ်းအနီးရှိ ကန်ကို ဆယ်ယူရန်အတွက် သိန်း ၃ဝဝ နီးပါး ကုန်ကျခဲ့ကြောင်း ပြောသည်။

ကျောက်ငူကျေးရွာမှ ပုဇွန်ကန် လုပ်ငန်းရှင် ဦးဘစုတင်က ဧက ၂ဝဝ ဝန်းကျင် ပုစွန်ကန် ပြင်ဆင်စရိတ်အတွက် အိမ်ကို ဘဏ်တွင်ပေါင်နှံပြီး ငွေချေးခဲ့သည်ဟု ဆိုသည်။

“အဓိက အခက်အခဲကတော့ ပုစွန်ကန်ဆယ်ဖို့ပဲ။ လုပ်အားခက တအားစျေးကြီးတယ်” ဟု ဧက ၁၅ဝ နှင့် ဧက ၂ဝဝ ကျယ်ဝန်းသော ပုစွန်ကန် နှစ်ခုကို လုပ်ကိုင်နေသူ ဦးဘစုတင်က ပြောသည်။

ကန်ဆယ်ယူခြင်းအတွက် အလုပ်သမားခ တစ်နေ့ ၅,ဝဝဝ ခန့် ပေးရကြောင်း၊ စက်ယန္တရားငှားရမ်း တူးဖော်ခြင်းက လုပ်ငန်းတွင်ကျယ်ပြီး ပိုမိုတွက်ခြေကိုက်ကြောင်း ဦးဘစုတင်က ရှင်းပြသည်။ ဘက်ဟိုးဟု ခေါ်ကြသော စက်ယန္တရား ငှားရမ်းခမှာ ၁ နာရီလျှင် ကျပ် ၉ဝ,ဝဝဝ ဖြစ်သည်။

မွေးကန်ကို နှစ်နှစ်လျှင် တစ်ကြိမ် ဆယ်ယူခြင်းကဲ့သို့သော မွမ်းမံထိန်းသိမ်းမှု ပြုလုပ်ရကြောင်း၊ သို့မဟုတ်ပါက ကန်မြေပျက်စီးပြီး ပုစွန် အထွက်နှုန်းလည်း လျော့ကျတတ်ကြောင်း သိရသည်။ မြေအမျိုးအစားကလည်း အရေးကြီးသည်ဟု ငါးလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးထွန်းသိန်းက ထောက်ပြသည်။

“သူက နုန်းရွှံ့စေးမြေကို အကြိုက်ဆုံးပဲ။ ရွှံ့စေးမြေမှ ပိတ်ထားလို့၊ လှောင်ထားလို့ ခံတာလေ။ ကျောက်ဖြူက ရွှံစေးမြေတွေ ရှိပေမယ့် သဲမြေဖြစ်တာများတော့ မိုးရွာရင် ရေဆင်းသွားရော” ဟု ခရိုင်ဦးစီးမှူးက ရှင်းပြသည်။

ဒေသခံတို့၏ မျှော်လင့်ချက်

သဘာဝအတိုင်းမွေးမြူသည့် နည်းလမ်းကို အသုံးမပြုပါက ကန်ဆယ်ယူသည့် ကုန်ကျစရိတ်အပြင် သားပေါက် နှင့် အစာ ဝယ်ယူရေးစရိတ်များ ရှိလာသည်ဟု ကျောက်ငူကျေးရွာမှ ဦးဘစုတင်က ထောက်ပြသည်။

“လောလောဆယ်တော့ သဘာဝနည်းအတိုင်းပဲ မွေးနိုင်သေးတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့မှာ အရင်းအနှီး များများစားစားမှ မရှိတာ” ဟု ဦးဘစုတင်က ဆိုသည်။

ပန်းဒူမ ကျေးရွာမှ ဦးသိန်းမြင့်ကလည်း “ငွေမရှိလို့” သားဖောက်မွေးမြူရေး မလုပ်နိုင်ရခြင်းဖြစ်သည်ဟု ဆိုသည်။

ပုစွန်ကန်များ ပြန်လည်နာလန်မထူနိုင်ရသည့် အကြောင်းအရင်းများထဲတွင် သားပေါက် ဝင်ရောက်မှု လျော့နည်းလာခြင်းလည်း ပါဝင်သည်ဟု ထောက်ပြသူများအနက် တစ်ဦးမှာ ပုစွန်ကန်ပိုင်ရှင် ဦးတင်မြဖြစ်သည်။

“ကန်ထဲကို သားပေါက်ဝင်တာ အရမ်းနည်းလာတယ်။ အရင်ကထက်ကို နည်းလာတာ။ အဲဒီတော့ ဖမ်းတဲ့ အခါမှာလည်း နည်းနည်းပဲ ရတော့တာပေါ့” ဟု ဦးတင်မြက ဆိုသည်။

သူ၏ ဧက ၄ဝဝ ကန်ကိုဆယ်လျှင် ပုစွန် ပိဿာ ၉ဝဝ နီးပါး ရခဲ့သော်လည်း ယခုအခါ ၁၅ဝ ခန့်သာ ရနိုင်သည်ဟု ဦးတင်မြက ဆိုသည်။ ကျားပုစွန်တစ်ကောင်လျှင် သုံးကျပ်သားခန့် ရှိရာမှ ၂ ကျပ်သားခန့်သာ ရှိတော့သည်ဟု သူက ဆက်ပြောသည်။

ဤသို့ဖြင့် ဘင်္ဂလားပင်လယ်အော်၏ ကျယ်ပြန့်သောကမ်းရိုးတန်းပေါ်တွင်တည်ရှိပြီး မုန်တိုင်းနှင့် ရေကြီးမှုဒဏ်ကို အတားအဆီးမရှိ ရင်ဆိုင်ရသည့် ဤဒေသမှ မွေးမြူရေးသမားများသည် ရင်းနှီးငွေ မရှိပါက ပုစွန်ကန်တို့ကို ပစ်ထားကြရသည်။ ဆားငန်ရေ နှစ်ရှည်လများ အဝင်အထွက် ရှိနေသောကြောင့် စပါးစိုက်ရန်လည်း မဖြစ်နိုင်သေးပေ။

ဒေသခံတို့သည် ဂဏန်းထောင်၊ ငါးဖမ်း အလုပ်များ လုပ်ကိုင်နေကြချိန်တွင် မွေးမြူရေး လုပ်ငန်းအတွက် ချေးငွေ၊ ထောက်ပံ့ငွေအစီအစဉ်များ ဤဒေသသို့ ရောက်လာနိုင်ချေရှိသည်ဟု ယူဆနေကြသည်။

ပန်းဒူမရွာသည် ၂ဝ၁၅/၁၆ ခုနှစ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနအောက်ရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ မြစိမ်းရောင်စီမံကိန်းအရ သိန်း ၃ဝဝ ရရှိခဲ့သည်။

ကျောက်ငူကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသိန်းမြင့် အပါအဝင် ဒေသခံ အများအပြားကမူ လိုအပ်သည့် အရင်းအနှီး၊ အကူအညီကို အစိုးရထံမှ ရရှိနိုင်ရန် မျှော်လင့်နေကြသည်။

“အစိုးရကသာ မကူညီဘူးဆိုရင် ဒီဒေသက စီးပွားရေးအခြေအနေမကောင်းနိုင်တော့ဘူး။ ဝင်ငွေမကောင်းရင် ဒီဒေသမှာ ဘယ်လိုမှ ရပ်တည်လို့မရတော့ဘူး။ ကျန်းမာရေး လူမူရေး၊ စီးပွားရေး အဆင်မပြေရင် ဒီဒေသက စွန့်ခွာပြီးမှ ရေကြည်ရာမြက်နုရာကို သွားကြတော့မှာ” ဟု ဦးသိန်းမြင့်က ပြောသည်။ ။

 

 

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading