သတင်း

မန္တလေး ရဲမွန်တောင်ရပ်ကွက်ရုံး ဗုံးထိ၊ စစ်သားတစ်ဦး ဒဏ်ရာရ

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ယနေ့ (ဩဂုတ် ၃) တွင် ဗုံးဖြင့် တိုက်ခိုက်ခံရသဖြင့် စစ်သားတစ်ဦး ခြေထောက်ဒဏ်ရာရသွားကြောင်း ရပ်ကွက်နေသူများက ပြောသည်။

ယနေ့ မနက် ၆ နာရီခွဲခန့်က ၃၅ လမ်း၊ ၅၈ လမ်းနှင့် ၅၉ လမ်းကြားရှိ ထိုရုံး တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ယင်းဖြစ်စဉ်ကို မြင်တွေ့ခဲ့သူ အမျိုးသမီးတစ်ဦးက ဆိုသည်။

“အုန်း ဆိုတဲ့ အသံအကျယ်ကြီးထွက်လာပြီးတော့ သေနတ်ပစ်သံ နှစ်ချက် ဆက်တိုက်ကြားတယ်၊ ဘယ်သူက ဘယ်သူ့ကို ပစ်တယ်တော့ မသိဘူး။ စစ်သားတစ်ယောက် လဲကျသွားတာ တွေ့တယ်။ အဲဒီနားက ဆေးဆိုင်က ဆေးတွေယူပြီး လုပ်ပေးနေကြတာတွေ့တယ်၊ ခဏနေမှ ကားရောက်လာပြီး (ဒဏ်ရာရ စစ်သားကို) ကားနဲ့ ခေါ်သွားကြတယ်”ဟု ထိုရပ်ကွက်တွင် နေထိုင်သည့် အမျိုးသမီးက ဆိုသည်။ 

ရပ်ကွက်ရုံးကို တိုက်ခိုက်သူ လွတ်မြောက်သွားသည်ဟု သူက ဆက်ပြောသည်။

ဗုံးပေါက်ကွဲပြီး မကြာမီမှာပင် စစ်သားအများအပြားရောက်ရှိလာပြီး၊ ရုံးအနီးဝန်းကျင် လမ်းများကို ပိတ်ဆို့လိုက်ကာ စစ်ဆေးရှာဖွေခဲ့ကြကြောင်း၊ လတ်တလော ဖမ်းဆီးခံရသူမရှိကြောင်း ပေါက်ကွဲမှုဖြစ်ပွားရာ ရပ်ကွက်တွင်းနေထိုင်သူများက ဆိုသည်။

ထိုအုပ်ချုပ်ရေးမှူးရုံးတွင် စစ်သား နှစ်ဦး၊ သုံးဦးခန့် ရှိနေတတ်ပြီး  ရုံးရှေ့ ၃၅ လမ်းပေါ်တွင်လည်း လမ်း မကြာခဏ ပိတ်ဆို့ ရှာဖွေစစ်ဆေးတတ်သည်။

ယနေ့ မနက်မှစ၍ မန္တလေးမြို့ နေရာအနှံ့အပြားတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က လမ်းအများအပြားကို ပိတ်ဆို့ပြီး သွားလာနေသူများကို စစ်ဆေးကာ ကိုဗစ်သွားလာကန့်သတ်မှုအကြောင်းပြ၍ ငွေတောင်း၊ ရိုက်နှက်နေသည်ဟု ဒေသခံတို့က ပြောသည်။

စစ်ကောင်စီသည် ၎င်းတို့နှင့် ပနံသင့်သူများကို အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်ကာ ရုံးများကို ဖွင့်လှစ်ပြီး အများပြည်သူ မြို့တွင်းသွားလာခွင့်ကတ်များ လျှောက်ထားစေခြင်း၊ ဧည့်စာရင်းတိုင်စေခြင်းဖြင့် အုပ်ချုပ်ရေးယန္တရားလည်ပတ်နိုင်ရေး ကြိုးပမ်းလုပ်ဆောင်လျက်ရှိသည်။

စစ်ကောင်စီယန္တရားကို ပစ်မှတ်ထားသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စစ်ကောင်စီလက်ပါးစေ အုပ်ချုပ်ရေးမှူးရုံးများ၊ အုပ်ချုပ်ရေးမှူးများကို တိုက်ခိုက်လာခြင်းဖြစ်သည်။ 

မကြာသေးခင် ဇူလိုင် ၂၇ ညနေပိုင်း၌ အောင်မြေသာစံမြို့နယ်၊ မင်းတဲအီကင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းနေအိမ်၌ သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခံရပြီး ဆေးရုံတွင် သေဆုံးသွားခဲ့သည်။

မန္တလေးမြို့တွင် ယခုကာလအတွင်း စစ်ကောင်စီက အကြမ်းဖက်ကိုင်တွယ်ကာ ဆန္ဒပြပွဲများပစ်ခတ်ဖြိုခွဲခြင်း၊ ဘုန်းကြီးကျောင်းတိုက်များစီးနင်းခြင်း၊ လူငယ်များကို ဖမ်းဆီးခြင်းတို့ ဆက်တိုက်ပြုလုပ်နေသည်။ 

Show More

Related Articles

Back to top button