စီးပွားရေး

အာဏာသိမ်းပြီးနောက် နိုင်ငံတကာကုမ္ပဏီကြီး ၁၁ ခု မြန်မာကို စွန့်ခွာ

စစ်အာဏာသိမ်းပြီး ခြောက်လအကြာတွင် မြန်မာနိုင်ငံမှ အပြီးထွက်ခွာရန် သို့မဟုတ် လုပ်ငန်းများရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့သည့် နိုင်ငံတကာကုမ္ပဏီကြီး ၁၁ ခုအထိရှိကြောင်း မကြာသေးမီက ထုတ်ပြန်ခဲ့သော ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေးစောင့်ကြည့်အစီရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါ ကုမ္ပဏီကြီးများမှာ မြန်မာနိုင်ငံတွင် စွမ်းအင်ကဏ္ဍ၊ ဆက်သွယ်ရေးလုပ်ငန်း၊ အိမ်ခြံမြေ၊ ဟိုတယ်၊ အဖျော်ယမကာနှင့် လက်လီလုပ်ငန်းများ လုပ်ကိုင်လျက်ရှိကာ အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံထားသည်။ 

အရပ်သားအစိုးရကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းယူခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်းမှစ၍ ဂျပန်၊ စင်ကာပူ၊ ထိုင်း၊ ဩစတေးလျ၊ မလေးရှား၊ ပြင်သစ်၊ ဟောင်ကောင်နှင့် နော်ဝေနိုင်ငံတို့မှ ကုမ္ပဏီကြီးများက မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ကိုင်ခြင်း မပြုတော့ရန် ဆုံးဖြတ်ခဲ့ကြသည်။ 

စစ်တပ်လက်အောက်ခံ ဦးပိုင်ကုမ္ပဏီနှင့် လမ်းခွဲကြခြင်း 

အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံရှိ လုပ်ငန်းများရပ်ဆိုင်းခဲ့သည့် ကုမ္ပဏီများတွင် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) နှင့် ဖက်စပ်လုပ်ကိုင်နေသည့် ဂျပန်နိုင်ငံမှ ကီရင် (Kirin) ဘီယာ ကုမ္ပဏီနှင့် စင်ကာပူနိုင်ငံမှ RMHS ကုမ္ပဏီ၏ အစုရှယ်ယာရှင်တစ်ဦးလည်း ပါဝင်သည်။

မြန်မာဘီယာကုမ္ပဏီ (Myanmar Brewery) ကို ထိုသို့ ပူးတွဲလုပ်ကိုင်နေသည့် ကီရင်ကုမ္ပဏီက ဦးပိုင်နှင့် ဖက်စပ်လုပ်ငန်းများကို ရပ်တန့်မည်ဖြစ်ကြောင်း အာဏာသိမ်းပြီး လေးရက်အကြာ ဖေဖော်ဝါရီ ၅ တွင် ကြေညာခဲ့သည်။ သို့သော် အသေးစိတ်ကိုမူ ဖော်ပြခြင်း မရှိပေ။ 

စစ်အာဏာသိမ်းမှုကြောင့် မြန်မာဘီယာရောင်းအား ၄၆ ရာခိုင်နှုန်းအထိ ထိုးကျခဲ့ကြောင်း ကီရင်ကုမ္ပဏီက မေလဆန်းပိုင်းတွင် ထုတ်ပြန်ခဲ့သည့် ပထမသုံးလပတ်အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထင်ရှားသည့် စင်ကာပူစီးပွားရေးသမား Lim Kaling သည်လည်း စစ်တပ်လက်အောက်ခံ ဦးပိုင်နှင့် ဖက်စပ်လုပ်ငန်းမှ နုတ်ထွက်ရန် ဖေဖော်ဝါရီလဆန်းပိုင်းတွင် ဆုံးဖြတ်ခဲ့သည်။ ၎င်းသည် ဦးပိုင်နှင့် ဖက်စပ်လုပ်ကိုင်နေသည့် စင်ကာပူအခြေစိုက် RMHS (Rothmans Myanmar Holdings Singapore) ကုမ္ပဏီ၏ အဓိကရှယ်ယာရှင်တစ်ဦးဖြစ်သည်။

မြန်မာနိုင်ငံဈေးကွက်တွင် အရောင်းတွင်ကျယ်သော Red Ruby နှင့် Premium Gold စီးကရက်တံဆိပ်များ ထုတ်လုပ်ဖြန့်ဖြူးသည့် Virginia Tobacco ကုမ္ပဏီကို ဦးပိုင်နှင့် RMHS တို့ ဖက်စပ်လုပ်ကိုင်နေခြင်းဖြစ်သည်။ 

Virginia Tobacco ၏ ငွေကြေးစီးဆင်းမှုကို လွတ်လပ်သော စာရင်းစစ်အဖွဲ့ဖြင့် စစ်ဆေးရန် တောင်းဆိုရာတွင် ဦးပိုင်က ငြင်းဆန်ခဲ့သည့်အတွက် RMHS နှင့် ဦးပိုင်ကြား အာဏာမသိမ်းမီ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကတည်းက အငြင်းပွားမှုပေါ်ပေါက်ခဲ့သည်။

စင်ကာပူစီးပွားရေးလုပ်ငန်းရှင် Lim Kaling သည် ဟောင်ကောင်စတော့အိတ်ချိန်းစာရင်းဝင် Razer ကုမ္ပဏီ ပူးတွဲတည်ထောင်သူလည်းဖြစ်သည်။ ဦးပိုင်၏ မူရင်းအဖွဲ့အစည်း စစ်တပ်က ရခိုင်ပြည်မြောက်ပိုင်း ရိုဟင်ဂျာအရေးနှင့် ပတ်သက်၍  မတရားမှုများကျူးလွန်ထားရာ ဦးပိုင်နှင့် ဆက်စပ်နေသော သူ့ကို Razer ကုမ္ပဏီဘုတ်အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ပစ်ရန် နိုင်ငံတကာက ဖိအားပေးခဲ့ဖူးသည်။

ဆုတ်ခွာရာလမ်းကြောင်းပေါ်က လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးနှင့် ရေနံကုမ္ပဏီများ 

ပြင်သစ်အစိုးရရှယ်ယာ အများဆုံးပိုင်ဆိုင်ထားသည့် လျှပ်စစ်စွမ်းအင်ကုမ္ပဏီ Électricité de France (EDF) သည်လည်း အာဏာသိမ်းစစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် အမေရိကန်ဒေါ်လာ ၁ ဘီလျံခွဲတန် စီမံကိန်းကို ရပ်ဆိုင်းခဲ့သည်။

အကြီးစားရေအားလျှပ်စစ်စီမံကိန်းတစ်ခုဖြစ်သည့် ရွှေလီ (၁) စီမံကိန်းကို ရပ်ဆိုင်းကြောင်း ပြင်သစ်ကုမ္ပဏီ EDF က မတ်လအတွင်း ကြေညာခဲ့ခြင်းဖြစ်သည်။ 

ရှမ်းပြည်နယ်မြောက်ပိုင်း ရွှေလီမြစ်ပေါ်ရှိ ထိုစီမံကိန်းမှ လျှပ်စစ်မဂ္ဂါဝပ် ၆၇၀ ကျော် ထုတ်လုပ်ရန် ရည်မှန်းထားပြီး ဂျပန်နိုင်ငံမှ Marubeni ကော်ပိုရေးရှင်းနှင့် မြန်မာနိုင်ငံမှ ဧရာဟင်္သာကုမ္ပဏီတို့လည်း ပါဝင်ရင်းနှီးမြှုပ်နှံထားသည့် အဆိုပါစီမံကိန်းမှာ မူလအစီအစဉ်အရ ၂၀၂၅ ခုနှစ်တွင် ပြီးစီးမည်ဖြစ်သည်။ 

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရေအားလျှပ်စစ်စီမံကိန်းများကို တွန်းအားပေးနေချိန်တွင် ပြင်သစ်ကုမ္ပဏီက အာဏာသိမ်းမှုကို လက်မခံသည့်အနေဖြင့် စီမံကိန်းကို ရပ်ဆိုင်ခဲ့ခြင်းဖြစ်သည်။ 

ပြင်သစ်ကုမ္ပဏီနည်းတူ စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို လက်မခံသော ဩစတြေးလျရေနံကုမ္ပဏီကြီး Woodside သည်လည်း အလုပ်သမားများကို ပြန်ခေါ်ကာ ရေနံရှာဖွေရေးလုပ်ငန်းများ ရပ်ဆိုင်းကြောင်း ဖေဖော်ဝါရီလကုန်ပိုင်းတွင် ကြေညာခဲ့သည်။

“လူ့အခွင့်အရေးချိုးဖောက်မှုများကို Woodside က ရှုတ်ချပါတယ်။ ငြိမ်းချမ်းစွာဆန္ဒပြတဲ့ မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်မှုသတင်းတွေက အလွန်စိတ်ပျက်ဖို့ကောင်းပါတယ်” ဟု ကုမ္ပဏီ၏ ကြေညာချက်တွင် ဖော်ပြခဲ့သည်။ 

ဩစတြေးလျရေနံကုမ္ပဏီသည် မြန်မာ့ကမ်းလွန်ပင်လယ်ပြင်ရှိ A-6 လုပ်ကွက်ကို လုပ်ကိုင်ခွင့်ရထားသည်။ အဆိုပါလုပ်ကွက်တွင် သဘာဝဓာတ်ငွေ့ပမာဏအမြောက်အမြား ခိုအောင်းနေသည့် သဲကျောများတွေ့ရှိပြီးနောက် စီးပွားဖြစ်ထုတ်ယူနိုင်ခြင်းရှိမရှိ ရှာဖွေရေးတွင်းများနှင့် အကဲဖြတ်တွင်းများ တူးဖော်လျက်ရှိသည်။

A-6 လုပ်ကွက်တွင် Woodside ကုမ္ပဏီက ၄၀ ရာခိုင်နှုန်းဖြင့် အော်ပရေတာအဖြစ် လုပ်ကိုင်နေပြီး ပြင်သစ်ရေနံကုမ္ပဏီ Total က ၄၀ ရာခိုင်နှုန်းနှင့် မြန်မာနိုင်ငံမှ နာမည်ကျော်သူဌေးကြီးတစ်ဦးဖြစ်သော မိုက်ကယ်မိုးမြင့်၏ MPRL ကုမ္ပဏီက ၂၀ ရာခိုင်နှုန်း ပါဝင်ရင်းနှီးမြှုပ်နှံထားသည်။ 

တောင်ကိုရီးယားနိုင်ငံမှ POSCO ကုမ္ပဏီလုပ်ကိုင်ခွင့်ရထားသည့် AD-7 နှင့် တရုတ်နိုင်ငံပိုင် CNPC ကုမ္ပဏီရရှိထားသည့် AD-8 ရေနက်ပိုင်းလုပ်ကွက်များတွင်လည်း ရေနံရှာဖွေရေးလုပ်ငန်းများကို Woodside ကုမ္ပဏီက လုပ်ကိုင်ပေးနေခဲ့သည်။ 

မလေးရှားအစိုးရပိုင် Petronas ရေနံကုမ္ပဏီက ရှောင်လွှဲလို့မရသော အခြေအနေများကြောင့် မုတ္တမကမ်းလွန်ရှိ ရဲတံခွန်သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေးစီမံကိန်းကို ရပ်ဆိုင်းကြောင်း ဧပြီလ ၁ ရက်နေ့တွင် ကြေညာခဲ့သည်။

ထိုင်းနိုင်ငံသို့ သဘာဝဓာတ်ငွေ့တင်ပို့ရောင်းချနေသည့် ရဲတံခွန်စီမံကိန်းကို ၂၀၀၃ ကတည်းက Petronas ကုမ္ပဏီက လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး၊ လုပ်ငန်းသဘာဝအရ ထုတ်လုပ်မှုကျဆင်းချိန်တွင် စစ်အာဏာသိမ်းမှုနှင့် တိုက်ဆိုင်လျက် လုပ်ငန်းရပ်ဆိုင်းခဲ့ကြောင်း မလေးရှားနိုင်ငံပိုင် ကုမ္ပဏီက ကြေညာခဲ့ခြင်းဖြစ်သည်။

ရဲတံခွန်စီမံကိန်းတွင် Petronas က ၄၀ ဒသမ ၉ ရာခိုင်နှုန်း၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) က ၂၀ ဒသမ ၅ ရာခိုင်နှုန်း၊ ဂျပန် Nippon ရေနံကုမ္ပဏီနှင့် ထိုင်းနိုင်ငံပိုင် PTTEP တို့က ၁၉ ဒသမ ၃ ရာခိုင်နှုန်းစီ ပိုင်ဆိုင်ထားသည်။ 

ဟိုတယ်၊ အဆင့်မြင့်အိမ်ရာနှင့် ကုန်တိုက်စီမံကိန်း ရပ်ဆိုင်း 

ထိုင်းနိုင်ငံမှ အကြီးစားအိမ်ခြံမြေကုမ္ပဏီကြီး Amata အုပ်စုက မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်နေသော ဒေါ်လာ ၁ ဘီလျံတန်စီမံကိန်းကို ရပ်ဆိုင်းကြောင်း အာဏာသိမ်းပြီး နောက်တစ်ရက်ဖြစ်သည့် ဖေဖော်ဝါရီ ၂ ရက်နေ့တွင် ကြေညာခဲ့သည်။

အာဏာသိမ်းမှုကြောင့် နိုင်ငံတကာ၏ အရေးယူပိတ်ဆို့မှုအကျိုးဆက်များကို စိုးရိမ်သဖြင့် ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) နှင့် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တို့တွင် အကောင်အထည်ဖော်လျက်ရှိသည့် Yangon Amata Smart and Eco City စီမံကိန်းကို ထိုင်းကုမ္ပဏီကြီးက ရပ်ဆိုင်းခြင်းဖြစ်သည်။ 

အလားတူပင် ဟောင်ကောင်အခြေစိုက် Shanghai ဟိုတယ်လုပ်ငန်းစုကလည်း ရန်ကုန်မြို့လယ်တွင် တည်ဆောက်အကောင်အထည်ဖော်နေသော Peninsula ဟိုတယ်နှင့် အဆင့်မြင့်အိမ်ရာစီမံကိန်းကို တစ်နှစ်ကြာ ရပ်နားမည်ဖြစ်ကြောင်း မေ ၂၁ တွင် ကြေညာသည်။

ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ဆူးလေဘုရားလမ်းထောင့်တွင် တည်ဆောက်နေသည့် ဒေါ်လာသန်း ၁၃၀ တန် အဆိုပါစီမံကိန်းတွင် Hongkong and Shanghai အုပ်စုက ၇၀ ရာခိုင်နှုန်းပိုင်ဆိုင်ပြီး ကျန် ၃၀ ရာခိုင်နှုန်းကို မြန်မာနိုင်ငံမှ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သော ဦးသိမ်းဝေ၏ Yoma Strategic Investments နှင့် FMI ကုမ္ပဏီတို့က ပိုင်ဆိုင်သည်။

ထို့အတူ စင်ကာပူအစိုးရပါဝင်သည့် စင်ကာပူစွမ်းအင်ကုမ္ပဏီကြီး Sembcorp ကလည်း ရန်ကုန်တိုင်း လှည်းကူးမြို့နယ်တွင် အကောင်အထည်ဖော်မည့် ဒေါ်လာသန်း ၂၃၀ တန် စက်မှုဥယျာဉ်မြို့တော်စီမံကိန်းကို စစ်အာဏာသိမ်းမှုကြောင့် ရပ်ဆိုင်းခဲ့သည်။

အဆိုပါစီမံကိန်းတွင် Sembcorp ကုမ္ပဏီက ၆၇ ရာခိုင်နှုန်း၊ ပြည်တွင်းမှ City Mart နှင့် MAPCO ကုမ္ပဏီတို့ က ၃၃ ရာခိုင်နှုန်း ပါဝင်ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး တည်ဆောက်ရေးလုပ်ငန်းများ စတင်ပြီးဖြစ်သည်။ 

စင်ကာပူစွမ်းအင်ကုမ္ပဏီကြီးမှာ မြင်းခြံတွင် ၂၂၅ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစက်ရုံကို လက်ရှိလုပ်ကိုင်လျက်ရှိသည်။ မြန်မာနိုင်ငံ၏ အကြီးဆုံးသဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံကိန်းမှာ ဒေါ်လာသန်း ၃၀၀ ကုန်ကျထားသည်။ 

စစ်အာဏာသိမ်းမှုဂယက်ကြောင့် ဂျပန်နိုင်ငံမှ နာမည်ကျော် လက်လီဖြန့်ဖြူးရေးကုမ္ပဏီကြီး AEON က ရန်ကုန်တွင် တည်ဆောက်မည့် ကုန်တိုက်တည်ဆောက်ရေးစီမံကိန်းကို ဆိုင်းငံ့ထားရန် မေလအတွင်း ဆုံးဖြတ်ခဲ့သည်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် ခွင့်ပြုချက်ရရှိခဲ့သော ဒေါ်လာသန်း ၁၈၀ တန် ထိုစီမံကိန်းတွင် ဂျပန် AEON ကုမ္ပဏီက ၇၀ ရာခိုင်နှုန်းနှင့် ပြည်တွင်းမှ ရွှေတောင်ကုမ္ပဏီက ၃၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံမည်ဖြစ်သည်။

အလားတူပင် ဂျပန်နိုင်ငံမှ နာမည်ကျော် TOYOTA ကားထုတ်လုပ်ရေးကုမ္ပဏီကလည်း မြန်မာနိုင်ငံတွင် စက်ရုံဆောက်မည့်အစီအစဉ်ကို အာဏာသိမ်းမှုဖြစ်ပွားသည့် ဖေဖော်ဝါရီလအတွင်း၌ပင် ဆိုင်းငံ့ခဲ့သည်။  

ထွက်တော်မူနန်းက ခွာတော့မည့် တယ်လီနောမြန်မာ

၂၀၁၄ ခုနှစ်တွင် ဆက်သွယ်ရေးလုပ်ငန်းလိုင်စင်ရရှိပြီးနောက် ပြည်တွင်း၌ သုံးစွဲသူ ၁၈ သန်းကျော်ကို ဝန်ဆောင်မှုပေးနေသည့် နော်ဝေအခြေစိုက် Telenor သည်လည်း မြန်မာနိုင်ငံမှ ထွက်ခွာတော့မည်ဖြစ်သည်။ 

တယ်လီနောမြန်မာကို လက်ဘနွန်သန်းကြွယ်သူဌေးပိုင် M1 Group ထံ ဒေါ်လာ ၁၀၅ သန်းဖြင့် ရောင်းချရန် သဘောတူထားသည်ဟု Telenor Group က ယခု (ဇူလိုင်) လဆန်းပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။

မြန်မာနိုင်ငံရှိ မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာများအနက် ဒီဂျစ်တယ်အခွင့်အရေးနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှုအရှိဆုံးကုမ္ပဏီဟု သတ်မှတ်ခံထားရသည့် တယ်လီနောမြန်မာကို ရောင်းချလိုက်ခြင်းကြောင့် စိုးရိမ်ပူပန်မှုများလည်း ဖြစ်ပေါ်နေသည်။

စစ်အာဏာသိမ်းပြီးနောက် ဖုန်းအသုံးပြုသူများ၏ အချက်အလက်လုံခြုံမှုအတွက် အာမခံချက်နည်းသွားသော်လည်း ဒစ်ဂျစ်တယ်အခွင့်အရေးနှင့် ပတ်သက်၍ တယ်လီနောကွန်ရက်ကို ယုံကြည်အားထားခဲ့သူများအတွက် စိတ်အားပျက်ဖွယ်ဖြစ်သည်။ 

စွန့်ခွာသူတွေ ပိုများလာဦးမည် 

အာဏာသိမ်းပြီးနောက်ပိုင်း အဘက်ဘက်မှ ယိုယွင်းလာသော အခြေအနေများကြောင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကြီးများ ထွက်ခွာကြ သို့မဟုတ် လုပ်ငန်းရပ်ဆိုင်းကြသည့်နည်းတူ စက်ရုံအလုပ်ရုံများနှင့် စားသောက်ကုန်လုပ်ငန်း ပိတ်သိမ်းမှုများလည်း ရှိလာသည်။ 

ထပ်မံ၍ မြန်မာနိုင်ငံမှ ထွက်ခွာရန် ပြင်ဆင်နေသည့် နိုင်ငံတကာကုမ္ပဏီများလည်း ရှိနေရာ ဩစတြေးလျသတ္တုတူးဖော်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် Metals လည်း အပါအဝင်ဖြစ်သည်။ ရှမ်းပြည်နယ်မြောက်ပိုင်း ဘော်တွင်းသတ္တုစီမံကိန်းတွင် ၅၁ ရာခိုင်နှုန်း ပါဝင်ရင်းနှီးမြှုပ်နှံထားသည့် ဩစတြေးလျကုမ္ပဏီက ၎င်း၏ရှယ်ယာများကို ရောင်းချရန် ပြင်ဆင်နေသည်။

ရင်းနှီးမြှုပ်နှံမှုအသစ်များဝင်မလာတော့သည့်အပြင် ရှိနေဆဲကုမ္ပဏီများ ပြန်လည်ထွက်ခွာသွားသောကြောင့် အလုပ်လက်မဲ့နှုန်းတိုးလာမည့်အပြင် စီးပွားရေးနာလန်ထရန် အလှမ်းဝေးသွားပြီဖြစ်ကြောင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအခြေအနေကို လေ့လာစောင့်ကြည့်သူတစ်ဦးက Myanmar Now ကို ပြောသည်။

“အလားအလာကတော့ အရမ်းကိုဆိုးတယ်။ စီးပွားရေးနာလန်ထဖို့ဆိုတာက တော်တော်လေးကို အလှမ်းဝေးသွားပြီ။ ဘယ်လိုမှ တွေးဝံ့စရာကို မရှိဘူး။ သူတို့(စစ်ကောင်စီ)ကတော့ ဇွတ်အော်နေတာပဲ။ တိုးတက်တယ်ဆိုပြီးတော့။ အံ့ဩစရာပဲ” ဟု ရန်ကုန်တွင် နေထိုင်သူ အမည်မဖော်လိုသူ အဆိုပါ အမျိုးသားက ဆိုသည်။ 

အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ်၏ ခန့်မှန်းချက်အရ စစ်အာဏာမသိမ်းမီ ၂၀၂၀ နောက်ဆုံးသုံးလနှင့် ၂၀၂၁ ဒုတိယသုံးလတို့ကို နှိုင်းယှဉ်ပါက အာဏာသိမ်းပြီးနောက်တွင် လူဦးရေ ၁ ဒသမ ၂ သန်းကျော် အလုပ်လက်မဲ့ဖြစ်သွားသည်။  

အာဏာသိမ်းသည့် ဖေဖော်ဝါရီမှ ဧပြီအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဒေါ်လာ ၅၈၄ သန်းသာရှိရာ အရပ်သားအစိုးရလက်ထက် ပြီးခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်ပါက ၅၄ ရာခိုင်နှုန်းကျဆင်းသွားကြောင်း၊ မှတ်ပုံတင်သည့် ကုမ္ပဏီအရေအတွက်သည်း ၇၇ ရာခိုင်နှုန်းလျော့ကျသွားကြောင်း ကမ္ဘာ့ဘဏ်က ဆိုသည်။ 

နိုင်ငံတကာက အာရုံစိုက်သည့် ရင်းနှီးမြှုပ်မှုကဏ္ဍများကို စစ်အာဏာမသိမ်းမီက မြန်မာနိုင်ငံအနေဖြင့် မှန်ကန်သည့် မူဝါဒများဖြင့် ဆွဲဆောင်နိုင်သော်လည်း ယခုမူ ခက်ခဲသွားပြီဖြစ်ကြောင်း မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန၊ ဒါရိုက်တာ ဗစ်ကီဘိုးမန်းက Myanmar Now ကို ပြောသည်။

ပြီးခဲ့သည့် ဇွန်လအတွင်း ကမ္ဘာ့ဘဏ်က ကောက်ယူခဲ့သော စစ်တမ်းအရ အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေးထိခိုက်ပျက်စီးမှု ပိုမိုဆိုးရွားလာသည်ဟု ကုမ္ပဏီလေးပုံသုံးပုံက လက်ခံထားကြောင်း၊ ကုမ္ပဏီများအနေဖြင့် ယုံကြည်မျှော်လင့်ချက် အလွန်းအားနေသည့်အပြင် စီးပွားရေးလုပ်ကိုင်ရန် စိုးရိမ်ပူပန်နေကြောင်း သိရသည်။ 

ထို့ပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (FDI) ကတိကဝတ်များ ကျဆင်းခဲ့သဖြင့် အရင်းအနှီးပမာဏလျော့နည်းခြင်းနှင့်အတူ ပြည်တွင်းစက်မှုလုပ်ငန်းများအတွက် အရေးပါသော ပြည်ပကျွမ်းကျင်မှုနှင့် နည်းပညာချိတ်ဆက်သုံးစွဲနိုင်မှုကို ထိခိုက်စေသည်ဟုလည်း ကမ္ဘာ့ဘဏ်က သတိပေးထားသည်။

လာမည့်နှစ်ဆန်းပိုင်းတွင် မြန်မာနိုင်ငံ၌ ဆင်းရဲနွမ်းပါးသူဦးရေ နှစ်ဆမြင့်တက်နိုင်ကြောင်း ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။ မြန်မာကျပ်ငွေတန်ဖိုး ၂၃ ရာခိုင်နှုန်းအထိ ကျဆင်းလာနေပြီး လက်ရှိ ၆ ရာခိုင်နှုန်းရှိ ငွေကြေးဖောင်းပွမှုနှုန်းသည်လည်း လာမည့် ခြောက်လတွင် သိသိသာသာမြင့်တက်လာနိုင်သည်ဟု ဆိုသည်။

Show More

Related Articles

Back to top button