သတင်း

တပ်ရင်းမှူးကျသွားသည့် မင်းတပ်တွင် စစ်ရေးတင်းမာနေ

ချင်းပြည်နယ်၊ မင်းတပ်- မတူပီလမ်းပိုင်း၌ ယမန်နေ့(ဇူလိုင်၃၀)တွင် ဖြစ်ပွားသည့် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ဒု-ဗိုလ်မှူးကြီးအဆင့်ရှိ တပ်ရင်းမှူးတစ်ဦးကျဆုံးပြီးနောက် ဒေသတွင်းစစ်ရေးအခြေအနေများ ဆက်လက်တင်းမာနေသည်ဟု CDF (ချင်းဒေသကာကွယ်ရေးအဖွဲ့) ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

“စစ်တပ်ဘက်ကတော့ အင်အားတွေ ဖြည့်ဖြည့်နေပါတယ်။ အခုလောလောဆယ် စစ်ကြောင်းသုံးကြောင်းလောက်ပေါ့။ မနေ့ည(ဇူလိုင် ၃၀ရက်ည)က တိုက်ပွဲပြီးတော့ စစ်ကူတွေလည်း မတူပီဘက်က အင်အား ၈၀လောက် စစ်ကူတွေလာသေးတယ်။ တိုက်ပွဲတော့ ဆက်လက်ပြင်းထန်ဖွယ်ရှိပါတယ်”ဟု ၎င်းက ပြောသည်။

ချင်းပြည်နယ်အတွင်း ဖြစ်ပွားပြီး တပ်ရင်းမှူးပင် သေဆုံးခဲ့သည်ဆိုသော အထက်ပါတိုက်ပွဲများနှင့် ပတ်သက်၍ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခြင်းမရှိသေးပါ။

ယနေ့ထုတ်ကြေးမုံသတင်းစာ၌မူ တပ်ရင်းမှူးအဆင့်ရှိ အသက် ၄၈နှစ်အရွယ် ဒု-ဗိုလ်မှူးကြီးဇော်ဇော်စိုး၏ မိသားစုက ထည့်သွင်းထားသည့် နာရေးကြော်ငြာတစ်ခုပါဝင်သည်။ ထိုသူမှာ ဇူလိုင် ၃၀၊ နံနက် ၆နာရီ ၁၅ မိနစ်တွင် တာဝန်ထမ်းဆောင်ရင်း ကွယ်လွန်သည်ဟု နာရေးကြော်ငြာတွင် ဖော်ပြထားသော်လည်း မည်သည့်နေရာတွင် သေဆုံးသည်ကို အတည်မပြုနိုင်သေးပါ။

ဇူလိုင် ၃၁ ထုတ် ကြေးမုံသတင်းစာတွင်ပါဝင်သည့် နာရေးကြော်ငြာ

မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးသတင်းအဖွဲ့နှင့် CDF ၏ ထုတ်ပြန်ပြောဆိုချက်များအရ ဇူလိုင် ၂၁မှစ၍ စစ်ကောင်စီဘက်က အကြိမ်ကြိမ်ထိုးစစ်ဆင်နေသဖြင့် မင်းတပ်- မတူပီလမ်းပိုင်း၊ မင်းတပ် – ကန်ပက်လက်နယ်စပ်တွင် တိုက်ပွဲများဖြစ်ပွားနေကာ နှစ်ဖက်ထိခိုက်သေဆုံးမှုများရှိနေကြောင်း သိရသည်။

CDF ပြောခွင့်ရပုဂ္ဂိုလ်၏ အဆိုအရ အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီ ၂၆ဦး၊ CDF ၁၅ဦး သေဆုံးခဲ့ပြီး တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံများစွာရှိသည်ဟု သိရသော်လည်း သီးခြားအတည်မပြုနိုင်သေးပေ။

သို့သော် ထို့သို့စစ်ရေးအရှိန်မြှင့်တက်နေချိန် ဇူလိုင် ၂၄ ရက်တွင် CDF က သေနတ်ပင်မဖောက်လိုက်ရဘဲ သိမ်းပိုက်နိုင်ခဲ့သည့် မင်းတပ်မြို့နယ်၊ မကွီးအိမ်နူးရှိ ရဲစခန်းဖြစ်စဉ်တွင် စစ်ကောင်စီ၏ ဗိုလ်ကြီးတစ်ဦးအပါအဝင် ရဲနှင့် စစ်သား ၆ ဦး လက်နက်ချ၍ CDM (အာဏာဖီဆန်ရေးလှုပ်ရှားမှု)တွင် ပူးပေါင်းပါဝင်ခဲ့သည်ကို Myanmar Now က အတည်ပြုထားနိုင်သည်။

ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက် မင်းတပ်မြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာဆန္ဒပြကြသည့် ပြည်သူများကို စစ်ကောင်စီက ရက်စက်စွာ ဖြိုခွင်း၊ ဖမ်းဆီး၊ ပစ်ခတ်နေပြီး အသက်သေဆုံးရသည်အထိ ဖြစ်လာရာ ဧပြီလကုန်ပိုင်းမှစ၍ ဒေသခံတို့က ရရာလက်နက်ဖြင့် ခုခံလာကြသည်။

လတ်တလောတွင် မင်းတပ်၌ ဖြစ်ပွားသည့် တိုက်ပွဲများအတွင်း ဒေသ PDF နှင့်အတူ ကန်ပက်လက်၊ မတူပီတို့မှ ကာကွယ်ရေးအင်အားစုများ၊ ချင်းအမျိုးသားတပ်ဦး(CNF)တို့က ပူးပေါင်းပါဝင်ပေးနေကြောင်း CDF ပြောခွင့်ရပုဂ္ဂိုလ်ထံမှ သိရသည်။

ထိုအခြေအနေတွင် စစ်ရေးအရှိန်ပိုမြင့်လာနိုင်သည်ဟု CDF ဘက်က မျှော်မှန်းထားခြင်းဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၏ တိုက်ပွဲခေါ်သံကို စောင့်ဆိုင်းရင်း စစ်ကောင်စီ၏ ထိုးစစ်များကို ဆက်လက်ခုခံရန် ပြင်ဆင်ထားသည်ဟု ဆိုသည်။

“လက်ရှိအခြေအနေက ကျွန်တော်တို့က ပြင်ဆင်ရင်းတိုက်ရင်းနဲ့ ဆက်လက်ပြီး ခုခံတိုက်ပွဲဝင်သွားဖို့ ပြင်ဆင်နေကြပါတယ်။ သူတို့ဘက်က နယ်မြေကျူးကျော်ပြီးတော့ ကျွန်တော်တို့ရှိတဲ့ နေရာဒေသတွေကို လာရင် အမြဲတမ်းတိုက်ပွဲတော့ ဖြစ်မှာပဲ” ဟု CDF ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

အနာဂတ်တွင် ဖက်ဒရယ်တပ်မ​တော်အထိ ရည်မှန်း၍ ဖွဲ့စည်းထားကြောင်း NUG က ထုတ်ပြန်ပြောဆိုထားသည့် ပြည်သူ့ကာကွယ်​​ရေးအဖွဲ့ (PDF) တာဝန်ခံတစ်ဦးက စစ်ကောင်စီတော်လှန်ရေးနေ့အတွက် အချိန်များစွာ စောင့်ရန်မလိုတော့ကြောင်း Myanmar Now ကို ပြောထားသည်။

Show More

Related Articles

Back to top button