ရန်ကုန် - အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ မဘသ ကို အသစ်ပြန်လည်ဖွဲ့စည်းလိုက်သည့် ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းဆိုသည်မှာ နိုင်ငံတော် သံဃာမဟာနာယက အဖွဲ့ ညွန်ကြားချက်များကို မလိမ့်တစ်ပတ်လုပ်ထားသည့် အဖွဲ့အစည်းတစ်ခုသာဖြစ်ပြီး လိုအပ်လာပါက နိုင်ငံတော် သံဃမဟာနယကအဖွဲ့က အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်ဟု သာသနာရေးနှင့်ယာဉ်ကျေးမှု ဝန်ကြီး သူရဦးအောင်ကိုက ဇူလိုင်လ ၃ရက်နေ့က ကျင်းပသည့် သတ္တမအကြိမ် နိုင်ငံတော် သံဃမဟာနယက ၄ရပါး စုံညီ စုဒ္ဒသမ အစည်းအဝေး အပြီးတွင် ပြောကြားခဲ့သည်။
“တကယ်တော့ နိုင်ငံတော် သံဃမဟာနယကနာယက အဖွဲ့ကြီးက မဘသ အဖွဲ့ကို ဖျက်သိမ်းလိုက်တာပါ။ မဘသ အမည်နဲ့ ရဟန်းပုဂ္ဂိုလ်၊လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ဖြစ်စေ အဖွဲ့လိုက်ဖြစ်စေ မည်သည့် လှုပ်ရှားမှုမျှ မလုပ်ရဆိုတာ ဖျက်သိမ်းလိုက်တာပါပဲ။ အဲဒီတော့ ဖျက်သိမ်းပါမယ်၊ ဆက်မလုပ်တော့ပါဘူးဆိုပြီးတော့ ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်းအမည်နဲ့ လူမှုရေးလုပ်ငန်းတွေ ဆက်လုပ်ပါမယ်ဆိုပြီးတော့ မဘသကနေပြီး ဗုဒ္ဓဓမ္မပရဟိတဆိုပြီးဖြစ်သွားတယ်”ဟု သူက Myanmar Now ကို ပြောကြားလိုက်သည်။

“ဒါတွေက နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ရဲ့ ညွန်ကြားလွှာတွေ အပေါ်မှာ မလိမ့်တစ်ပတ်လုပ်တာဖြစ်ပါတယ်။ ဒီအတွက် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ကနေပြီးတော့ အခြေအနေ စောင့်ကြည့်ပြီးတော့ လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုများကို လိုအပ်တဲ့အချိန်မှာ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” သာသနာရေးဝန်ကြီးက ပြောဆိုသည်။
အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ မဘသ အမည်ကို ဖျက်သိမ်းပြီး ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်း အမည်သုံးစွဲသွားရန် မဘသ ဦးဆောင်ဆရာတော်များက ဆုံးဖြတ်ကြောင်း ကြေညာချက်ကို အင်းစိန်မြို့နယ် အောင်ဆန်းတောရ တပ်ဦးကျောင်းတွင် မေလ ၂ရရက်နေ့နှင့် ၂၈ရက်နေ့များတွင် ပြုလုပ်သည့် မဘသ ဗဟို အဖွဲ့ဝင်များကို အထူးအသိပေးရှင်းလင်းပွဲတွင် ထုတ်ပြန်ခဲ့သည်။


ထို့ပြင် သာသနာရေးဝန်ကြီးက နိုင်ငံတော် သံဃမဟာနာယက အဖွဲ့မှာ မြန်မာနိုင်ငံ လူဦးရေ ၈ဝ ရာခိုင်နှုန်းကျော် ကိုးကွယ်သည့် ဘာသာကြီးတစ်ခု၏ ဦးဆောင် အဖွဲ့ အစည်း ဖြစ်ပြီး ရဟန်းသံဃာပေါင်း ၅ သိန်းကျော်က ဒီမိုကရေစီ နည်းလမ်းကျ ရွေးချယ်တင်မြောက်ထားသည့် အဖွဲ့အစည်းလည်းဖြစ်သည်ဟု ပြောဆိုလိုက်သည်။
“ဘယ်အဖွဲ့ကမှ သူနဲ့သွားပြီး ပခုံးချင်းယှဉ်လို့ မရပါဘူး။ ကျန်တဲ့ အဖွဲ့စည်းတွေက တရားမဝင် အဖွဲ့အစည်းတွေဖြစ်ပါတယ်။ မဟနရဲ့ ဆုံးဖြတ်ချက် ညွန်ကြားချက်မှန်သမျှသည် မြန်မာနိုင်ငံသား သန်း ၅ဝ ကျော်ရဲ့ ၈ဝ ရာခိုင်နှုန်းကို ကိုယ်စားပြုတာကြောင့် မြန်မာနိုင်ငံ တစ်ခုလုံးကို ကိုယ်စားပြုတယ်လို့ ပြောလို့ရပါတယ်” ဟု သူက ဆိုသည်။


“သူတို့ လှုပ်ရှားမှုကို ကြည့်ပြီးတော့ နောက်ပိုင်းမှ လိုအပ်တဲ့ အမိန့်ညွန်ကြားချက်တွေ ဆက်ပြီးမှ ထွက်နေဦးမှာကို စောင့်ကြည့်ပါတော့” ဟု သူက ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းနှင့်ပတ်သက်ပြီး မှတ်ချက်ပြုသည်။
ဆန္ဒပြမှုများ နောက်ကွယ်
ထို့ပြင် မကြာသေးမီက သာသာနာရေးဝန်ကြီး နုတ်ထွက်ရန် ဆန္ဒပြမှုများတောင်းဆိုမှုများ၏ နောက်ကွယ်တွင် ငွေကြေးအင်အား တောင့်တင်းသည့် အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီတစ်ချို့ တည်ရှိနေပြီး ဆန္ဒပြမှုများမှာ ဒီမိုကရေစီ အစိုးရသစ်ကို ဦးတည် တိုက်ခိုက်နေသည့် နောက်ကြောင်းပြန်လိုသူများ၏ လုပ်ရပ်ဖြစ်သည်ဟု ဝေဖန်လိုက်သည်။
“ဒီဆန္ဒပြတဲ့ အဖွဲ့အစည်းတွေက အာဏာရှင်စနစ်ရဲ့ လက်ကိုင်တုတ်တွေဖြစ်တယ်။ အာဏာရှင်စနစ်ကို နောက်ပြန်လှည့်သွားချင်တဲ့သူတွေရဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်”ဟု သူက ရန်ကုန်နှင့်မန္တလေး မြို့များတွင် သာသနာရေးဝန်ကြီး နုတ်ထွက်ရန် ဆန္ဒပြတောင်းဆိုမှုများတွင် ပါဝင်သူများကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်သည်။
ဇွန်လ ၂၅ရက်နေ့တွင် ရန်ကုန်နှင့်မန္တလေးမြို့များတွင် ပြုလုပ်သည့် သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီး သူရဦးအောင်ကိုကို ရာထူးမှ ဖယ်ရှားပေးရေး၊ ဘာသာရေးလူမျိုးရေး အဓိကရုဏ်းများ ဖြစ်ပေါ်စေရန် ဟောပြောသောကြောင့် တရားဟောခွင့် ပိတ်ပင်ခံထားရသူ မစိုးရိမ် ကျောင်းတိုက်မှ ဦးဝီရသူ တရားဟောခွင့် ပြန်ပေးရေးတို့အတွက် အမျိုးသားရေး တက်ကြွလှုပ်ရှားသူဟု သူတို့ကိုယ်သူတို့ ပြောဆိုလေ့ရှိသူ ရဟန်းသံဃာများနှင့် လူပုဂ္ဂိုလ်အချို့ က တောင်းဆိုခဲ့ကြသည်။
“သူတို့က သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးကို ဦးတည်တိုက်ခိုက်နေတာ မဟုတ်ဘူး။ ဒီမိုကရေစီအစိုးရသစ်ကို ဦးတည်တိုက်ခိုက်နေတာပါ။ ” ဟု သာသနာရေးဝန်ကြီးက ဆိုသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။












