သတင်း

ကနီတွင် စစ်တပ်က လူနာတင်ကားပေါ်မှ ပစ်၊ ရွာသားတစ်ဦးသေ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ အောင်မင်္ဂလာကျေးရွာတွင် လူနာတင်ကားပေါ်မှ လက်နက်ကိုင် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က ပစ်ခတ်၍ ထိုရွာမှ အရပ်သားတစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ 

ဇူလိုင် ၂၈ ညနေပိုင်း အောင်မင်္ဂလာကျေးရွာအနီး စစ်တပ်နှင့် ဒေသခံ PDF ကြား တိုက်ပွဲဖြစ်နေစဉ် မောင်းနှင်လာသည့် လူနာတင်ယာဉ်ကို ဒေသခံများက ရပ်တန့်ရန် အချက်ပြစဉ် အပစ်ခံရခြင်းဖြစ်သည်ဟု ဆိုသည်။

“လူနာတင်ကားကို ပြည်သူ့ကားဆိုပြီး သွားတားပြီးတော့ ရှေ့က စစ်ပွဲဖြစ်နေတယ်၊ မသွားနဲ့လို့ ပြောဖို့ တားတာ၊ အဲ့ဒါ စစ်ဗိုလ်ကားဖြစ်နေတော့ မှန်လေးချပြီးတော့ ပစ်သွားတာ” ဟု မျက်မြင်ဒေသခံတစ်ဦးကို ကိုးကား၍ အောင်မင်္ဂလာကျေးရွာသားတစ်ဦးက ပြောသည်။ 

ပစ်ခတ်မှုကြောင့် အသက် ၂၅ နှစ်ဝန်းကျင်အရွယ် အမျိုးသားတစ်ဦး  ဦးခေါင်းထိမှန်သေဆုံးခဲ့ပြီး၊ တစ်ဦးမှာ ပေါင်ကို ထုတ်ချင်းပေါက် ကျည်ထိမှန်ခဲ့ကာ နောက်တစ်ဦးမှာ လက်မောင်းတွင် ဒဏ်ရာရသွားသည်။

၎င်းလူနာတင်ယာဉ်တွင် ယူနီဖောင်းဝတ်စစ်သားများပါဝင်ကြောင်းကို ပစ်ခတ်ခံရပြီးမှ ဒေသခံတချို့ သတိထားမိလိုက်သည်ဟု အထက်ပါ ဒေသခံအမျိုးသားက ဆိုသည်။ 

မုံရွာ – ယာကြီး – ကလေးဝ လမ်းပေါ်ရှိ အောင်မင်္ဂလာကျေးရွာသည် ဒေသခံနှင့် PDF များ အစုလိုက်အပြုံလိုက် အသတ်ခံထားရသည့် ဇီးပင်တွင်းကျေးရွာအနီး တည်ရှိသည်။

လက်နက်ကိုင်ခုခံနေသည့် PDF များရှိရာ ကနီမြို့နယ်မှ ကျေးရွာများကို စစ်တပ်က ဝင်ရောက်မွှေနှောက်ရှာဖွေခြင်း၊ ဖမ်းဆီးရိုက်နှက်ခြင်း၊ ရွှေ၊ ငွေ နှင့် အဖိုးတန်ပစ္စည်းများကို ယူဆောင်နေခြင်းကြောင့် ရွာသူရွာသားများမှာ ရွာအတွင်း အတည်တကျမနေနိုင်ဘဲ မကြာခဏတိမ်းရှောင်နေရသည်။

ဇူလိုင်လ ဒုတိယပတ်မှစ၍ ကနီမြို့နယ်အတွင်း စစ်တပ်၏ တပ်ဖြန့်လှုပ်ရှားမှုများရှိနေသောကြောင့် တွင်းကျေးရွာအုပ်စု၊ လင်ပုန်းရည်ကျေးရွာအုပ်စု၊ ဇီးပင်တွင်းကျေးရွာအုပ်စု၊ ချောင်းမကျေးရွာအုပ်စုတို့မှ တိမ်းရှောင်ရသည့် ဒေသခံ တစ်သောင်းဝန်းကျင်ရှိသည်ဟု စစ်ရှောင်အရေးကူညီပေးနေသူများက ဆိုသည်။ 

စစ်တပ်ကလည်း ရွာအတွင်းသာမက ဒေသခံများတိမ်းရှောင်နေသည့် ရွာပြင်ပ တောတောင်များထဲအထိ လိုက်လံဖမ်းဆီး၊ သတ်ဖြတ်နေသည်ဟု ရွာသားများက ပြောကြသည်။

ဇူလိုင် ၁၀ တွင် ကနီမြို့နယ်၊ ယင်းရွာအနီးရှိ တောထဲတွင် စစ်ဘေးရှောင်ပြည်သူများကို လက်နက်ကြီးဖြင့် လိုက်လံပစ်ခတ်ခဲ့သည်။ စစ်တပ်က ဖမ်းဆီးရမိသူများကို ရိုက်နှက်ခဲ့ကြသည်။ 

တိုက်ပွဲဖြစ်ခဲ့သည့် ဇီးပင်တွင်းရွာအနီးရှိ အနောက်ဘက် တောတောင်များတွင် ညှဉ်းပန်းနှိပ်စက်ခံရသည့် ဒဏ်ရာများဖြင့် သေဆုံးနေသူ ၁၂ ဦး၏ ရုပ်အလောင်းများကို ဇူလိုင် ၂၇ တွင် တွေ့ရှိခဲ့ကြသည်။

ကနီမြို့နယ် ကျေးရွာများတွင် စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီး မိသားစုနှင့် အဆက်အသွယ်ပြတ်တောက်နေသူ ၁၁ ဦးထက်မနည်းရှိကြောင်း ဖမ်းဆီးခံရသူများစာရင်းပြုစုနေသော ကနီမြို့မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။ 

ဒေသအသီးသီးမှ အာဏာသိမ်းမှုဆန့်ကျင်သူတို့ကို စစ်ကောင်စီတပ်က ပစ်သတ်ခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်းဖြင့် တုံ့ပြန်နေသည်။ စစ်ကောင်စီတပ်သားများ၏ လက်ချက်ကြောင့် သေဆုံးခဲ့သည့် ပြည်သူ ၉၃၆ ဦးထက်မနည်းရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ဇူလိုင် ၂၉ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

မတ် ၂၈ ကလည်း ကနီမြို့နယ် သလင်းရွာဒေသခံ သူနာပြုဆရာမ မသဉ္ဇာဟိန်းသည် မုံရွာမြို့တွင် စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူများကို ဝင်ရောက်ဆွဲယူပြီး ပြုစုကုသပေးနေစဉ် ခေါင်းကို အပစ်ခံရပြီး သေဆုံးသွားသည်။

အသက် ၂၀ အရွယ် မသဉ္ဇာဟိန်း၏ ရုပ်အလောင်းကို သင်္ဂြိုဟ်ရန် ၎င်း၏ ဇာတိရွာသို့ နောက်တစ်နေ့တွင် ပို့ဆောင်ခဲ့ကြသည်။

Show More

Related Articles

Back to top button