သတင်း

စစ်တပ်မွှေသည့် ကနီနယ်၌ အစုလိုက်သတ်ခံရသူ ၂၈ ဦး ရှိလာ

စစ်တပ်ဝင်မွှေနေသည့် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၌ တစ်လမပြည့်မီ အစုလိုက်အပြုံလိုက် ရက်စက်စွာသတ်ဖြတ်ခံရသူ ၂၈ ဦးရှိပြီဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူနှင့် မုံရွာပြည်သူ့ကာကွယ်ရေးအဖွဲ့ (MPDF) ပြောရေးဆိုခွင့်ရှိသူအပါအဝင် ဒေသခံ ၉ ဦးက အတည်ပြုထားသည်။

ဇူလိုင် ၂၈ရက်က ဇီးပင်တွင်းရွာ အနောက်ဘက်ယာတောထဲတွင် အစုလိုက်အပြုံလိုက်တွေ့ရသည့် ဒဏ်ရာများနှင့် ရုပ်အလောင်း ၇ လောင်း၊ ရွာအနီး အခြားနေရာတစ်ခုတွင် ၁ လောင်း ရှာဖွေတွေ့ရှိခဲ့ကြောင်း မျက်မြင်တွေ့သူနှင့် MPDF ပြောရေးဆိုခွင့်ရှိသူအပါအဝင် ဒေသခံ ၄ ဦးက ပြောသည်။

နောက်တစ်နေ့ (ဇူလိုင် ၂၉)တွင်လည်း အဆိုပါ ယာတောထဲ၌ပင် နောက်ထပ်  ၅ လောင်းတွေ့ရှိကြောင်း အထက်ပါ သတင်းရင်းမြစ်စာရင်းတွင် ပါဝင်သည့် ကနီမြို့ခံ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ဒေသခံများကို ကိုးကား၍ ပြောသည်။

“ဇီးပင်တွင်းရွာက ၂ လောင်းက အတည်ပြုလို့ရပြီး ကျန်တာကတော့ ဘယ်သူတွေ ဘယ်ဝါတွေဆိုတာ အတည်ပြုလို့ မသိနိုင်ဘူး။ ဖမ်းဆီးသွားတဲ့သူတွေ ပါသလားဆိုတာကတော့ လိုက်ဖို့ ခက်တယ်။ ရုပ်တွေက တချို့တွေက ပျက်သွားပြီ။ ဘယ်ရွာက ဘယ်သူဆိုတာ မသိနိုင်တဲ့အနေအထားပေါ့”ဟု ၎င်းက ဆိုသည်။

ဇူလိုင် ၁၀ ရက်ကလည်း ယင်းဟု အမည်ရသော ရွာအနီးတွင် ရက်စက်စွာညှဉ်းပန်း၍ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံထားရသူတို့၏ ရုပ်အလောင်း ၁၅ လောင်း အနည်းဆုံးတွေ့ရှိကြောင်း ဒေသခံ ၅ဦးက Myanmar Now ကို အတည်ပြုထားပြီး ဖြစ်သည်။

ဇီးပင်တွင်းရွာဖြစ်စဉ်

ဇီးပင်တွင်းရွာ၌ ဒေသခံတို့၏ ရုပ်အလောင်းများရှာဖွေတွေ့ရှိမှုမတိုင်မီ နှစ်ရက်(ဇူလိုင် ၂၆)က စစ်တပ်နှင့် အဆိုပါဒေသအနီးတွင် တိုက်ပွဲဖြစ်ခဲ့ကြောင်း MPDF ပြောရေးဆိုခွင့်ရှိသူထံမှ သိရသည်။

“တစ်ယောက်လောက်ကပဲ တိုက်ပွဲတွင်းမှာ ကျဆုံးပြီးတော့ ကျန်တဲ့သူတွေကတော့ တိုက်ပွဲထဲမှာ ပေါင်မှန်တာတို့၊ လက်မှန်တာတို့၊ ထွက်ပြီးမပြေးနိုင်တော့တဲ့သူတွေ၊ အဲဒီရဲဘော်တွေကို အနီးကပ်ပစ်သတ်ခံရတယ်လို့ ယူဆရတဲ့ ဓာတ်ပုံတွေ ရှိပါတယ်။ လောလောဆယ်တော့ မပြေးနိုင်ဘဲနဲ့ ဒဏ်ရာရတဲ့သူတွေကို စစ်တပ်က ပစ်သတ်သွားတယ်လို့ပဲ အကြမ်းဖျင်းကောက်ချက်ချပါတယ်”ဟု ၎င်းက ဆိုသည်။

ယာတောထဲတွင် ဇူလိုင် ၂၈ရက်က ကနဦးရှာဖွေတွေ့ရှိသည့် ရုပ်အလောင်း ၈လောင်းတွင် အသက် ၆၀ ကျော်အရွယ် ၂ ဦး၊ ကိုယ်လက်အင်္ဂါမသန်စွမ်းသူ ၁ ဦး၊ အသက်  ၁၈ မှ ၃၀ ကြား ၄ ဦး၊  အသက်အရွယ်အတည်မပြုနိုင်သေးသူ ၁ ဦး ပါဝင်သည်။ 

သေဆုံးသူများ၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများရှိနေသည်ကို တူညီစွာတွေ့ရကြောင်း၊  နှိပ်စက်ညှဉ်းပန်းခံထားရဖွယ်ရှိကြောင်း အထက်ပါသတင်းရင်းမြစ်များက အတည်ပြုသည်။

ကနီမြို့နယ်၊ ဇီးပင်တွင်းကျေးရွာ အနောက်ဘက်ယာတောတွင် မြှုပ်နှံထားသည့် ရုပ်အလောင်းများတူးဖော်နေသည်ကို ဇူလိုင် ၂၇ မွန်းလွဲပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-ပေးပို့)

ရုပ်အလောင်းတူးဖော်မှု မှတ်တမ်းရုပ်သံတစ်ခုကိုလည်း Myanmar Now က ရရှိထားပြီး လက်နှစ်ဖက်ကို ကြိုးဖြင့် တုပ်နှောင်ခံထားရသည့် လူငယ်အလောင်းတစ်လောင်းတွင် မျက်လုံးတစ်လုံးပေါက်ထွက်နေသည်ကို တွေ့ရသည်။

နောက်တစ်ရက်(ဇူလိုင် ၂၉)တွင် ထပ်မံရှာတွေ့သည့် ရုပ်အလောင်း ၅လောင်းနှင့် ပတ်သက်၍မူ အသေးစိတ်မသိရသေးပေ။

ဇီးပင်တွင်းရွာအနီးရှိ တောတောင်များတွင် စစ်တပ်က လှည့်လည်သွားလာနေဆဲဖြစ်သည်ဟု အထက်ပါ သတင်းရင်းမြစ်များက ဆိုသည်။

ယင်းရွာဖြစ်စဉ်

ချင်းတွင်းမြစ် အရှေ့ဘက်ကမ်းရှိ ရွာအချို့သို့ ဇူလိုင် ၉၊ ၁၀ ၌ စစ်တပ်ရောက်လာချိန်တွင် ပုန်းရှောင်နေသူများထဲမှ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံထားရသူ အနည်းဆုံး ၁၅ ဦးကို ရုပ်ပျက်ဆင်းပျက်ဒဏ်ရာများနှင့်အတူ ယင်းရွာနှင့် တစ်မိုင်ကျော်ခန့်အကွာ တောထဲတွင် ဇူလိုင် ၁၁၊ ၁၂ ၌ ဒေသခံတို့ ရှာဖွေတွေ့ရှိခဲ့ကြသည်။

ယင်းရွာမှ ၁၃ဦး၊ ကုန်းသာရွာနှင့် ပလူဇဝရွာမှ ၁ ဦးစီဖြစ်ကြောင်း၊ သားအဖ ၃ ဦး၊ တူဝရီး ၂ ဦး၊ ညီအစ်ကို ၂ ဦး ပါဝင်ကြောင်း ၎င်းတို့က အတည်ပြုထားသည်။

“ပထမဆုံးတွေ့တဲ့ နှစ်လောင်းကတော့ မျက်နှာတွေအကုန်လုံးကို ဓားနဲ့ လှီးဖြတ်ထားတယ်။ ခြေထောက်တွေ၊ လက်တွေရိုက်ချိုးတာတွေ၊ လည်ပင်းကို ဓားနဲ့ လှီးထားတာတွေ တွေ့တယ်။ မပြတ်တပြတ်၊ ပြတ်လုနီးပါးထိ အလှီးခံထားရတာ။ ခန့်မှန်းချက်အရတော့ မျက်နှာတွေကို စစ်ဆေးမေးမြန်းပြီး၊ ဓားချွန်းဓားဖျားနဲ့ လှီးလှီးပြီး နှိပ်စက်မေးတာ” ဟု ရှာဖွေရာတွင် ပါဝင်သည့် ဒေသခံတစ်ဦးက ပြောထားသည်။

 အစုလိုက်အပြုံလိုက်အသတ်ခံထားရသည့် ကနီမြို့နယ်၊ ယင်းရွာမှ ရုပ်အလောင်းအချို့ကို ဇူလိုင် ၁၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ – ပေးပို့) 

ဇူလိုင် ၁၂ က မှတ်တမ်းတင်ထားသော ရုပ်သံနှင့် ဓာတ်ပုံအချို့ကို Myanmar Now က ကြည့်ရှုခွင့်ရခဲ့ပြီး လေးယောက်တွဲတုပ်နှောင်ခံရလျက်၊ ခြေထောက်တွင်ချည်ထားသည့် ကြိုးတန်းလန်းဖြင့် ဦးခေါင်းတွင် အင်္ကျီစွပ်လျက်၊ အဝတ်ဗလာကျင်းလျက် မြေပြင်တွင် အတုန်းအရုံးလဲကျနေသည့် ရုပ်အလောင်းများကို တွေ့ရသည်။

သတ်ဖြတ်ခံရသူအများစုမှာ အသက် ၃၀ နှင့် ၅၀ ကြားအရွယ် အမျိုးသားများဖြစ်ပြီး အသက် ၆၀ ကျော်အရွယ်တစ်ဦးပါဝင်သည်။ အားလုံးကို ဇူလိုင် ၁၂ ညနေပိုင်းတွင် သင်္ဂြိုဟ်ခဲ့ပြီးဖြစ်သည်။

ထိုသို့ အစုလိုက်အပြုံလိုက်သတ်ခံရသည့် ဖြစ်စဉ်များအပေါ် စစ်ကောင်စီထံ မေးမြန်း၍ မရသေးပေ။

ကနီဒေသတွင်းအခြေအနေ

စစ်အာဏာသိမ်းမှုကို ပြင်းပြင်းထန်ထန်ဆန့်ကျင်သည့် ကနီမြို့နယ်ရှိ ကျေးရွာများအတွင်း ဧပြီလဆန်းပိုင်းမှစ၍ စစ်ကောင်စီတပ်က မကြာခဏဝင်ရောက်စီးနင်း၍ နှိပ်စက်၊ ဒုက္ခပေးနေသဖြင့် ဒေသခံတို့က ကာကွယ်ရေးတပ်များဖွဲ့ကာ လက်လုပ်သေနတ်အချို့ကိုင်စွဲ၍ ခုခံနေကြသည်။

ကနီမြို့နယ်အတွင်း ကုန်းကြောင်း၊ ရေကြောင်းမှ  အညှာအတာမဲ့ တရစပ်နှိမ်နင်းနေသည့် စစ်တပ်က ဇူလိုင် ၂၃၊ ၂၄ ကပင် ချင်းတွင်းမြစ်ကမ်းနံဘေး၌ ရှိသည့် စားဖိုကြီး၊ နတ်ကြီး၊ ယင်းယိမ်၊ သစ်ခက် စသည့် ရွာများကို ပစ်ခတ်ခဲ့သဖြင့် အိုးအိမ်များပျက်စီးသွားသလို ကိုယ်ဝန်ဆောင်အပါအဝင် သုံးဦး ကျည်ထိမှန်ဒဏ်ရာရခဲ့သေးသည်။

စစ်တပ်၏ ရန်ကို ကြောက်၍ ကနီမြို့နယ်ရှိ တွင်းကျေးရွာအုပ်စု၊ လင်ပုန်းရည်ကျေးရွာအုပ်စု၊ ဇီးပင်တွင်းကျေးရွာအုပ်စု၊ ချောင်းမကျေးရွာအုပ်စုတို့မှ ဒေသခံတစ်သောင်းဝန်းကျင် အိုးအိမ်စွန့်ခွာ၍ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု အမည်မဖော်လိုသည့် အကူအညီပေးရေးအဖွဲ့အချို့က ပြောသော်လည်း သီးခြားအတည်မပြုနိုင်သေးပေ။

Show More

Related Articles

Back to top button