သတင်း

မင်းကင်း PDF ၅၇ ဦး လှည့်ဖြားဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ တောင်ဖြူရွာတွင် ယမန်နေ့(ဇူလိုင် ၂၈)က အဖွဲ့ဝင် ၅၇ ဦး လှည့်ဖြားဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ခေါင်းဆောင်တစ်ဦးက Myanmar Now ကို အတည်ပြုသည်။

ချင်းတွင်းမြစ် အရှေ့ဘက်ကမ်းတွင်ရှိသော တောင်ဖြူရွာတွင် မင်းကင်း PDF သည် စစ်တပ်က ကျောထောက်နောက်ခံပြုထားပြီး ရွာအတွင်းခြေကုပ်ယူထားသည့် ပျူစောထီးအဖွဲ့နှင့်  ယင်းနေ့ နံနက် ၅ နာရီဝန်းကျင်၌ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ဖမ်းဆီးခံရခြင်းဖြစ်သည်။

ပစ်ခတ်မှုများ နာရီဝက်ခန့်ကြာလာချိန်တွင် တောင်ဖြူရွာဘက်မှ အလံဖြူကိုင်ကာ ထွက်လာသည့် ကလေးများနောက်မှ ရွာသားများအချို့က လိုက်လာကြောင်း၊ ရွာအတွင်းသို့ ညှိနှိုင်းရန် ဖိတ်ခေါ်သဖြင့် လက်နက်များထားရစ်၍ လိုက်သွားရာမှ ထိုသို့ကြုံတွေ့ခဲ့ရခြင်းဖြစ်ကြောင်း ထွက်ပြေးလွတ်မြောက်လာသည့် PDF တစ်ဦးက ပြောသည်။

Myanmar Now ကို အင်တာဗျူးဖြေကြားသည့် အထက်ပါ PDF တပ်ဖွဲ့ဝင်အပါအဝင် ၁၈ ဦးတို့က ကမ်းလှမ်းမှုအပေါ် မယုံကြည်၍ တိုက်ပွဲဝင်ခေါင်းဆောင်ကို တားခဲ့သလို ၎င်းတို့ကိုယ်တိုင်လည်း တောင်ဖြူရွာအတွင်း လိုက်ပါခဲ့ခြင်းမရှိပေ။

“ကျွန်တော်တို့ သိတယ်ဗျာ။ သူတို့ မျှားပြီး အကြံနဲ့ခေါ်တယ်ဆိုတာ ကျွန်တော်တို့သိတယ်။ တကယ် ပြည်သူဆိုလို့ရှိရင် ကျွန်တော်တို့ပစ်ကတည်းက ရှောင်တိမ်းပြီးမှ မပစ်ကြဖို့ သူတို့ပြောရမယ်။ အခုက သူတို့ပါ တက်လာပြီးတော့ ပြောတာဆိုတော့ ကျွန်တော် အစကတည်းက မယုံဘူး။ သူတို့ဘက်ကလည်း လက်နက်ကြီးနဲ့ ပြန်ထုတယ်” ဟု လွတ်မြောက်လာသူက ပြောသည်။

ဖမ်းခံလိုက်ရသည့် PDF ၅၇ ဦးအဖွဲ့ ရွာအတွင်းသို့ ဝင်ရောက်ပြီးချိန်တွင် ယင်းမတိုင်မီဖြစ်ပွားသည့် တိုက်ပွဲအတွင်း RPG ဟု ယူဆရသည့် လက်နက်ကြီးထိမှန်ဒဏ်ရာရသူ သုံးဦးပါဝင်သော လွတ်မြောက်သူ ၁၈ ဦးမှာ ပျူစောထီးအဖွဲ့၏ ဝိုင်းပတ်ပိတ်ဆို့မှုကို ကြုံခဲ့ရသေးသည်ဟု ၎င်းက ဆက်ပြောသည်။

“(ဒဏ်ရာရသူတွေကို)သုံးယောက်လောက်က ကျောပိုး၊ ငါးယောက်လောက်က ကာပစ်ပြီးတော့မှ ဟိုဘက်ကမ်းကို ပြေးရတာ၊ စက်လှေနဲ့။ ကျွန်တော်တို့ လူနဲ့ ပြန်ပေါင်းမိသွားလို့ လွတ်သွားတာ” ဟု လွတ်မြောက်လာသူက ပြောသည်။

တောင်ဖြူရွာအတွင်း လိုက်ပါသွားပြီး ဖမ်းဆီးခံလိုက်ရသူများမှာ လက်နောက်ပြန်ကြိုးတုပ်၍ ဝါးလုံးဖြင့် တွဲ၍ ချည်နှောင်ခံထားရသည်ကို Facebook တွင် ပျံ့နှံ့နေသည့်  ဓာတ်ပုံအချို့တွင် တွေ့ရသော်လည်း ၅၇ ဦးစလုံးမပါဝင်သဖြင့် အသက်သေဆုံးသူ အရေအတွက်များမည်ကို မင်းကင်း PDF က စိုးရိမ်နေသည်။

“အခုလောလောဆယ်ထိတော့ သူတို့က (PDF) ခေါင်းဆောင်ပိုင်း ၅ ယောက်ကိုတော့ နမခ (မုံရွာအခြေစိုက် အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်)ကို ဟယ်လီကော်ပတာနဲ့ ခေါ်သွားတယ်လို့ ပြောတယ်”ဟု မင်းကင်း PDF တွင် စီမံခန့်ခွဲရေးတာဝန်ယူထားသူက ပြောသော်လည်း သီးခြားအတည်မပြုနိုင်သေးပါ။

ဖမ်းဆီးခံရသူများထဲတွင် အသက် ၂၀ အရွယ် မုံရွာကွန်ပျုတာတက္ကသိုလ် ဒုတိယနှစ်ကျောင်းသားတစ်ဦးပါဝင်ပြီး မည်သည့်လက်နက်မျှ ပါမသွားကြောင်း မိခင်ဖြစ်သူက ပြောသည်။

“ကျွန်မ လုံးဝ မကျေနပ်ဘူးရှင့်။  သူတို့လက်နက်ပါလို့ အနိုင်ကျင့်တာ ကျွန်မသားလေးက လက်နက်တောင်မပါဘူး။ ဘာမှ မပါဘူးတဲ့” ဟု ၎င်းက Myanmar Now ကို ပြောသည်။

အထက်ပါဖြစ်စဉ်နှင့် ပတ်သက်၍ စာနာထောက်ထားမှုနှင့် ကျင့်ဝတ်လိုက်နာမှုကို အသုံးချခံလိုက်ရခြင်းဖြစ်ကြောင်း မင်းကင်း PDF ခေါင်းဆောင်တစ်ဦးက သုံးသပ်သည်။

“ကျွန်တော်တို့ အားနည်းချက်က အဲဒါပဲ။ ဘီလူးမနဲ့ ကလေးပြိုင်လုရသလိုပဲ။ ကျွန်တော်တို့မှာ ပြည်သူကို မထိရဘူးဆိုတဲ့ ကျင့်ဝတ်တွေ၊ ကိုယ့်ရဲ့ မူဝါဒကိုက ပြည်သူကို ကာကွယ်ဖို့ဖြစ်တဲ့အတွက် ပြည်သူကို တစ်စုံတစ်ရာထိခိုက်လို့ မရဘူးဆိုတဲ့ ခံယူချက်က လူတိုင်းမှာ ရှိတဲ့အတွက် အမြဲတမ်း စာနာထောက်ထားမှုတွေ၊ ကျင့်ဝတ်တွေနဲ့ လုပ်နေရတော့ သူတို့က ကျွန်တော်တို့ရဲ့ လိုက်နာမှုတွေကို အသုံးချသွားတယ်” ဟု ၎င်းက ပြောသည်။

ချင်းတွင်းမြစ်ဘေးမှ တောင်ဖြူရွာ

အဆိုပါနေ့(ဇူလိုင် ၂၈) နံနက်ပိုင်းက ပျူစောထီးအဖွဲ့အားကောင်းသည်ဟု ဒေသတွင်း နာမည်ကြီးသည့် တောင်ဖြူရွာအနီးရှိ ပန်းဆက်ရွာကိုလည်းတိုက်ခိုက်ရန် ပြင်ဆင်ထားပြီးဖြစ်သည်ဟု မင်းကင်း PDF စီမံခန့်ခွဲရေးတာဝန်ရှိသူက ပြောသည်။

သို့သော် တောင်ဖြူရွာတွင် ဖမ်းခံလိုက်ရသဖြင့် တပ်ကူများရောက်မလာ၍ ကတုတ်ကျင်း၊ သဲအိတ်များဖြင့် ခံတပ်အခိုင်အမာရှိသည့် ပန်းဆက်ရွာမကြီးသို့ ဝင်ရောက်တိုက်ခိုက်နိုင်ခြင်းမရှိဘဲ တပ်ဆုတ်ခဲ့ရသည်ဟု ၎င်းက ဆက်ပြောသည်။

“သူတို့က တစ်ဖွဲ့တည်းဖြစ်နေတဲ့အတွက် သူတို့ အခြေချတဲ့နေရာတွေကို အကုန်ဝိုင်းလိုက်တာ… အဖွဲ့တွေ အကုန်လုံးပေါင်းဆုံမှာ၊ ပစ်မှတ်က ပန်းဆက်ရွာ။ … ဒီဘက်က ဖမ်းခံလိုက်ရတဲ့အချိန်မှာ ဟိုဘက်ကလည်း ဒီဘက်က တက်မလာဘူးဆိုပြီး နောက်ဆုတ်လိုက်သလိုဖြစ်တာ” ဟု မင်းကင်း PDF စီမံခန့်ခွဲရေးတာဝန်ရှိသူက ဆိုသည်။

ပန်းဆက်ရွာတွင် ပျူစောထီးအဖွဲ့ဝင် ရာနှင့်ချီ ရှိကြောင်း၊ အထိုင်ချနေသည့် စစ်သားများစွာရှိကြောင်း၊ စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မင်းကင်းမြို့နယ်အမတ်ဟောင်း ဦးမောင်မြင့်အကူအညီဖြင့် ရွာသားများကို စစ်သင်တန်းနှင့် လက်နက်များပေးအပ်ထားကြောင်း မင်းကင်း PDF ခေါင်းဆောင်နှင့် စီမံခန့်ခွဲရေးတာဝန်ရှိသူတို့ထံမှ သိရသော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

မင်းကင်းမြို့ ချင်းတွင်းမြစ်ရိုးအောက်ရှိ ပန်းဆက်ရွာအနီးရှိသော ရွာပေါင်း ၁၅ ရွာ ခန့်မှာ ဇွန်လဝန်းကျင်မှစ၍ စစ်တပ်နှင့် ပျူစောထီးတို့၏ ရန်ကြောင့် အများအပြားထွက်ပြေးတိမ်းရှောင်နေရသလို ပစ်သတ်ခံရမှုများလည်း မကြာခဏ ကြုံတွေ့နေရသည်။

ယခု မင်းကင်း PDF ၅၇ ဦးဖမ်းဆီးခံလိုက်ရသည့် တောင်ဖြူရွာသည် ၂၀၂၀ ၊ နိုဝင်ဘာ ၈ အထွေထွေရွေးကောက်ပွဲအပြီး မဲရှုံးသည့် ကြံ့ခိုင်ရေးပါတီဝင်များက အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)ဝင်အချို့ကို တုတ်၊ ဓားကိုင်ဆောင်၍ ခြိမ်းခြောက်ခဲ့ဖူးသည်။

ညနေပိုင်းတွင် စစ်ကောင်စီပြန်ကြားရေးဌာနက မင်းကင်းဖြစ်ရပ်ကို သတင်းထုတ်ပြန်ရာတွင် ၃ ဦး အသေရပြီး ၅၃ ဦး အရှင်ဖမ်းမိကြောင်း၊ တူမီး အလက် ၅၀ လည်း ဖမ်းမိကြောင်း ဖော်ပြထားသည်။

Show More

Related Articles

Back to top button