သတင်းမီဒီယာဥပဒေ

သတင်းမီဒီယာသမားတစ်ဦးသည် စစ်မက်ဖြစ်ပွားရာဒေသ၊ အရေးအခင်း၊ အဓိကရုဏ်း၊ အများပြည်သူ ဆန္ဒပြရာ နေရာဒေသတို့၌ သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းက သတ်မှတ်ထားသော စည်းကမ်းများနှင့်အညီ သတင်းရယူစဉ်တွင်- လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းတစ်ရပ်ရပ်၏ ဖမ်းဆီးထိန်းသိမ်းခြင်း၊ သတင်းမှတ်တမ်း စသည့် သတင်းရယူခြင်းနှင့် သက်ဆိုင်သော ကိရိယာ များကို သိမ်းယူ ခံရခြင်းနှင့်ဖျက်ဆီးခံရခြင်းတို့မှ ကင်းလွတ် စေရမည် လို့ ၂ဝ၁၄ သတင်းမီဒီယာဥပဒေ ပုဒ်မ ၇ မှာ ဆိုထားပါတယ်။

အပြည့်အစုံကို ကူးယူ ဖော်ပြလိုက်ပါတယ်။

( ၂၀၁၄ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၂ ။)
၁၃၇၅ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက်
(၂၀၁၄ ခုနှစ်၊ မတ်လ ၁၄ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း(၁)

အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်

၁။
ဤဥပဒေကို သတင်းမီဒီယာဥပဒေဟု ခေါ်တွင်စေရမည်။
၂။
ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ် သက်ရောက်စေရမည်-

(က)
သတင်းမီဒီယာ ဆိုသည်မှာ သတင်းရှာဖွေခြင်း၊ ရယူခြင်း၊ ပိုင်ဆိုင်ခြင်း၊ မှတ်တမ်းတင်ခြင်း၊ သတင်း အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာခြင်း၊ ဖြန့်ချိခြင်း အစရှိသည်တို့ကို စာ၊ အသံ၊ အရုပ်၊ ရုပ်သံ၊ ကိန်းဂဏန်း အချက်အလက်၊ ရုပ်ပုံဒီဇိုင်းစသည့် အသွင်သဏ္ဌာန်များ အသုံးပြုကာ ပုံနှိပ်မီဒီယာ၊ ရုပ်သံလွှင့်မီဒီယာ၊ အယ်ဒီတာ တာဝန်ယူမှုရှိသော အင်တာနက်မီဒီယာ သို့မဟုတ် အခြားနည်းလမ်းများဖြင့် လုပ်ကိုင်သည့် အများပြည်သူ ဆိုင်ရာ ပြန်ကြားဆက်သွယ်ရေးလုပ်ငန်းများကို ဆိုသည်။

(ခ)
သတင်းမီဒီယာသမား ဆိုသည်မှာ သတင်းမီဒီယာနှင့် စပ်လျဉ်းသော လုပ်ငန်းတစ်ရပ်ရပ် လုပ်ကိုင်သူကို ဆိုသည်။

(ဂ)
ကောင်စီ ဆိုသည်မှာ ဤဥပဒေနှင့်အညီ ဖွဲ့စည်းသော မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီကို ဆိုသည်။

(ဃ)
သတင်းထုတ်လွှင့်ပြသခြင်း ဆိုသည်မှာ အသံဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ ရုပ်ပုံဖြင့် ဖြစ်စေ အများပြည်သူအား ထုတ်လွှင့်ပြသခြင်းကို ဆိုသည်။

(င)
သတင်းစာ ဆိုသည်မှာ နေ့စဉ် ဖြစ်ပျက်နေသော ပြည်တွင်း ပြည်ပ သတင်းများ၊ ယင်းတို့နှင့် စပ်လျဉ်းသော ရေးသားဖော်ပြမှုများကို ပုံမှန် ဖြန့်ချိသော ထုတ်ဝေစာကို ဆိုသည်။

(စ)
သတင်းထောက် ဆိုသည်မှာ သတင်းအချက်အလက်များ ရှာဖွေရယူ၍ သတင်းမီဒီယာ တစ်ခုခုသို့ ပေးပို့သူကို ဆိုသည်။

(ဆ)
စာနယ်ဇင်း ဆိုသည်မှာ သတင်းမီဒီယာ လုပ်ငန်းကို အချိန်မှန်ဖြစ်စေ၊ အချိန်ကာလ မသတ်မှတ်ဘဲဖြစ်စေ လုပ်ကိုင်လျက် သတင်း၊ ဝတ္ထု၊ ဆောင်းပါး၊ ကဗျာ၊ ကာတွန်း၊ ရုပ်ပုံ၊ ဓာတ်ပုံ၊ သရုပ်ဖော်ပုံ စသည်တို့ကို ရုပ်သံလွှင့် နည်းပညာဖြင့် ဖြစ်စေ၊ အင်တာနက် နည်းပညာဖြင့်ဖြစ်စေ၊ အခြားနည်းပညာ တစ်ရပ်ရပ်ဖြင့် ဖြစ်စေ ဖော်ပြထားသော စာအုပ်၊ စာစောင်၊ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း စသည့် ထုတ်ဝေစာတို့ကို ဆိုသည်။

(ဇ)
သတင်းအေဂျင်စီ ဆိုသည်မှာ ပြည်တွင်းပြည်ပမှ သတင်းအချက် အလက်များကို စုဆောင်းရယူ၍ နည်းတစ်မျိုးမျိုးဖြင့် မီဒီယာများသို့ အခကြေးငွေဖြင့် ဖြစ်စေ၊ အခကြေးငွေ မယူဘဲ ဖြစ်စေ ဖြန့်ဝေပေးသည့် လုပ်ငန်း၊ ကော်ပိုရေးရှင်း၊ ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းကို ဆိုသည်။

(ဈ)
စိစစ်ခြင်း ဆိုသည်မှာ စာနယ်ဇင်းတစ်ခုခုတွင် ပါဝင်သည့် အကြောင်းအရာများကို ပုံနှိပ်ခြင်းမပြုမီ ဖြတ်တောက်ခြင်း၊ ဖယ်ရှားခြင်း၊ တားမြစ်ခြင်း၊ ပိတ်ပင်ခြင်းတို့ကို ဆိုသည်။

(ည)
ဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရ ပြန်ကြားရေးဝန်ကြီးဌာနကို ဆိုသည်။

အခန်း(၂)

ရည်ရွယ်ချက်များ

၃။
ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က)
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ နိုင်ငံသားတိုင်း လွတ်လပ်စွာ ရေးသားထုတ်ဝေ ဖြန့်ချိခွင့်ရှိသည့် သတင်းမီဒီယာ လုပ်ငန်းများ ဖြစ်ပေါ်စေရန်၊

(ခ)
သတင်းမီဒီယာ လုပ်ငန်းသည် စတုတ္ထမဏ္ဍိုင်အဖြစ် ပီပြင်စွာ ရပ်တည် နိုင်စေရန်၊

(ဂ)
သတင်းမီဒီယာသမားများ၏ ရပိုင်ခွင့်နှင့် လွတ်လပ်ခွင့်များ အပြည့်အဝ ရရှိစေရန်၊

(ဃ)
သတင်းမီဒီယာသမားများ လိုက်နာရမည့်တာဝန်၊ ကျင့်ဝတ်၊ စည်းကမ်းနှင့် ကျင့်စဉ်များကို ဆိုင်ရာလုပ်ငန်း၊ အဖွဲ့အစည်းများအတွင်း သတ်မှတ် ရေးဆွဲရန်၊

(င)
နိုင်ငံသားတိုင်း၏ သတင်းသိပိုင်ခွင့်ကို ဖြည့်ဆည်းပေးရန်၊

(စ)
သတင်းမီဒီယာတစ်ခုခုတွင် ရေးသားဖော်ပြထုတ်လွှင့်မှု တစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ တစ်စုံတစ်ယောက်၏ တိုင်ကြားချက်၊ အငြင်းပွားချက်များကို နှစ်ဖက် ညှိနှိုင်းဖြေရှင်းသော နည်းလမ်းဖြင့် ကျေအေးပြေငြိမ်းစေရန်။

အခန်း(၃)

သတင်းမီဒီယာသမားများ၏ ရပိုင်ခွင့်များ
၄။
သတင်းမီဒီယာသမားများသည်-

(က)
ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာတို့၏ လုပ်ငန်း ဆောင်ရွက်မှုများကို ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ လွတ်လပ်စွာဝေဖန်၊ ထောက်ပြ၊ အကြံပြု ရေးသားခွင့်ရှိသည်။

(ခ)
နိုင်ငံသားတိုင်း သိခွင့်ရှိသော သတင်းအချက်အလက်များနှင့် သဘောထား အမြင်များကို ကျင့်ဝတ်စည်းကမ်းနှင့် အညီ စုံစမ်းဖော်ထုတ် ရေးသားခွင့်နှင့် သတင်း ထုတ်လွှင့်ခွင့်တို့ ရှိသည်။

(ဂ)
နိုင်ငံသားတစ်ဦး၏ အခွင့်အရေးဆုံးရှုံးမှုဆိုင်ရာ ကိစ္စရပ်များကို ဖော်ထုတ် ရေးသားခွင့်ရှိသည်။

(ဃ)
သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းက သတ်မှတ်ထားသော စည်းကမ်းနှင့်အညီ အစိုးရရုံး၊ ဌာန၊ အဖွဲ့အစည်း များတွင် သတင်းအချက်အလက် ရယူခွင့်၊ နေရာထိုင်ခင်း ရခွင့်နှင့် ဝင်ထွက်သွားလာခွင့်တို့ ရှိသည်။
၅။
သတင်းမီဒီယာ လုပ်ငန်း၏ ထုတ်ဝေစာသည် စိစစ်ခြင်းမှ ကင်းလွတ်ခွင့်ရှိသည်။
၆။
သတင်းမီဒီယာသမားတစ်ဦးသည်-

(က)
ဥပဒေတစ်ရပ်ရပ်အရဖြစ်စေ၊ အာဏာပိုင် အဖွဲ့အစည်း တစ်ရပ်ရပ်က ဖြစ်စေ၊ အမိန့် ညွှန်ကြားချက်ဖြင့် လုံခြုံရေးအဆင့်အတန်း သတ်မှတ် ထားသော စာရင်းဇယား၊ ဓာတ်ပုံ၊ မှတ်တမ်းရေးသားချက်များမှအပ အများ ပြည်သူသိခွင့်ရှိသော သတင်း အချက်အလက်များကို သက်ဆိုင်ရာ အဖွဲ့အစည်းများ ထံမှ တောင်းယူကြည့်ရှုခွင့် ရှိသည်။

(ခ)
အများပြည်သူ၏ ရန်ပုံငွေဖြင့် ဖွဲ့စည်းထားသော အစိုးရမဟုတ်သည့် အသင်း၊ အဖွဲ့၊ လုပ်ငန်းများမှ သတင်းအချက်အလက်များကို ပုဒ်မခွဲ (က) ပါ ပြဋ္ဌာန်းချက်နှင့်အညီ တောင်းယူကြည့်ရှုခွင့် ရှိသည်။
၇။
သတင်းမီဒီယာသမားတစ်ဦးသည် စစ်မက်ဖြစ်ပွားရာဒေသ၊ အရေးအခင်း၊ အဓိကရုဏ်း၊ အများပြည်သူ ဆန္ဒပြရာ နေရာဒေသတို့၌ သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းက သတ်မှတ်ထားသော စည်းကမ်းများနှင့်အညီ သတင်းရယူစဉ်တွင်-

(က)
လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းတစ်ရပ်ရပ်၏ ဖမ်းဆီးထိန်းသိမ်းခြင်း၊ သတင်းမှတ်တမ်း စသည့် သတင်းရယူခြင်းနှင့် သက်ဆိုင်သော ကိရိယာ များကို သိမ်းယူ ခံရခြင်းနှင့်ဖျက်ဆီးခံရခြင်းတို့မှ ကင်းလွတ် စေရမည်။

(ခ)
လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းများရှိက ယင်းတို့၏ ကာကွယ် စောင့်ရှောက်မှုကို တောင်းခံခွင့် ရှိစေရမည်။
၈။
သတင်းမီဒီယာသမား တစ်ဦးသည်-

(က)
ကျင့်ဝတ်နှင့်အညီ မိမိအမည်ကို ထုတ်ဖော်ပြောဆို၍ သတင်းရယူရမည်။ သို့ရာတွင် အများပြည်သူနှင့် သက်ဆိုင်သော ကိစ္စရပ်များဖြစ်သည့် ပြည်သူ့ ကျန်းမာရေး၊ ပြည်သူတို့၏ ဘေးကင်းလုံခြုံရေးနှင့် သဘာဝ ပတ်ဝန်းကျင် တို့ကို ထိခိုက်စေနိုင်သော ကိစ္စရပ်များ၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် လူမှုစီးပွားရေးဆိုင်ရာ ဆောင်ရွက်ချက် များတွင် မမှန်မကန် ဆောင်ရွက်မှုများ၊ အကျင့်ပျက် ခြစားမှုများကို ဖော်ထုတ်ရန် မဖြစ်မနေ စုံစမ်းရမည့် သတင်းဖြစ်ပါက သတ်မှတ်ချက် များနှင့်အညီ သက်ဆိုင်ရာ အယ်ဒီတာ၏ ခွင့်ပြုချက်ဖြင့် အမည်မဖော်ပြဘဲ စုံစမ်းခွင့်ရှိပြီး ထိုသို့ ဆောင်ရွက်ခဲ့ကြောင်းကို ဖော်ပြပေးရမည်။

(ခ)
ဤဥပဒေပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်ဖြင့် အရေးယူခံရသော အမှုတွင် တရားရုံး၏ အမိန့်အရမဟုတ်ဘဲ သတင်းမီဒီယာဆိုင်ရာ လုပ်ငန်းသုံး ပစ္စည်းများကို သိမ်းဆည်းခြင်း၊ ချိပ်ပိတ်ခြင်းနှင့် ဖျက်ဆီးခြင်းတို့မှ ကင်းလွတ်ခွင့်ရရှိစေရမည်။

အခန်း(၄)

သတင်းမီဒီယာသမားများ လိုက်နာရမည့်တာဝန်နှင့် ကျင့်ဝတ်များ
၉။
သတင်းမီဒီယာ သမားတစ်ဦးသည် အောက်ပါ ကျင့်ဝတ်စည်းကမ်းများကို လိုက်နာရန် တာဝန်ရှိသည်-

(က)
သတင်းတိုင်းအချက်အလက် တိကျမှန်ကန်စေရန်နှင့် တတ်နိုင်သမျှ ပြည့်စုံစေရန် စိစစ်ခြင်း၊

(ခ)
တိကျမှန်ကန်မှုမရှိသော သတင်းကို ဖော်ပြမိ၍ ပြင်ဆင်ရန်လ ိုအပ်ပါက ပုံနှိပ်မီဒီယာဖြစ်လျှင် ပြင်ဆင်ချက်ကို ထင်ရှားသော စာမျက်နှာ၌ လည်းကောင်း၊ အခြားမီဒီယာဖြစ်လျှင် အနီးစပ်ဆုံးအချိန်၌လည်းကောင်း အမြန်ဆုံး ဖော်ပြခြင်း၊
(ဂ)
တရားရုံးတွင် စစ်ဆေးဆဲအမှုများနှင့်စပ်လျဉ်း၍ သတင်းဖော်ပြရာတွင် တရားရုံးက ပြစ်မှု ထင်ရှား စီရင်ခြင်း မပြုသမျှ ကာလပတ်လုံး တရားစွဲဆို ခံရသူအား အပြစ်ကင်းစင်သူအဖြစ် မှတ်ယူခြင်းနှင့် တရားရုံးအား မထီမဲ့မြင်ပြုရာ ရောက်သော သတင်း ဝေဖန်ချက်မျိုးကို ဖော်ပြခြင်းမှ ရှောင်ကြဉ်ခြင်း၊

(ဃ)
သတင်းဓာတ်ပုံနှင့် အရုပ်အသံများ ဖော်ပြရာတွင် နည်းပညာတစ်ရပ်ရပ် အသုံးပြု၍ မလျော်ကန်သော ပြုပြင်ပြောင်းလဲခြင်းမှ ရှောင်ကြဉ်ခြင်း၊

(င)
သတင်းဝေဖန်ချက်၊ အာဘော်နှင့်ဆောင်းပါး ရေးသားခြင်းမှတစ်ပါး သတင်း ရေးသားသူ၏ ထင်မြင်ယူဆချက်၊ အာဘော်လုံးဝ မပါရှိစေခြင်း၊

(စ)
တစ်ပါးသူပိုင်ဆိုင်သည့် ဉာဏဆိုင်ရာ ပစ္စည်းများကို ခွင့်ပြုချက်မရဘဲ ကူးယူ ဖော်ပြခြင်းမှ ရှောင်ကြဉ်ခြင်း၊

(ဆ)
အများပြည်သူ၏ အကျိုးစီးပွားနှင့်စပ်ဆိုင်သည့် သတင်းရေးသားခြင်း မဟုတ်လျှင် ပုဂ္ဂိုလ်တစ်ဦး၊ အဖွဲ့အစည်း တစ်ခု၏ ဂုဏ်သိက္ခာကို တမင် ထိခိုက်စေသော အရေးအသားနှင့် လူ့အခွင့်အရေးကို ထိခိုက်စေသော အရေးအသားမျိုး ဖော်ပြခြင်းမှ ရှောင်ကြဉ်ခြင်း၊

(ဇ)
ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ လူမျိုးတစ်မျိုးကို အကြောင်းပြု၍ ပဋိပက္ခ ဖြစ်စေနိုင်သော လှုံ့ဆော်ရေးသား မှုမှ ရှောင်ကြဉ်ခြင်း၊

(ဈ)
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ထုတ်ပြန်သည့် ကျင့်ဝတ်နှင့် စည်းကမ်းများကို လိုက်နာခြင်း။

အခန်း(၅)

သတင်းမီဒီယာလုပ်ငန်း ထူထောင်ခြင်း
၁၀။
သတင်းမီဒီယာလုပ်ငန်း လုပ်ကိုင်လိုသူသည် အောက်ပါ နည်းလမ်းတစ်ရပ်ရပ်အရ လုပ်ငန်း ထူထောင်ခွင့်ရှိသည်-
(က)
တည်ဆဲမြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေအရ အများနှင့် မသက်ဆိုင် သော ကုမ္ပဏီကိုဖြစ်စေ၊ အများနှင့် သက်ဆိုင်သော ကုမ္ပဏီကို ဖြစ်စေ ဖွဲ့စည်း၍ တည်ထောင် လုပ်ကိုင်ခြင်း၊ ဖက်စပ် ကုမ္ပဏီကိုဖြစ်စေ ဖွဲ့စည်း၍ လုပ်ငန်း ထူထောင်ခြင်း၊

(ခ)
တည်ဆဲ မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုဥပဒေ သို့မဟုတ် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ လုပ်ငန်း ထူထောင်ခြင်း။
၁၁။
သတင်းမီဒီယာ လုပ်ငန်းလုပ်ကိုင်လိုသူသည် လုပ်ငန်း အမျိုးအစားအလိုက် သက်ဆိုင်ရာ ဥပဒေနှင့်အညီ လုပ်ငန်း အသိအမှတ်ပြု လက်မှတ် သို့မဟုတ် လုပ်ငန်း လိုင်စင်ရယူရမည်။

အခန်း(၆)

ကောင်စီဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ
၁၂။
ကောင်စီသည် စာနယ်ဇင်းသမားများနှင့် စပ်လျဉ်း၍ ဤဥပဒေပါ ပြဋ္ဌာန်းချက်များ နှင့်အညီ လွတ်လပ်စွာ ဆောင်ရွက်နိုင် သည့် တစ်ခုတည်းသော အဖွဲ့အစည်း ဖြစ်သည်။
၁၃။
နိုင်ငံတော်သမ္မတသည် ဤဥပဒေပါ ရည်ရွယ်ချက်နှင့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်နိုင်ရန် အောက်ပါ အဖွဲ့အစည်း များမှ ပုဂ္ဂိုလ်များ ပါဝင်သော မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီကို အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ ဖွဲ့စည်းပေးရမည်-

(က)
ကောင်စီဝင်များအဖြစ် နိုင်ငံတော်သမ္မတက အဆိုပြုသည့် ကိုယ်စားလှယ် တစ်ဦး၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့က အဆိုပြုသည့် ကိုယ်စားလှယ် တစ်ဦးစီ၊

(ခ)
သတင်းမီဒီယာသမားများ၊ သတင်းအေဂျင်စီများ၊ ပုံနှိပ်ထုတ်ဝေသူများ၊ စာရေးဆရာများ၊ ကဗျာဆရာများ၊ ကာတွန်းရုပ်ပြဆရာများက သတ်မှတ် အချိုးအစား အလိုက် အဆိုပြုသည့် ကိုယ်စားလှယ်များ၊

(ဂ)
လူမှုရေး၊ စီးပွားရေး၊ စာပေယဉ်ကျေးမှု၊ ဥပဒေရေးရာ၊ သိပ္ပံနှင့်နည်းပညာ ဆိုင်ရာ အသိပညာရှင်၊ အတတ်ပညာရှင်များ ပါဝင်သည့် လူထု အဖွဲ့အစည်းများက ရွေးချယ်သည့် ကိုယ်စားလှယ်များ၊

(ဃ)
ကောင်စီဝင်ဦးရေကို အနည်းဆုံး ၁၅ ဦးမှ အများဆုံး ၃၀ ဦးအထိ သတ်မှတ်ပေးရမည်။
၁၄။
(က)
ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူး၊ တွဲဖက် အတွင်းရေးမှူးများကို ကောင်စီဝင်များထဲမှ အများဆန္ဒအရ ရွေးချယ် တင်မြှောက်ရမည်။

(ခ)
ပုဒ်မခွဲ(က)အရ ရွေးချယ်တင်မြှောက်သည့် ကောင်စီဝင်များ၏ အမည် စာရင်းကို ခန့်အပ်တာဝန်ပေးနိုင်ရေး အတွက် နိုင်ငံတော်သမ္မတထံ တင်ပြ ရမည်။
၁၅။
(က)
ကောင်စီဝင်တစ်ဦး၏ သက်တမ်း တစ်ကြိမ်သည် ရွေးချယ် တင်မြှောက် ခံရသည့် နေ့မှစ၍ သုံးနှစ်ဖြစ်သည်။

(ခ)
ကောင်စီဝင်တစ်ဦးသည် သက်တမ်း နှစ်ကြိမ်ထက်ပို၍ တစ်ဆက်တည်း ဆောင်ရွက်ခွင့် မရှိစေရ။
၁၆။
ကောင်စီဝင်တစ်ဦးသည် အောက်ဖော်ပြပါ အကြောင်းတစ်ရပ်ရပ်ကြောင့် ကောင်စီဝင် အဖြစ်မှ ရပ်စဲသည်-

(က)
မိမိသဘောဆန္ဒအရ နုတ်ထွက်ခြင်း၊

(ခ)
ကောင်စီဝင်တစ်ဦးဦးက သတင်းမီဒီယာသမားများ လိုက်နာရမည့် တာဝန်နှင့် ကျင့်ဝတ်များကို တမင် ဖောက်ဖျက်ခြင်းကြောင့်သော် လည်းကောင်း၊ ကောင်စီဝင်၏ လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်မှု မရှိခြင်းကြောင့် သော်လည်းကောင်း၊ ကောင်စီက သတ်မှတ်ထားသော စည်းကမ်းများကို တမင်ချိုးဖောက်မှု တစ်ခုခုကြောင့် ဆက်လက် တာဝန်ပေးရန် မသင့်လျှင်သော်လည်းကောင်း ကောင်စီဝင် များ၏ သုံးပုံ နှစ်ပုံ ထောက်ခံတင်ပြချက်အရ နိုင်ငံတော်သမ္မတက ရာထူးမှ ရပ်စဲခြင်း၊

(ဂ)
အကျင့်သိက္ခာ ပျက်ပြားရာရောက်သည့် ပြစ်မှုပြစ်ဒဏ် တစ်မျိုးမျိုး အပြစ်ပေးခံရခြင်း၊

(ဃ)
ရူးသွပ်ခြင်း သို့မဟုတ် ကွယ်လွန်အနိစ္စရောက်ခြင်း။
၁၇။
ကောင်စီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က)
သတင်းမီဒီယာကို စောင့်ကြည့်ခြင်းနှင့် အရည်အသွေးမြှင့်တင်ပေးခြင်း၊

(ခ)
သတင်းမီဒီယာလုပ်ငန်းသုံး ပစ္စည်းများ ပြည်ပမှ တင်သွင်းရာတွင် အဆင်ပြေချောမွေ့ စေရေးအတွက် သက်ဆိုင်ရာ အစိုးရဌာနများနှင့် ညှိနှိုင်းခြင်း၊

(ဂ)
သတင်းမီဒီယာဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ၊ ဟောပြောပွဲများ ကျင်းပရန် စီစဉ်ခြင်း၊

(ဃ)
သတင်းဆိုင်ရာထူးချွန်သူများကို ဆုချီးမြှင့်ရေးအတွက် စာနယ်ဇင်း အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊

(င)
သတင်းမီဒီယာလုပ်ငန်း တိုးတက်ရေးအတွက် စီမံချက်များ ရေးဆွဲ ဆောင်ရွက်ခြင်း၊

(စ)
လိုအပ်သည့် အချိန်တိုင်း သတင်းထုတ်ပြန်ခြင်း၊

(ဆ)
ပြည်သူများ သတင်းမှန်သိခွင့် ရရှိရေးအတွက် အစိုးရဌာန၊ အစိုးရ အဖွဲ့အစည်း၊ လူထု အခြေပြု အဖွဲ့အစည်း များတွင် သတင်းထုတ်ပြန်ရေး တာဝန်ခံတစ်ဦး သတ်မှတ်ထားရှိရေးအတွက် ကောင်စီက ညှိနှိုင်း ဆောင် ရွက်ခြင်း၊

(ဇ)
မိမိလုပ်ငန်းဆောင်ရွက်မှု အခြေအနေနှင့် ရှေ့လုပ်ငန်းစဉ်များကို နိုင်ငံတော်သမ္မတထံ တစ်နှစ်လျှင်တစ်ကြိမ် မပျက်မကွက် အစီရင်ခံခြင်း။
၁၈။
ကောင်စီသည် မိမိ၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် လိုအပ်သော ကော်မတီများကို ဖွဲ့စည်းပြီး ယင်းတို့၏ လုပ်ငန်းတာဝန်များကို သတ်မှတ်ပေးနိုင်သည်။

အခန်း (၇)

ရန်ပုံငွေနှင့် ထောက်ပံ့ရေး
၁၉။
ကောင်စီသည် မိမိလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အောက်ပါရငွေများဖြင့် ရန်ပုံငွေ ထူထောင်ရမည်-

(က)
ပြည်ထောင်စုအစိုးရအဖွဲ့မှ ထောက်ပံ့ငွေ၊

(ခ)
ပြည်တွင်း၊ ပြည်ပ စေတနာရှင်များ၏ လှူဒါန်းငွေများ၊

(ဂ)
နိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများက ထောက်ပံ့ ကူညီမှုများ၊

(ဃ)
သတင်းမီဒီယာလုပ်ငန်းများ၏ ထည့်ဝင်ငွေများ။
၂၀။
ကောင်စီသည် မိမိထူထောင်ထားသည့် ရန်ပုံငွေများကို ထိန်းသိမ်းခြင်း၊ စာရင်းပြုစုခြင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ စစ်ဆေးမှုခံယူခြင်း၊ ငွေစာရင်း ဆိုင်ရာနှင့် ရန်ပုံငွေသုံးစွဲခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ သတ်မှတ်ခြင်း တို့ကို ဆောင်ရွက်ရမည်။

အခန်း (၈)

အရေးယူခြင်း
၂၁။
နစ်နာသောဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်သည် သတင်းမီဒီယာသမား တစ်ဦးက ပုဒ်မ ၉ တွင် ပြဋ္ဌာန်းထားသည့် တာဝန်နှင့်ကျင့်ဝတ်သိက္ခာ တစ်ရပ်ရပ်ကို ချိုးဖောက်ကြောင်း ယူဆလျှင် ရှေးဦးစွာ ကောင်စီသို့ တိုင်ကြား နိုင်သည်။
၂၂။
ကောင်စီသည် ပုဒ်မ ၂၁ အရ တိုင်ကြားချက်ကို လက်ခံရရှိပါက နှစ်ဖက်တွေ့ဆုံ ညှိနှိုင်း ဖြေရှင်းခြင်းဆိုင်ရာ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်း ပြဋ္ဌာန်းချက် များနှင့်အညီ ဆောင်ရွက်ရမည်။
၂၃။
ပုဒ်မ ၂၂ အရ ကောင်စီ၏ ရှေ့မှောက်တွင် ညှိနှိုင်းဖြေရှင်းရာ၌ ပြေလည်မှု မရှိပါက တိုင်ကြားသူ သို့မဟုတ် ကျေနပ်မှုမရှိသူသည် သက်ဆိုင်ရာတရားရုံးတွင် ဥပဒေနှင့် အညီ တရားစွဲဆိုနိုင်သည်။
၂၄။
ပုဒ်မ ၆၊ ပုဒ်မခွဲ(က) အရ အများပြည်သူ သိခွင့်ရှိသော သတင်း အချက်အလက် များကို တောင်းယူ ကြည့်ရှုရာတွင် ငြင်းဆန်ခြင်း၊ အချိန်ဆွဲခြင်း သို့မဟုတ် သတင်းယူသူအား နှောင့်ယှက်ခြင်းတို့ မဖြစ်စေရန် သက်ဆိုင်ရာ တာဝန်ရှိသူက စီစဉ်ဆောင်ရွက်ပေးရမည်။

အခန်း (၉)

ပြစ်မှုနှင့်ပြစ်ဒဏ်များ
၂၅။
(က)
မည်သည့် သတင်းမီဒီယာသမားမဆို ပုဒ်မ ၉၊ ပုဒ်မခွဲ (ခ) ပါ တာဝန်နှင့် ကျင့်ဝတ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ငွေဒဏ် အနည်းဆုံး ကျပ်တစ်သိန်းမှ အများဆုံး ကျပ်သုံးသိန်းအထိ ချမှတ် ရမည်။

(ခ)
မည်သည့် သတင်းမီဒီယာသမားမဆို ပုဒ်မ ၉၊ ပုဒ်မခွဲ (ဃ)၊ ပုဒ်မခွဲ (စ) နှင့် ပုဒ်မခွဲ (ဆ) တို့ပါ တာဝန်နှင့်ကျင့်ဝတ်တစ်ရပ်ရပ်ဖြင့် ပြစ်မှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို ငွေဒဏ် အနည်းဆုံး ကျပ်သုံးသိန်းမှ အများဆုံး ကျပ် ၁၀ သိန်း အထိ ချမှတ်ရမည်။
၂၆။
မည်သည့် သတင်းမီဒီယာသမားမဆို ပုဒ်မ ၉၊ ပုဒ်မခွဲ (ဇ) ပါ တားမြစ်ချက်ကို ချိုးဖောက်ခဲ့လျှင် တည်ဆဲဥပဒေတစ်ရပ်ရပ်ဖြင့် အရေးယူခြင်းခံရမည်။

အခန်း (၁၀)

အထွေထွေ
၂၇။
ကောင်စီဝင်များသည် ဤဥပဒေအရ ပေးအပ်သောတာဝန်ကို ထမ်းဆောင်ချိန်တွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၁ အရ ပြည်သူ့ဝန်ထမ်းဖြစ်သည်ဟု မှတ်ယူရမည်။
၂၈။
ကောင်စီသည် မိမိ၏ လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် ရုံးလုပ်ငန်းဆိုင်ရာ နေ့စဉ် လုပ်ငန်းတာဝန်များ ကို ဆောင်ရွက်နိုင်ရေးအတွက် ရုံးအဖွဲ့ကို ဖွဲ့စည်း၍ လိုအပ်သော အရာထမ်းနှင့်အမှုထမ်းများကို ခန့်အပ် တာဝန်ပေးနိုင်သည်။
၂၉။
ဥပဒေအရ တားမြစ်ပိတ်ပင်ထားပြီး ပြစ်မှုဖြင့် အရေးယူခံရသည့် သတင်းစာ၊ ဂျာနယ်၊ စာစောင် စသည့် မီဒီယာဆိုင်ရာ ပစ္စည်းများကို ရှာဖွေသိမ်းဆည်းရာတွင် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေနှင့်အညီ ဆောင်ရွက်ရမည်။
၃၀။
ပုဒ်မ ၂၅ အရ တရားစွဲဆိုလျှောက်ထားရန်ရှိက-

(က)
သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်း၏ တာဝန်ပေးအပ်ခြင်း ခံရသူ တစ်ဦးဦးက တရားရုံးသို့ တိုက်ရိုက် လျှောက်ထား စွဲဆိုရမည်။

(ခ)
ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါက တရားရုံးသို့ တိုက်ရိုက်လျှောက်ထား စွဲဆိုနိုင်သည်။
၃၁။
(က)
ဤဥပဒေ အာဏာမတည်မီက တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ တည်ထောင်ထားသော မီဒီယာလုပ်ငန်းသည် သတ်မှတ်သည့် သက်တမ်း ကုန်သည်အထိ ဆောင်ရွက်ခွင့် ရှိသည်။

(ခ)
သက်တမ်းကုန်ဆုံးပြီး ဆက်လက်၍ လုပ်ငန်း လုပ်ကိုင်လိုပါက သတ်မှတ် သည့် နည်းလမ်းများနှင့်အညီ သက်တမ်းတိုး၍ ဆက်လက် လုပ်ကိုင်ခွင့် ရှိသည်။
၃၂။
၁၉၆၂ ခုနှစ်၊ ပုံနှိပ်သူများနှင့်ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေအရ ထုတ်ပြန်ခဲ့ သည့် လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့်ကို ကန့်သတ် တားမြစ်သော အမိန့်များ၊ ညွှန်ကြားချက်များ၊ အမှာစာများနှင့် ထုတ်ပြန်ချက်များသည် ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ဆန့်ကျင်သမျှ ပျက်ပြယ်သည်ဟု မှတ်ယူရမည်။
၃၃။
ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်-

(က)
ဝန်ကြီးဌာနသည် ကောင်စီနှင့် ညှိနှိုင်းပြီး ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် လိုအပ်သော နည်းဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်းများကို ထုတ်ပြန်နိုင်သည်။

(ခ)
ဝန်ကြီးဌာနနှင့် ကောင်စီတို့သည် လိုအပ်သော အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်း များကို ထုတ်ပြန်နိုင်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ် လက်မှတ် ရေးထိုးသည်။

ပုံ
သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading