သတင်း

အများပြည်သူ၏ အောက်စီဂျင်လိုအပ်ချက်ကို ထောက်ခံစာဖြင့် စစ်ကောင်စီထိန်းချုပ်

ကိုဗစ်သံသယဖြင့် သေဆုံးနှုန်းမြင့်မားနေသည့် ရန်ကုန်မြို့ရှိ ပုဂ္ဂလိကပိုင် အောက်စီဂျင်စက်ရုံများကို အများပြည်သူထံ ရောင်းချခြင်း မပြုရန် စစ်ကောင်စီက ညွှန်ကြားထားပြီး အောက်စီဂျင်အလိုရှိပါက ၎င်းတို့ထံမှ ထောက်ခံစာယူရမည့်စနစ်ကို အသက်သွင်းလျက်ရှိသည်။

“အခုဟာက အောက်စီဂျင်စက်ရုံတွေအားလုံးကို ပိတ်လိုက်ပြီ။ ပြင်ပလူတွေ ယူလို့မရဘူးဗျ”ဟု ဒဂုံမြို့သစ်အရှေ့ပိုင်းအခြေစိုက် မေတ္တာသိင်္ဂဟနာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးမင်းဒင်က ပြောသည်။

စစ်ကောင်စီသည် အောက်စီဂျင်မလုံလောက်မှုပြဿနာကို မဖြေရှင်းနိုင်ဘဲ အများပြည်သူကို ဖြန့်ဖြူးပေးနေသည့် အောက်စီဂျင်စက်ရုံများကို လိုက်လံပိတ်ပင်နေသည့်အပြင် မြို့နယ်၊ ရပ်ကွက်ထောက်ခံစာဖြင့် ခွဲတမ်းချပေးရန် စီမံနေသည်ဟုလည်း ၎င်းက ပြောသည်။ 

“တိုင်းဒေသကြီးအစီအစဉ်နဲ့ အဲဒီစက်ရုံတွေကို မြို့နယ်အလိုက် သတ်မှတ်တဲ့နှုန်းထားအတိုင်းပဲ ရောင်းရမယ်ဆိုပြီးတော့ သတ်မှတ်ချက်ပေးတယ်။ အဲဒါကို မြို့နယ်တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေက သူတို့သတ်မှတ်တဲ့ အိုးအရေအတွက်တိုင်း ဒီနေ့ စထုတ်တယ်။ သတ်မှတ်ခပေးသွင်းတယ်” ဟု ဦးမင်းဒင်က ရှင်းပြသည်။ 

ထိုအစီအစဉ်မှာ လွန်ခဲ့သည့် တစ်ပတ်ခန့်ကတည်းက မြို့နယ်အချို့တွင် စတင်ခြင်းဖြစ်သော်လည်း မည်၍မည်မျှရမည်ဆိုသည်မှာ ယနေ့တိုင်မသေချာသေးဟု ပုဇွန်တောင်မြို့နယ်အခြေစိုက် ပေးဆပ်ခြင်းပရဟိတအသင်းဥက္ကဋ္ဌ ဦးတင်မောင်ဦးထံမှ သိရသည်။

ပုဇွန်တောင်မြို့နယ်တွင် အောက်စီဂျင်အတွက် ကျန်းမာရေးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်၊ လူနာ၏ မှတ်ပုံတင်(သို့) သန်းခေါင်စာရင်းတို့ပါမှသာ ရမည်ဟု စစ်ကောင်စီက ကြေညာထားကြောင်း ၎င်းက ပြောသည်။

“ကျွန်တော်တို့ကို ဘယ်လောက်ရမလဲဆိုတာတော့ မပြောသေးဘူး။ (စစ်ကောင်စီ) အောက်စီဂျင်ရရှိရေးကော်မတီရဲ့ ညွှန်ကြားချက်အရဆိုပြီးတော့ပဲ အကြောင်းကြားတာ။ ခေါ်ပြောတာတွေတော့ မရှိသေးဘူး”ဟု ဦးတင်မောင်ဦးက ဆိုသည်။

အင်းစိန်မြို့နယ်အတွင်းရှိ အောက်စီဂျင်စက်ရုံများတွင်လည်း အုပ်ချုပ်ရေးမှူးထောက်ခံချက်ဖြင့်သာ ထုတ်ယူခွင့်ရတော့ကြောင်း အဆိုပါမြို့နယ်တွင် နေထိုင်သူ အမည်မဖော်လိုသူတစ်ဦးက အတည်ပြုသည်။

အလားတူပင် တောင်ဒဂုံမြို့နယ်တွင်လည်း ထောက်ခံစာဖြင့်သာ အောက်စီဂျင်ရရှိနိုင်မည်ဟု ကြေညာထားပြီး ယင်းမြို့နယ်ရှိ အောက်ဆီဂျင်စက်ရုံများရှေ့တွင် အသိပေးစာကပ်ထားသည်ကို ယနေ့(ဇူလိုင် ၂၈) မွန်းလွဲပိုင်းက တွေ့ရကြောင်း ထိုမြို့နယ်တွင် နေထိုင်သူ အလုပ်သမားအရေးနှင့် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။ 

“အမှန်တော့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို နေရာပေးတာပေါ့။ ဒါ နိုင်ငံရေးအမြတ်ထုတ်တာပေါ့။ သူတို့ရပ်ကျေးအုပ်ချုပ်ရေး အသက်မှမဝင်တာ အဲဒါနဲ့ အသုံးချပြီး အဲဒီလုပ်ကွက်လုပ်တာ” ဟု ၎င်းက ပြောသည်။

အောက်စီဂျင်ကိစ္စဖြင့် နိုင်ငံရေးအမြတ်မထုတ်ရန် အာဏာသိမ်းစစ်ခေါင်းဆောင်က ဇူလိုင် ၁၂ တွင် ထုတ်ဖော်ပြောကြားပြီးနောက် ယခုကဲ့သို့ အောက်စီဂျင်အတွက် မဖြစ်မနေထောက်ခံချက်ယူရမည့် အစီအစဉ်ကို စစ်ကောင်စီက အကောင်အထည်ဖော်လာသည်။

စစ်ကောင်စီလက်ထက်၌ ကိုဗစ်တတိယလှိုင်းကြုံရချိန်တွင် ပြည်သူအများအပြားမှာ ဆေးကုသခွင့်ပင်မရဘဲ အသက်သေဆုံးမှုများနေပြီး လူနေထူထပ်သည့် ရန်ကုန်မြို့၌ ဇူလိုင်လဆန်းမှစ၍ နေ့စဉ် လူ ၁၀၀၀ ကျော်၏ နာရေးကို ကူညီပေးနေရကြောင်း ပရဟိတအသင်းများက အတည်ပြုထားပြီးဖြစ်သည်။

သေဆုံးသူအများစုမှာ အောက်စီဂျင်ပြတ်လပ်မှုကြောင့် ရုတ်တရက်သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း၊ အောက်စီဂျင်နှင့် ဆက်စပ်ပစ္စည်းလိုအပ်ချက် အလွန်များပြားနေကြောင်း၊ ယင်းနှင့်စပ်လျဉ်းသည့် စစ်ကောင်စီ၏ စီမံခန့်ခွဲမှုညံ့ဖျင်းသဖြင့် အများပြည်သူဆုံးရှုံးနစ်နာနေရကြောင်း သတင်းအတည်ပြုချက်များ ရှိနှင့်ပြီးဖြစ်သည်။

Show More

Related Articles

Back to top button