အမှန်တကယ်အကျိုးရှိသော်လည်း လူအများလက်လှမ်းမမီသေးသည့် အာဟာရဖြည့်ဆန်

အားဖြည့်ဆန် စျေးကွက်ထိုးဖောက်နိုင်မှုအားနည်းနေခြင်းမှာ သမားရိုးကျဆန်ထက် စျေးပိုနေသောကြောင့်ဖြစ်သည်

Published on Jun 20, 2017
ဓာတ်ပုံ - ဖြိုးသီဟချို / Myanmar Now
ဓာတ်ပုံ - ဖြိုးသီဟချို / Myanmar Now

ကန်ကြီးထောင့်၊ ပုသိမ် - နိုင်ငံအတွင်း မိတ်ဆက်ခဲ့သည်မှာ တစ်နှစ်ခွဲခန့် ရှိလာသည့် အာဟာရဖြည့်ဆန်၏ အကျိုးကျေးဇူးများကို သိနားလည်မှု အထိုက်အလျောက် ရှိလာသော်လည်း သမားရိုးကျဆန်များထက် ဈေးနှုန်းကြီးမြင့်နေမှုကြောင့် ထိရောက်မှု နည်းနေဆဲဖြစ်သည်ဟု အာဟာရဖြည့်ဆန် ထုတ်လုပ် ဖြန့်ဖြူးသူများနှင့် အထောက်အပံ့ပေးထားသည့် အဖွဲ့အစည်း တို့က ပြောကြားလိုက်သည်။

အာဟာရဖြည့်ဆန်ဆိုသည်မှာ သမားရိုးကျဆန်အစေ့ ၁ဝဝ လျှင် အာဟာရဖြည့်ဆန်စေ့ ၁-၂ အချိုးဖြင့် ရောမွှေထားခြင်းဖြစ်သည်။ အာဟာရဖြည့်ဆန်စေ့ကို ဆန်မှုန့်အခြေခံ၍ ဗီတာမင်နှင့် သတ္တုဓာတ်တို့ကို အပူပေး ပုံလောင်းသောနည်းဖြင့် ထည့်သွင်းပေါင်းစပ်ကာ ထုတ်လုပ်ရရှိသည်။ အသက်မွေးဝမ်းကျောင်းနှင့် စားနပ်ရိက္ခာဖူလုံရေး ရန်ပုံငွေအဖွဲ့ (LIFT) ၏ ငွေကြေး အကူအညီဖြင့် အပြည်ပြည်ဆိုင်ရာ အင်န်ဂျီအိုအဖွဲ့ တစ်ဖွဲ့ဖြစ်သည့် Program for Appropriate Technology in Health (PATH) နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာလကတည်းက ဆောင်ရွက်နေသည့် စီမံကိန်းတစ်ခုဖြစ်သည်။

ရင်ဆိုင်ရသည့် အခက်အခဲ

ကန်ကြီးထောင့်မြို့နယ်ရှိ အောင်ပြည့်ဆန်စက်နှင့် ဧရာဝင်းဆန်စက်သည် PATH အဖွဲ့၏ နည်းပညာ အကူအညီဖြင့် လိုအပ်သည့် စက်ပစ္စည်းများ တင်သွင်းကာ အာဟာရဖြည့်ဆန် ထုတ်လုပ်ဖြန့်ဖြူး နေသော ဆန်စက်လုပ်ငန်းအနည်းငယ်ထဲတွင် ပါဝင်သည်။ ထိုဆန်စက်တို့၏ ပိုင်ရှင် ဦးမောင်မောင်ဇော်က အာဟာရဖြည့်ဆန် ရောင်းချရာတွင် ဗဟုသုတရှိသည့် ပညာတတ်လူတန်းစားများကို စည်းရုံးရသည်က ပိုမို လွယ်ကူကြောင်း၊ အခြေခံလူတန်းစားများမှာမူ စျေးနှုန်းကွာဟခြင်း၊ အာဟာရဖြည့်ဆန်၏ အာနိသင်ပြမှု နှေးကွေးခြင်း တို့ကြောင့် ဝယ်ယူစားသုံးမှု နည်းနေသေးကြောင်း ပြောသည်။

“အောက်ခြေမှာတော့ စျေးနှုန်းပိုင်းဆိုင်ရာမှာ တစ်ပြည်ကို ကျပ် ၁၅ဝ လောက် စျေးကြီးသွားတာရယ်၊ (အာနိသင်ကိုသိရဖို့) ခြောက်လလောက် စောင့်ရမယ် ဆိုတာရယ်ကြောင့် … နည်းနည်းလေး လက်ဝင်တဲ့ သဘောမှာရှိပါတယ်” ဟု ဦးမောင်မောင်ဇော်က ပြောသည်။

အာဟာရဖြည့်ဆန်သည် လက်လီဈေးကွက်အတွင်း တစ်ပြည်လျှင် အနိမ့်ဆုံး ကျပ် ၁,၈ဝဝ မှ အမြင့်ဆုံး ၂,၅ဝဝ အထိ ရှိနေသည်။ ထိုဆန်ကိုစားသုံးခြင်းကြောင့် ရရှိလာမည့် အဏုအာဟာရ အသစ်ပြန်လည်သိုလှောင်နိုင်မှု အကျိုး ကျေးဇူး ဖြစ်ပေါ်လာရန် ရက်သတ္တနှစ်ပတ်မှ လေးလ၊ ခြောက်လခန့် အထိ စောင့်ဆိုင်းရသည်ဟု PATH အဖွဲ့၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

အာဟာရဖြည့်ဆန်မှာ သာမန်ဆန်များနှင့် စျေးနှုန်း အနည်းငယ်သာ ကွာခြားပါက ပိုမို ရောင်းရနိုင်ခြေရှိသည်ဟု ပုသိမ်မြို့ ရာမညရပ်ကွက်နေ ကုန်စုံဆိုင်ပိုင်ရှင် ဦးအောင်သက်ဦးက ပြောသည်။

“စရောင်းခါစက စျေးနှုန်းကလည်း ကျပ် ၁,၄ဝဝ ဆိုတော့ တော်တော်ရောင်းရတယ်ဗျ။ နောက်ပိုင်းမှာ ၁,၈ဝဝ ဆိုတော့ ပြင်ပမှာပေါ်ဆန်းဆန်တွေကလည်း ကျပ် ၁,၅ဝဝ - ၁,၆ဝဝ - ၁,ရဝဝ အစားစား ဖြစ်နေတော့ ဒီ ၁,၈ဝဝ ကို တချို့ကလည်း မြင်ကြတယ်” ဟု ၎င်းက ပြောသည်။

ပုသိမ်မြို့ ကျောက်ငူရပ်မှ ကုန်စုံဆိုင်ပိုင်ရှင် ဒေါ်ဆုမွန်ထက်က ၎င်း၏ဆိုင်တွင် လစဉ် လက်လီရောင်းရတဲ့ အာဟာရဖြည့်ဆန် ပမာဏမှာ အိတ် ၃ဝ ခန့် ရှိသည်ဟု ပြောသည်။

အားဖြည့်ဆန် ဘာကြောင့် လိုအပ်

မြန်မာသည် အဏုအာဟာရချို့တဲ့မှုအမြင့်မားဆုံး အာရှနိုင်ငံများထဲတွင် ပါဝင်ပြီး နိုင်ငံတွင်း ကလေးငယ် သုံးဦးတွင်တစ်ဦးမှာ အာဟာရချို့တဲ့လျက်ရှိကြောင်း၊ ကလေးငယ်စုစုပေါင်း၏ ၈ ရာခိုင်နှုန်းမှာ အဏုအာဟာရချို့တဲ့မှု ဝေဒနာကို ခံစားနေရကြောင်း ၂ဝ၁၅-၂ဝ၁၆ အတွင်း အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီ (USAID)၊ မြန်မာနိုင်ငံကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနတို့ ပူးပေါင်းပြုလုပ်ခဲ့သည့် စစ်တမ်းတစ်ခုတွင် ဖော်ပြထားသည်။

အသက်ခြောက်လမှ ၂၃ လကြား ကလေးငယ်များ၏ ၄ဝ ရာခိုင်နှုန်းကျော်နှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများ၏ ၅ဝ ရာခိုင်နှုန်းကျော်မှာ သွေးအားနည်းရောဂါကို ခံစားနေရသည်ဟု ထိုစစ်တမ်းက ဆိုသည်။

အဏုအာဟာရချို့တဲ့မှု ဆိုသည်မှာ ကစီဓာတ်နှင့် အသားဓာတ်ချို့တဲ့ခြင်းဖြစ်ပြီး ကိုယ်ဝန်ဆောင် မိခင်များတွင် ၎င်းဓာတ်များချို့တဲ့ပါက ကလေးငယ်များ ဉာဏ်ရည်ဖွံ့ဖြိုးမှု၊ ကိုယ်ခန္ဓာ ကြီးထွားမှုတို့ကို ထိခိုက်စေနိုင်သည်ဟု ဧရာဝတီတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ အာဟာရအဖွဲ့ ခေါင်းဆောင် ဒေါ်ဝေမာလွင်က ပြောသည်။

ထိုသို့ အာဟာရချို့တဲ့မှုဒဏ်ကို ခံစားနေကြရသူများထဲတွင် နာဂစ်မုန်တိုင်းဒဏ်ကို အပြင်းအထန် ခံစားခဲ့ရသည့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနေ ကလေးငယ်များလည်း အပါအဝင် ဖြစ်သည်။ ဒေသတွင်း ငါးနှစ်အောက် ကလေးများ၏ သုည ဒသမ ၂ ရာခိုင်နှုန်းမှာ အပြင်းအထန် အာဟာရချို့တဲ့ အဆင့်တွင် ရှိပြီး ၁ ဒသမ ၈ ရာခိုင်နှုန်းမှာ အတော်အသင့် ချို့တဲ့အဆင့်တွင်ရှိသည်ဟု ဒေါ်ဝေမာလွင်က ၎င်းတို့၏ ၂၀၁၆ ခုနှစ် သုတေသနစစ်တမ်းကို ကိုးကား၍ပြောသည်။

“ကလေးတွေမှာ အာဟာရဓာတ်ချို့တဲ့တာကြောင့် လူမှုရေး၊ စီးပွားရေး၊ ပညာရေးကစပြီး နိုင်ငံရဲ့ ဘက်စုံ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်နိုင်တာကြောင့် အလွန် အရေးပါပါတယ်။ အာဟာရဖြည့်ဆန် ဝယ်စားနိုင်ရင်တော့ အကောင်းဆုံးပေါ့” ဟု ၎င်းက မှတ်ချက်ပေးသည်။

ပုသိမ်မြို့၊ ကျောက်ငူရပ်ကွက်နေ ကားဝပ်ရှော့လုပ်ငန်းလုပ်ကိုင်သူ ဦးသိန်းစိုးက အာဟာရဖြည့်ဆန်ကို ခြောက်လကျော် ဆက်တိုက် စားသုံးလာသူဖြစ်သည်။

“ပုံမှန်ဆန်က (နို့ဆီဗူး) သုံးလုံးလောက်ချက်မှ ကျွန်တော်တို့လေးယောက် ဗိုက်ဝတယ်။ အာဟာရဖြည့်ဆန်ကတော့ နှစ်လုံးချက်လောက်နဲ့တောင် လူလေးယောက် စားလို့ရပါတယ်။

ရိုးရိုးဆန်က ဗိုက်ပြန်ဆာတယ်။ ဒီဆန်ကတော့ အာဟာရဓာတ်ရှိလို့ထင်တယ် ဗိုက်ပြန်မဆာတော့ဘူး”ဟု ၎င်းကဆိုသည်။

PATH အဖွဲ့အကူအညီဖြင့် အာဟာရဖြည့်ဆန်ကို ထုတ်လုပ်ရင်း ကိုယ်တိုင်လည်းစားသုံးနေသူ ပုသိမ်မြို့၊ ဦးချိုဆန်စက်မှ ပိုင်ရှင် ဦးမျိုးဝေသည် ထိုဆန်ကို အောက်ခြေလူတန်းစား ကလေးငယ်များ စားသုံးနိုင်ရန် အတွက် အားကြိုးမာန်တက်ရှိသူဖြစ်သည်။ သူက မြန်မာကဲ့သို့ ဖွံ့ဖြိုးစနိုင်ငံအတွက် အာဟာရဖြည့်ဆန် ကဲ့သို့သော ဗီတာမင်ဓာတ်ဖြည့်စွက် စီမံကိန်းမျိုးမှာ နိုင်ငံ၏ ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပါ ဆက်စပ်နေသည်ဟု ယုံကြည်သူဖြစ်သည်။

“ဥရောပနဲ့ အာရှက ဖွံ့ဖြိုးတဲ့ နိုင်ငံတွေမှာ ရှိတဲ့ကလေးတွေနဲ့ ယှဉ်ရင် ကျွန်တော်တို့ နိုင်ငံက ကလေးတွေက ညှက်နေပြီးတော့ ဉာဏ်ရည်လည်း သူတို့လောက် မပွင့်ဘူး” ဟု ၇၅ နှစ်ရှိပြီဖြစ်သည့် ၎င်းက ဆိုသည်။

ဈေနှုန်းကြီးမြင့်နေရခြင်းမှာ အဓိက ကုန်ကြမ်းပစ္စည်းဖြစ်သည့် သာမန်ဆန်နှင့်ရောစပ်ရသည့် ဗီတာမင်ဆန်၏ စျေးနှုန်း မြင့်တက်မှုကြောင့် ဖြစ်သည်ဟု ၎င်းကပြောသည်။

စျေးကွက် အလားအလာ

တစ်ကီလို နှစ်ဒေါ်လာ ပေါက်စျေးရှိသော အာဟာရဆန် တစ်ဒေါ်လာအောက်သို့ ရောက်ရှိမှသာ သမားရိုးကျ ဆန်များနှင့် ဈေးနှုန်းများစွာ ကွာဟမှုမရှိဘဲ ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။

PATH အဖွဲ့က အာဟာရ ဆန်တောင့် တစ်တန်ခန့် ထောက်ပံ့နေခြင်းကြောင့် သာမန်ဆန်နှင့် ဈေးနှုန်းပိုင်း များစွာ ကွာဟမှုမရှိခြင်းဖြစ်ကြောင်း၊ လုပ်ငန်းရှင်များ မိမိဘာသာ ဝယ်ယူ တင်သွင်းရသည့်အခါတွင် အာဟာရဖြည့်ဆန် တစ်ပြည်၏ စျေးနှုန်းမှာ အနိမ့်ဆုံး ကျပ် ၂,ဝဝဝ ကျော် အထိ မြင့်တက်သွားနိုင်ကြောင်း ဆန်စက်ပိုင်ရှင်ဦးမျိုးဝေက ခန့်မှန်းသည်။

“PATH အနေနဲ့ တကယ်တန်းကူညီမယ်ဆိုရင် အာဟာရဖြည့်ဆန်အတွက် လိုအပ်တဲ့ ဗီတာမင်ဆန် … အဲဒါကို တစ်ဆင့်ဝယ်ရတယ်။ အဲဒါကို ဈေး လျှော့ပေးပါ” ဟု ၎င်းက တောင်းဆိုလိုက်သည်။

PATH အဖွဲ့၏ အာဟာရဖြည့်ဆန်စီမံကိန်း ဒါရိုက်တာ ဒေါက်တာမျိုးမြင့်အောင်ကမူ စိတ်ရှည်သူဖြစ်သည်။ အာဟာရဖြည့်ဆန်ကို အခြေခံလူတန်းစားများ လက်လှမ်းမီရန်မှာ ခက်ခဲနေဦးမည်ဖြစ်ကြောင်း၊ လုပ်ငန်းစတင် လုပ်ဆောင်နေသည့် အချိန်ဖြစ်ခြင်းကြောင့် တစ်ပြည်လုံး အတိုင်းအတာဖြင့် ၁၅ တန်မှ တန် ၂ဝ ခန့်သာ ရောင်းချနိုင်သေးပြီး အခြေခံလူတန်း စားများလက်ထဲ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိရန် အချိန်ယူ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

သို့သော်လည်း အဏုအာဟာရချို့တဲ့မှုကို ကမ္ဘာပေါ်ရှိ လူဦးရေ သန်း ၂,ဝဝဝ ခန့် ခံစားနေရပြီး ထိုအချိုးအစားမှာ လူသုံးဦးလျှင် နှစ်ဦးခံစားနေရခြင်းဖြစ်ခြင်းကြောင့် အာဟာရဖြည့်ဆန်ကို လူတိုင်း စားသုံးရန် သင့်တော်သည်ဟု သူက ထောက်ပြသည်။

“ချမ်းသာတဲ့လူတွေနဲ့ လူလတ်တန်းစားတွေမှာလည်း အစားအသောက်ကို အာဟာရပြည့်အောင် အချိုးအစား မျှတအောင် မစားနိုင်တဲ့ အတွက်ကြောင့် … အားဖြည့်ဆန်က လူတိုင်းအတွက်တော့ စားလို့ရတယ်။ ရောင်းတာကလည်း အားလုံးကို ဦးတည်ပြီးတော့လုပ်တဲ့ သဘောပေါ့” ဟု ၎င်းကပြောသည်။

အားဖြည့်ဆန်သုံး အခမဲ့နေ့လယ်စာ

ဝါရှင်တန် အခြေစိုက် PATH အဖွဲ့မှာ ဘရာဇီး၊ အိန္ဒိယ၊ ကမ္ဘောဒီးယားနှင့် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအသီးသီးကို အာဟာရဖြည့်ဆန် မိတ်ဆက်ရန် ပံ့ပိုးကူညီပေးခဲ့သည့်အဖွဲ့အစည်းတစ်ရပ် ဖြစ်ပြီး ကျန်းမာရေးအခန်းကဏ္ဍ မြှင့်တင်ရန် အတွက် အခြေခံအစားအစာကို အာဟာရဖြည့်ရေး အဓိကထား အကူအညီပေးနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

အာဟာရဖြည့်ဆန်ကို မြန်မာပြည်တွင်းဖြစ်ဆန်နှင့် စင်ကာပူအခြေစိုက် DSM ကုမ္ပဏီက ဝယ်ယူတင်သွင်းသော အဏုအာဟာရမှုန့်တို့ကို အသုံးပြုကာ ထုတ်လုပ်လျက်ရှိကြောင်း၊ PATH အဖွဲ့သည် လိုအပ်သော စက်ပစ္စည်းများ ဝယ်ယူ တင်သွင်းခြင်းအတွက် နည်းပညာပံ့ပိုးပေးခဲ့ပြီး အာဟာရဖြည့်ဆန်စေ့ ထုတ်လုပ်တတ်စေရန်နှင့် သမားရိုးကျဆန်နှင့် ရောမွှေတတ်စေရန် အတွက် မြန်မာပြည်တွင်း ကုမ္ပဏီများကို သင်တန်းပေးထားကြောင်း ယင်းအဖွဲ့၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

အာဟာရဖြည့်ဆန် လုပ်ငန်းကို စိတ်ဝင်စားသည့် ဆန်စက်များကို PATH အဖွဲ့က အားဖြည့်ဆန်နှင့် သာမန်ဆန်များ ရောနှောပေးသည့် စက်များကို ထောက်ပံ့ပေးလျက်ရှိသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း ပုသိမ်မှ ဦးချိုဆန်စက်၊ ကန်ကြီးထောင့်မှ အောင်ပြည့်ဆန်စက်၊ MAPCO က ထူထောင်ထားသည့် ကျိုက်လတ်မှ ဆန်စက် သုံးလုံးကို စက်ပစ္စည်း များ ထောက်ပံ့ပေးထားသည်။

ဧရာဝတီတိုင်းဒေသကြီး လက်လုပ်လက်စားများအတွက် တန်ဖိုးသင့် ညစာ ဖန်တီးရှင် ဒေါက်တာ ဦးနန္ဒဝင်းက အင်္ဂပူမြို့နယ် စာသင်ကျောင်း တချို့ရှိ နွမ်းပါးသည့် ကလေး ၁၉၆ ဦး အတွက် ထမင်းချိုင့် အခမဲ့ ပို့ပေးနေသည်မှာ တစ်နှစ်ကျော်ပြီဖြစ်သည်။ ထိုကလေးများအတွက် နေ့လယ်စာအတွက် အဟာရဖြည့်ဆန်ကို အသုံးပြုသည်ဟု သူက ပြောသည်။

"ကလေးတွေက ကျောင်းတက်ရတာ ပိုပျော်လာပြီး တက်ကြွလာတယ်။ ပိုပြီးလည်း ကျန်းမာ သန်စွမ်းလာကြပါတယ်။ ဒါပေမယ့်လည်း အဲဒါသည် အားဖြည့်ဆန်ကြောင့်ပဲ သေချာပေါက်ဖြစ်သလားဆိုတာ ပြောနိုင်ဖို့အတွက် သုတေသန အထောက်အပံ့တွေ မရသေးပါဘူး" ဟု နေဖြစ်မယ့်လ ပရဟိတအဖွဲ့၏ ဦးဆောင်သူ ဒေါက်တာ ဦးနန္ဒဝင်းက ပြောသည်။ ။

 

 

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading