သတင်း

မော်လမြိုင်နှင့် မြဝတီတွင် ရေဘေးသင့်သူများ ကိုယ့်အားကိုယ်ကိုး ဖြေရှင်းနေရ

ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါတတိယလှိုင်း အပြင်းအထန်ရိုက်ခတ်နေချိန် မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် ရေကြီးရေလျှံဖြစ်နေပြီး မော်လမြိုင်နှင့် မြဝတီတွင် ရေဘေးသင့်သူများ ကိုယ့်အားကိုယ်ကိုး ဖြေရှင်းနေရသည်ဟု ဒေသခံများနှင့် ဒေသအခြေစိုက် ပရဟတိအသင်းနှစ်ခုက ဆိုသည်။

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ ဇေယျာသီရိ၊ ဇေယျာမြိုင်၊ သာယာအေးနှင့် လှိုင်ရပ်ကွက်များတွင် လူနေအိမ်မြုပ်သည်အထိ ရေကြီးနေ၍ နေထိုင်သူများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးနေရသည်ဟု မော်လမြိုင်အခြေစိုက် ပရဟိတအသင်းတစ်ခုဦးဆောင်သူက Myanmar Now ကို ပြောသည်။

သံလွင်မြစ်ရေလျှံမှုကြောင့် မော်လမြိုင်မြို့ မြေနိမ့်ပိုင်းရှိ ရပ်ကွက်များ ရေနစ်မြုပ်နေခြင်းဖြစ်ကာ “ရေတက်ရက်ဖြစ်နေတာပေါ့။ ရေက မဆင်းပဲ တက်နေတာပေါ့” ဟုလည်း အထက်ပါ ပရဟတိအသင်းဦးဆောင်သူက ပြောသည်။

ထိုသို့ ရေကြီးနစ်မြုပ်မှုများရှိနေသော်လည်း သက်ဆိုင်ရာမှ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးခြင်း၊ ရေဘေးကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ပေးခြင်း မရှိကြောင်း မော်လမြို့မှပင် အခြားလူမှုကူညီရေးအသင်းတစ်ခုမှ တာဝန်ရှိသူက ပြောသည်။

“ကယ်ဆယ်ရေးစခန်းတွေတော့ မရှိသေးဘူး။ အောက်ထပ်မြုပ်ပြီး အပေါ်ထပ်မှာ နေလို့ရသေးတဲ့လူတွေကျတော့ ထမင်းစားသောက်ဖို့ ထမင်းထုပ်တွေ၊ ကြက်ဥတို့ မာမား(ခေါက်ဆွဲခြောက်) တို့ ပို့ပေးတယ်။ အလှူရှင်တွေ လာလှူသလို ကျနော်တို့ကိုယ်တိုင်လဲ ဝယ်ပြီးလှူဒါန်းနေတယ်” ဟု ၎င်းက ပြောသည်။ 

မော်လမြိုင်မြို့တွင် ရေဘေးသင့်နေချိန် ကိုဗစ်သံသယဖြင့် သေဆုံးသူများလည်း ရှိနေပြီး ဇူလိုင် ၂၆ နှင့် ၂၇ နှစ်ရက်တာအတွင်း ကိုဗစ်သံသယဖြင့် သေဆုံးခဲ့သော ရုပ်အလောင်း ၂၆ လောင်းခန့် ပို့ဆောင်ပေးခဲ့ရကြောင်း အထက်ပါ အသင်းအဖွဲ့နှစ်ခုထံမှ သိရသည်။ 

“ကျွန်တော်တို့ဆီမှာ ရှိတဲ့စာရင်းပေါ့။ အဲ့ထဲမှာ အရွယ်စုံပါတယ်။ အခုအဖြစ်များတာက အသက်ကြီးပိုင်းတွေများတယ်” ဟု မော်လမြိုင်ရှိ လူမှုရေးအသင်းတာဝန်ရှိသူက ပြောသည်။

မြန်မာ − ထိုင်းနယ်စပ်ရှိ ကရင်ပြည်နယ် မြဝတီမြို့ရှိ ရပ်ကွက်ငါးခုနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ရပ်ကွက်သုံးခုတွင်လည်း ရေကြီးနစ်မြုပ်နေ၍ ပရဟိတအသင်းများ၏ အကူအညီဖြင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနေရသည်ဟု ဒေသခံတစ်ဦးနှင့် စေတနာ့ဝန်ထမ်းတစ်ဦးထံမှ သိရသည်။

“လူက တစ်ထောင်လောက်ရှိတယ်။ စစ်တပ်က အကူအညီပေးနေတာတော့ မတွေ့သေးဘူး။ နာရေးကူညီမှုအသင်းတွေကပဲ ဝင်ပြီး အကုန်ကယ်ထုတ်ပေးတာပေါ့” ဟု မြဝတီမြို့တွင် နေထိုင်သူတစ်ဦးက ဆိုသည်။

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ ရေဘေးသင့်ဒေသများတွင် ထိခိုက်သေဆုံးမှုရှိမရှိနှင့် ရွှေ့ပြောင်းနေထိုင်နေရသူ မည်မျှရှိသည်ကို မသိရသေးပေ။ ရေဘေးသင့်ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ စစ်ကောင်စီထံ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။ 

မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတွင် ဇူလိုင်လ ၂၆ မှ ဩဂုတ်လ ၁ ရက်အတွင်း မိုးသည်းထန်မည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ဇူလိုင် ၂၆ တွင် ထုတ်ပြန်ကြေညာထားသည်။ 

Show More

Related Articles

Back to top button