"အိမ်အကူကို အနည်းဆုံး တစ်ပတ်မှာတစ်ရက် အနားပေးရမယ်"

ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် ရန်ကုန်ရုံးမှ  စီမံကိန်းအရာရှိများဖြစ်သော မဝေနှင်းပို နှင့်   မခွန်ဆာမွန်းထယ်  (ဓာတ်ပုံ - အိချယ်ရီအောင်/Myanmar Now)
ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် ရန်ကုန်ရုံးမှ စီမံကိန်းအရာရှိများဖြစ်သော မဝေနှင်းပို နှင့် မခွန်ဆာမွန်းထယ် (ဓာတ်ပုံ - အိချယ်ရီအောင်/Myanmar Now)

ရန်ကုန် - မြန်မာနိုင်ငံတွင် လုပ်အားပေးခိုင်းစေခြင်း ရပ်တန့်ရေး ဆောင်ရွက်ခဲ့သည့် ကမ္ဘာ့အလုပ်သမားအဖွဲ့ (ILO) က ကလေးအလုပ်သမား အသုံးပြုမှု ပိတ်ပင်နိုင်ရေးအတွက် လှုပ်ရှားလျက်ရှိသည်။

နိုင်ငံအနှံ့ရှိ နေအိမ်၊ စားသောက်ဆိုင်၊ ကုန်ထုတ်လုပ်ငန်းတို့တွင် လုပ်ကိုင်နေသည့် အသက် မပြည့်သေးသူများထဲမှ အများအပြားသည် အတင်းအကြပ် ခိုင်းစေခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ မိသားစုနှင့် တွေ့ဆုံခွင့် မရခြင်း၊ နားရက်မရခြင်း၊ ပြင်ပသို့ ထွက်ခွာခွင့် မရခြင်း စသည့် အခြေအနေတို့နှင့် ကြုံတွေ့နေရသည်။

Myanmar Now က ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် ရန်ကုန်ရုံးမှ စီမံကိန်းအရာရှိများဖြစ်သော မခွန်ဆာမွန်းထယ်၊ မဝေနှင်းပိုတို့ကို တွေ့ဆုံပြီး အိမ်အကူလုပ်သား (အိမ်ဖော်)၊ အလုပ်သမားဥပဒေ၊ ကလေးအလုပ်သမားအရေးတို့နှင့် ပတ်သက်ပြီး မေးမြန်းထားသည်များထဲမှ ကောက်နုတ် ဖော်ပြလိုက်ပါသည်။

Myanmar Now - အိမ်အကူတွေနဲ့ပတ်သက်ပြီး အရေးတကြီး ဖြေရှင်းရမယ့်အကြောင်းအရာက ဘာတွေ ဖြစ်မလဲ။

မခွန်ဆာမွန်းထယ် - ဥပဒေရဲ့ကာကွယ်စောင့်ရှောက်မှု မရဘူး။ ဒီနိုင်ငံအတွင်းမှာတင်မဟုတ်ဘူး၊ တခြားနိုင်ငံကိုသွားတဲ့ ရွှေ့ပြောင်း အိမ်အကူလုပ်သားတွေကလည်း ဥပဒေရဲ့ ကာကွယ်စောင့်ရှောက်မှု မရဘူး။ အခုလောလောဆယ် အစိုးရက ပိတ်ပင် တားမြစ်ထားတယ်၊ မသွားရဘူးပေါ့၊ ဒါပေမဲ့ ကျွန်မတို့နိုင်ငံက အိမ်အကူလုပ်သားတွေ စင်္ကာပူကို နေ့တိုင်း ရောက်နေတယ် တဲ့။ သူတို့ရဲ့အလုပ်ကို အလုပ်တစ်ခုအနေနဲ့ အသိအမှတ်ပြုထားခြင်း မခံရတဲ့အတွက်ကြောင့် လိုအပ်တဲ့ ဥပဒေကြောင်းအရ ကာကွယ်စောင့်ရှောက်မှု သူတို့ မရဘူးဆိုတော့ ဒါက အင်မတန်မှကို ကြီးမားတဲ့ ပြဿနာတစ်ခုပါ။

မဝေနှင်းပို - ဒုတိယအရေးအကြီးဆုံးလို့မြင်တာက လူတွေရဲ့သဘောထားပေါ့။ အိမ်အကူအလုပ်လို့ ပြောလိုက်တဲ့ အခါမှာ ဒါက အလုပ်မဟုတ်ဘူး၊ အမျိုးသမီးတွေရဲ့ မွေးရာပါ တာဝန် တစ်ရပ် အနေနဲ့ သတ်မှတ်ကြတယ်။ အမျိုးသမီးတွေလုပ်နေကျပဲ၊ ပင်ပန်းတဲ့အလုပ် မဟုတ်ဘူး ဆိုတဲ့အမြင်နဲ့ တန်ဖိုးမထား၊ ခွဲခြားရုံတင်မဟုတ်ဘဲနဲ့ ကျားမ တန်းတူညီမျှရေးမှာလည်း ခွဲခြားတယ်၊ အသိပညာပေးတဲ့လုပ်ငန်းတွေ လူထုကြားထဲမှာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဖို့လိုနေပြီ လို့တော့ မြင်တယ်။ ပါဝင် ပတ်သက်တဲ့ တစ်ယောက်ချင်းစီတိုင်းမှာလည်း တာဝန်ရှိ တယ်။ အစိုးရအနေနဲ့လည်း လုပ်ဖို့လိုတယ်။ အလုပ်သမား အနေနဲ့ တန်ဖိုးထားပြီးတော့မှ ပြုမူ ဆက်ဆံမယ် ဆိုရင်တော့ ခွဲခြား ဆက်ဆံမှုတွေ၊ မတရားညှင်းပန်း ခိုင်းစေနေတာတွေပါ ပပျောက်သွားမယ်။

MN - အိမ်အကူတွေ အလုပ်ရဖို့က ရန်ကုန်မှာ ဆိုရင် အများအပြားက ပွဲစားတွေနဲ့ပဲ လုပ်နေကြတာ။ ချိတ်ဆက်လုပ်ဆောင်ပေးမယ့် အဖွဲ့အစည်းတွေ ရှိလာနိုင်သလား။

မဝေနှင်းပို - (ကရင်နှစ်ချင်းခရစ်ယာန်အသင်းတော်) KBC မှာ သီးခြား အမျိုးသမီး အဖွဲ့အစည်းလေးတစ်ခု ရှိတယ်။ သူတို့က ဆယ်စုနှစ် တစ်ခုလောက်ရှိပြီ၊ ပြည်တွင်းမှာရှိနေတဲ့ အိမ်အကူလုပ်သားတွေကို အကူအညီ ပေးနေတာပါ။ သူတို့လုပ်တာတွေကတော့ အရမ်းကိုထူးခြားတယ်၊ အိမ်အကူလုပ်သားတွေကို သင်တန်းတွေလည်း ပေးတယ်။ အလုပ်ရှင်တွေက လာချိတ်ဆက်ရင် သူတို့က သဘောတူစာချုပ်တွေကအစ လုပ်ပေးတယ်။ ပြီးရင် သူတို့ သွားပြီးတော့မှ စစ်ဆေးတယ်၊ အိမ်ရှင်တွေက ကောင်းကောင်းမွန်မွန် ဆက်ဆံရဲ့လား၊ သင့်တင့်တဲ့နားချိန်၊ လုပ်ခပေးရဲ့လား၊ အလုပ်သမားတွေကရော အလုပ်ကို ကြိုးကြိုးစားစား လုပ်ရဲ့လား ဆိုပြီးတော့ ကြားကနေ ညှိနှိုင်းဆောင်ရွက်ပေးတယ်။ တခြားဒေသမှာ ဆိုရင်လည်း ဒီလိုအဖွဲ့အစည်းလေးတွေ ရှိနိုင်ဖို့ အင်မတန်မှ အရေးကြီးတယ်။

MN - အိမ်အကူတွေ ရသင့်တဲ့အခွင့်အရေးအတွက် အိမ်ရှင်တွေ ပူးပေါင်းပါဝင်လာအောင် ဘယ်လိုလုပ်မလဲ။

မခွန်ဆာမွန်းထယ် - အိမ်အကူလုပ်သားဆိုရင် ဘယ်လို့အခွင့်အရေးရှိရမယ်၊ သူတို့ကို ဘယ်လို ဆက်ဆံသင့်တယ်။ အိမ်အကူလုပ်ငန်းအပေါ်မှာ အမြင် ဘယ်လိုမျိုး ရှိသင့်တယ်ဆိုတဲ့ (သတင်းအချက်အလက်ကို) ဖြန့်ဖို့လိုပါတယ်။ ကောင်းတဲ့အိမ်ရှင်တွေနဲ့တွေ့မှပဲ သူတို့က အိမ်အပြင်ကို ထွက်နိုင်တယ်။ တချို့တွေဆိုရင် အိမ်မှာပဲ သော့ခတ်ပြီး နေခဲ့ရတယ်။ တန်ဖိုးထားဖို့ဆိုတာကို သွားပြောလို့ လက်ခံနိုင်ဖို့ ဆိုတာက ခဲယဉ်းဦးမယ်။ ဒါပေမဲ့ မကြိုးစားဘဲနဲ့တော့ နေလို့မရဘူး။ အလုပ်ချိန်၊ လုပ်ခလစာ ဘယ်လိုသတ်မှတ်မယ် ဆိုတဲ့ အလုပ်ခန့်ထားရေး ဆိုင်ရာ သဘောတူ စာချုပ် ချုပ်ထားနိုင်မယ် ဆိုရင် နှစ်ဦးနှစ်ဖက် အဆင်ပြေမယ်၊ အဲဒီလိုမျိုးလေးရှိလာနိုင်ရင်လည်း ကောင်းတယ်။ လုပ်ခလစာတွေ၊ နားချိန်တွေကို ဒီနမူနာပုံစံလေးကို ကြည့်ပြီးတော့မှ တွက်ချက်နိုင်မယ်။ ဘယ်လိုမျိုး အကျိုးခံစားခွင့် ပေးမလဲ ဆိုတာကိုလည်း ထည့်ထားလို့ ရတယ်။ တစ်ဖက်မှာလည်းပဲ အလုပ်ရှင်ကို ကာကွယ်ပေးရာ ရောက်တယ်။

မဝေနှင်းပို - အလုပ်သမားဥပဒေ အဓိပ္ပာယ်ဖွင့်တဲ့အထဲမှာ အိမ်အကူကလည်း အလုပ်သမားဖြစ်တယ် ဆိုပြီးပါတယ်၊ ဒါပေမဲ့ အိမ်အကူအတွက် အလုပ်ချိန်၊ လုပ်ခလစာ၊ နားရက် ဒါမျိုးတွေ မသတ်မှတ်ထားပေးဘူး။ ကျွန်မတို့ အကြံပြုချင်တာကတော့ အိမ်အကူအလုပ်သမားတွေအတွက် သီးခြား ဥပဒေ ပြဋ္ဌာန်းမယ့်အစား ရှိပြီးသားဥပဒေတွေထဲမှာ အလုပ်သမား စံချိန်စံညွှန်းတွေနဲ့ သတ်မှတ်ပေးမယ်ဆိုရင် နောက်ပိုင်းမှာ စောင့်ကြည့်လေ့လာလို့ရနိုင်တဲ့၊ တိုင်းတာလို့ရနိုင်တဲ့ အနေအထား ဖြစ်လာနိုင်တယ်၊ လုပ်ထုံးလုပ်နည်းတွေ ရှိလာမယ်။ အဲဒီအခါမှာ အိမ်ရှင်တွေ ပူးပေါင်းဆောင်ရွက်လာအောင် လုပ်နိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိတယ်။ အလုပ်သမားဥပဒေ ပြင်ဆင် ရေးဆွဲတဲ့နေရာမှာ ကျွန်မတို့ရဲ့ ကျွမ်းကျင်ပညာရှင် တွေက အကြံပြု၊ နည်းပညာပံ့ပိုးပေးတာတွေ လုပ််နေတယ်။ ဒါပေမဲ့ ဘယ်ဟာကို ထည့်သွင်းမလဲ၊ မထည့်သွင်းဘူးလဲ ဆိုတဲ့ ဆုံးဖြတ်ချက်ကတော့ အစိုးရမှာပဲ ရှိတယ်။

MN - အိမ်အကူအလုပ်သမားတွေရဲ့အခွင့်အရေး ပိုပြီး သိမြင်လာကြအောင် ဘယ်လိုမျိုး လုပ်ရင်ကောင်းမယ် လို့ ယူဆသလဲ။

မခွန်ဆာမွန်းထယ် - ဆွေးနွေးပွဲတွေ ပိုပြီးတော့ လုပ်တယ်။ briefing paper (စာတမ်း)တွေ ထုတ်သွားမယ်၊ အလုပ်သမားတစ်ယောက်တည်းရဲ့အမြင်ကို ပြောသွားမှာ မဟုတ်ဘူး၊ ဘက်ပေါင်းစုံကနေပြီးတော့မှ အိမ်အကူ လုပ်ငန်းတွေ၊ အိမ်အကူအလုပ်သမားတွေနဲ့ ပတ်သက်ပြီး ပြောသွားမယ်၊ ဒါတွေကို ဖြန့်သွားမယ်။ ကျွန်မတို့နဲ့ အတူတူ လုပ်နေတဲ့ အဖွဲ့အစည်းတွေက နယ်တွေမှာရှိနေတဲ့အလုပ်သမားတွေနဲ့လည်း ဆက်ဆံမှုရှိတယ် ဆိုတော့ ဒီနည်းလမ်းအားဖြင့်လည်း သတင်းအချက်အလက်ကို ဖြန့်ဝေပေးမယ်။ ဒါက အင်မတန်မှ ထိရောက်တဲ့နည်းလမ်းလို့လည်း မြင်တယ်။

မဝေနှင်းပို - ပညာပေးတဲ့နေရာမှာ ရေဒီယိုတွေ၊ TV တွေကနေတဆင့် လူထုဆီကို ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ရောက်သွားနိုင်တယ်။ အိမ်အကူတွေကလည်း သူတို့အလုပ်ကိုသူတို့ တန်ဖိုးရှိတယ်လို့ မထင်ဘူး။ သူတို့လုပ်နေတဲ့အလုပ်က တန်ဖိုးရှိတယ်လို့ နားလည်ရင် တောင်းဆိုတာတွေ ရှိလာမယ်။ ဒါက အရေးကြီးတဲ့အချက်လို့ ကျွန်မတို့မြင်တယ်။ ဒီအိမ်အကူတွေက အသက်မပြည့်သေးတဲ့သူတွေ များတယ်။ အဲဒီတော့ သူတို့ကို လုပ်အားခ ပြည့်ပြည့်ဝဝပေးတာတွေ အားနည်းတယ်။ ပြီးတော့ ကလေးတွေ ဖြစ်တဲ့အတွက်ကြောင့် ကျွမ်းကျင်မှု အပိုင်းမှာလည်းပဲ အားနည်းတယ်။ အဲဒီတော့ နှစ်ဦးနှစ်ဖက် အပြန်အလှန် ပြဿနာတွေက ဖြစ်တယ် ဆိုတော့ အသက်အရွယ် ကန့်သတ်တာမျိုးတွေလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်။

MN - ဥပဒေ ပြန်ရေးဆွဲတဲ့အခါမှာ အိမ်အကူလုပ်သားတွေနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုအချက်တွေ ပါသင့်တယ်လို့ မြင်လဲ။

မဝေနှင်းပို - အလုပ်ချိန် နာရီအများဆုံး ဘယ်လောက်ရှိရမယ်၊ နားချိန် ဘယ်လိုပေးရမလဲ၊ အခြေခံ လုပ်ခလစာ … အဲဒါမျိုးတွေ ရှိသင့်တယ်။ သူတို့အတွက် လူမှုဖူလုံကာကွယ်ရေးတွေ ရှိသင့်တယ်၊ ကျန်းမာရေးဆိုင်ရာ၊ အရေးအကြီးဆုံးက မိသားစုနဲ့ ဆက်သွယ်နိုင်ရေး လမ်းကြောင်းဖွင့်ဖို့ကို ဥပဒေထဲမှာ မဖြစ်မနေ ပြဋ္ဌာန်းသင့်တယ်။ ပြီးတော့ အိမ်အကူတွေအတွက် နားရက်၊ ILO ရဲ့ ပြဋ္ဌာန်းချက် အမှတ် ၁၈၉ မှာလည်း တိတိကျကျပြဋ္ဌာန်းထားပါတယ်၊ အိမ်အကူကို အနည်းဆုံး တစ်ပတ်မှာတစ်ရက် အနားပေးရမယ်၊ တစ်ပတ်မှာ တစ်ရက်လို့ ပြောတာဟာ ၂၄ နာရီအပြည့်လို့ပြောချင်တာပါ။ ဒါကြောင့် ဒီလိုအချက်တွေကတော့ မပါမဖြစ် ထည့်သွင်းသင့်တယ်။

MN - အိမ်အကူပွဲစားတွေ ပါဝင်နေတဲ့ ပြဿနာက ဘယ်လောက်အထိကြီးမားသလဲ။

မဝေနှင်းပို - ပြည်တွင်းအလုပ်သမားဝန်ဆောင်မှု အေဂျင်စီကနေတဆင့် အလုပ်သမားစုဆောင်းပြီး အလုပ်ခန့်ထားရေး လုပ်ဆောင်ပေးနိုင်မယ်ဆိုရင်တော့ ပိုကောင်းတယ်။ အလွတ်သဘော ပွဲစားဆိုရင် ပို့လာတဲ့ သူကိုလည်း (အိမ်ရှင်/အလုပ်ရှင်က) ဘယ်လောက်အထိ ယုံကြည်စိတ်ချလို့ရမလဲ။ တချို့က အိမ်အကူ ခေါ်ချင်တယ်၊ ငွေကြေးကလည်း တတ်နိုင်တယ် ဒါပေမဲ့ အိမ်တွင်းရေးကိစ္စတွေ စိတ်မချရတာတွေလည်းရှိတယ် ဆိုတော့ အိမ်ရှင်တွေ အတွက် ဘယ်လိုအကာအကွယ် ပေးမလဲ ဆိုတာကလည်း စဉ်းစားဖို့လိုတယ်။ ဥပဒေတွေ သတ်မှတ်ပြီးရင် ဒီကိစ္စကို နည်းစနစ်ကျကျ စီမံအုပ်ချုပ်သွားမယ်ဆိုရင် ဒီပွဲစားပြဿနာက လျော့ကျသွားနိုင်တယ်။

မခွန်ဆာမွန်းထယ် - လိမ်တဲ့ကိစ္စတွေကလည်း ရှိသေးတယ်၊ ပွဲစားက လိမ်သွားတယ်၊ အိမ်အကူကလည်း အပြင်ကလူနဲ့ပေါင်းပြီးတော့ အိမ်ကိုဖောက်တာတွေလည်း ရှိတယ်။ ဥပဒေကြောင်းအရ လုပ်မှပဲ ဒီပြဿနာတွေက လျော့ကျသွားနိုင်မယ်။

MN - အိမ်အကူတွေကို သင်တန်း ပေးဖို့လိုအပ်လား။

မခွန်ဆာမွန်းထယ် - လုပ်ပေးနိုင်ရင်တော့ ကောင်းတာပေါ့။ အိမ်ရှင်အတွက်လည်း အင်မတန်မှ ကောင်းတယ်။ အလုပ်သမားအတွက်လည်း လုပ်ခလစာမြင့်ဖို့ဆိုရင်တော့ ဒါတွေ လိုအပ်တယ်။

မဝေနှင်းပို - စင်္ကာပူဆိုရင် လက်မှတ်မရှိရင် work permit (အလုပ်လုပ်ကိုင်ခွင့်လက်မှတ်) ထုတ်မပေးဘူး။ အနည်းဆုံးတော့ သွားမယ့်သူကို သင်တန်းပေးရတယ်၊ တရားဝင်ခွင့်ပြုတုန်း ကတော့ တရားဝင်သ င်တန်းတွေ ဖွင့်ထားတယ်။ အခု ခွင့်မပြုတော့လည်း ဖွင့်ထားတာတွေ ရှိတယ်။ အစိုးရက လုပ်ပေးနိုင်ရင်တော့ အကောင်းဆုံးပဲ။ အစိုးရက မလုပ်ပေးနိုင်ရင်တောင်မှ ဥပဒေအရ သတ်မှတ်ပြီး ပုဂ္ဂလိက လုပ်တဲ့သူတွေရှိလာရင်တောင်မှ ကောင်းပါတယ်။

မခွန်ဆာမွန်းထယ် - စင်္ကာပူကဆိုရင် သူတို့ပြောတယ် … (အလုပ်သမားက) မြန်မာနိုင်ငံကဆိုရင် ငါတို့ နည်းနည်းပဲပေးရတယ်တဲ့။ ဘာကြောင့်လဲဆိုရင် လုပ်ငန်းကျွမ်းကျင်မှုပိုင်း၊ ဘာသာစကားပိုင်းမရဘူး။ လုပ်ခဆိုရင် နည်းနည်းပဲပေးရတယ်ဆိုမှ အလုပ်ရှင်တွေက လိုချင်တယ်။ အခြေခံအလုပ်သမားအနေနဲ့ သွားတဲ့အတွက်ကြောင့် သွားပြီးညှိနှိုင်းနေရင်လည်း ကိုယ့်ဘက်က ပြောအားမရှိဘူး။ ကိုယ့်ဘက်က တကယ် ကျွမ်းကျင်တဲ့ လုပ်သားတွေရှိတယ်ဆိုရင် အစိုးရအနေနဲ့လည်း ပိုပြီးတော့မှ ပြောနိုင်ဆိုနိုင်လာမယ်၊ အလုပ်သမားတွေရဲ့ အခွင့်အရေးကိုလည်း ပိုပြီးတော့မှ ကာကွယ်စောင့်ရှောက်နိုင်လာမယ်။

MN - အိမ်အကူ ကလေးတွေကို အလုပ်ရှင်တွေက နှိပ်စက်တယ်ဆိုတဲ့ သတင်းတွေ မကြာခဏ ထွက်လာတယ်။ လတ်တလော အကြီးအကျယ် ဖြစ်သွားတာကတော့ ရန်ကုန် အင်းဝအပ်ချုပ်ဆိုင်မှာ ငါးနှစ်လောက် လုပ်ခဲ့တဲ့ ကလေးအလုပ်သမားတွေရဲ့ သတင်းပေါ့။ ဒါနဲ့ ပတ်သက်ပြီး ဘာပြောချင်ပါသလဲ။

မခွန်ဆာမွန်းထယ် - ကျွန်မတို့ဆီမှာ အင်မတန်မှ ဆင်းရဲတယ်။ ဆင်းရဲတဲ့မိသားစုက ကလေးတွေက ကျောင်းထွက်ရမယ်။ ထွက်ပြီးရင် အိမ်အကူအလုပ်တွေ၊ လက်ဘက်ရည်ဆိုင်တွေ လုပ်ကြရတယ်။ ကျွန်မတို့ ဆီမှာက ကိုယ့်ဆီက အိမ်အကူလုပ်သားဆိုရင် ကိုယ့်ရဲ့ပိုင်ဆိုင်မူတစ်ခုလို့ပဲ ထင်နေကြသူတွေလည်း ရှိတယ်။ နှိပ်စက်ခံရတယ်ဆိုရင် အတွေ့အကြုံရှိ၊ အသက်အရွယ်ရှိသူက တစ်နည်းနည်းနဲ့တော့ သူတို့ ထွက်ပြေးမှာပဲ၊ ဒီလောက်အကြာကြီး ငါးနှစ်လောက် နေနေစရာ မလိုဘူး။ ဒါပေမဲ့ သူတို့က ကလေးတွေ ဖြစ်နေတယ်။ ILO မှာ ပြဋ္ဌာန်းချက်အမှတ် ၁၈၂ ဆိုတာ ရှိတယ်။ အဆိုးရွားဆုံးပုံစံနဲ့ ကလေးလုပ်သားခိုင်းစေခြင်း၊ ပုံစံမျိုးစုံနဲ့ ကျွန်ပြုခိုင်းစေမှု၊ ဒါမှမဟုတ်ရင်လည်း အလားတူ ကျွန်ပြုခိုင်းစေမှုတွေ မလုပ်ဖို့၊ အဲ့ဒါတွေ ပပျောက်ဖို့ ဆိုတဲ့ဟာကို ပြဋ္ဌာန်းချက် အနေနဲ့ ထုတ်ထားတယ်၊ မြန်မာနိုင်ငံကလည်း လက်မှတ်ရေးထိုးထားပြီးသား။

မဝေနှင်းပို - ကျွန်မတို့နိုင်ငံမှာ အသက် ၁၄ နှစ်ကနေ ၁၈ နှစ်အထိကို ကလေးအလုပ်သမားအနေနဲ့ လုပ်ခွင့်ရှိတယ်။ ၁၄ နှစ်အောက်ဆိုရင် လုပ်ခွင့်မရှိပေမဲ့ သူတို့ရဲ့မိသားစု စားဝတ်နေရေးကလည်း အင်မတန်မှကို အရေးကြီးနေတော့ သူတို့ရဲ့လုပ်အားက လိုအပ်လာတယ်။ ဒီလိုကလေးမျိုးတွေအတွက်ကို စီမံကိန်းတွေ၊ စီမံချက်တွေမရှိနေဘူး။ ပညာဆက်လက်သင်ယူဖို့၊ မိသားစုတွေအတွက် အလုပ်အကိုင်နဲ့ ဝင်ငွေတိုးမြင့်နိုင်မယ့်အခွင့်အလမ်းတွေ မရှိတဲ့အတွက်ကြောင့်မိုလို့ ဒီလိုမျိုးပြဿနာတွေ ဖြစ်တယ်လို့ ကျွန်မကတော့ မြင်တယ်။ ဥပဒေက တစ်ဖက်မှာ ရှိတယ်ဆိုရင်တောင်မှပဲ ဒီဥပဒေအသက်ဝင်လာအောင်၊ ကောင်းမွန်တဲ့အခြေအနေဖြစ်လာအောင် ဒီစီမံချက်တွေနဲ့ စနစ်တကျ အကောင်အထည် ဖော်သင့်တယ်၊ နှစ်ပေါင်းများစွာ ယိုယွင်းလာတဲ့ နိုင်ငံရေးအုပ်ချုပ်မှု အနေအထား တစ်ရပ်မှာ ဒါတွေက အများကြီး ဖြစ်လာတယ်လို့ မြင်တယ်။ တခြား ဖွံ့ဖြိုးရေးစီမံချက်တွေထဲမှာ ဒီကလေးတွေရဲ့ အကြောင်းတွေကို ထည့်သွင်းပြီးတော့ ကဏ္ဍအလိုက်ကို လုပ်နိုင်မှ ပပျောက်နိုင်မယ် လို့ မြင်ပါတယ်။ ကိုယ့်နိုင်ငံက ဆင်းရဲတဲ့အတွက်ကြောင့် ဒါတွေပပျောက်ဖို့ဆိုရင် အားလုံးမှာ ကြိုးစားရမယ့်တာဝန် ရှိပါတယ်။

MN - အိမ်အကူတွေ အပါအဝင် အလုပ်သမားတွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်ပြီး ပြည်သူတွေတင်မကဘဲ ရဲအရာရှိတွေ၊ ဥပဒေစိုးမိုးရေးလုပ်ဆောင်တဲ့ ဌာနဆိုင်ရာ အရာရှိတွေကိုရော သင်တန်းပေးဖို့လိုမလား။

မဝေနှင်းပို - လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ ချိုးဖောက်တဲ့ပြဿနာတွေ တွေ့ရတယ် ဆိုတော့ ရဲတွေမှ မဟုတ်ပါဘူး၊ ရှေ့နေ၊ တရားသူကြီး၊ လူ့အခွင့်အရေးကော်မရှင်တို့လို အကုန်လုံးက သူတို့ရဲ့တာဝန်ကို အပြည့်အဝ ထမ်းဆောင်နိုင်ဖို့ စွမ်းဆောင်ရည်ကတော့ မဖြစ်မနေဖြည့်ရမှာအမှန်ပဲ။ ။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading