သတင်း

ထောင်တွင်းကိုဗစ်ကူးစက်မှုများ ရှိနေချိန် အချုပ်သား ၄၀၀၀ ကျော် ပြန်လွှတ်ပေး 

အကျဉ်းထောင်များ၌ ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါ ဖြစ်ပွားလျက်ရှိသော်လည်း ယခုရက်ပိုင်းအတွင်း အချုပ်သား ၄၀၀၀ ကျော်ကို အာဏာသိမ်းစစ်ကောင်စီက ပြန်လွှတ်ပေးခဲ့သည်။

အာဏာမသိမ်းမီက ရာဇဝတ်မှု ၁၁ မျိုးဖြင့် ချုပ်နှောင်တရားစွဲဆိုခံထားရသည့် အကျဉ်းသားများကို ချက်ချင်းလွှတ်မည်ဟု စစ်ကောင်စီက ဇူလိုင် ၂၀ ရက်တွင် ကြေညာခဲ့ပြီးနောက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အချုပ်သား ၄၂၉၇ ဦး ပြန်လွှတ်ပေးခဲ့ကြောင်း ယနေ့ (ဇူလိုင် ၂၅) ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။ 

စစ်ကောင်စီ၏ ဇူလိုင် ၂၁ ရက် ထုတ်ပြန်ချက်အရ အကျဉ်းထောင်များတွင် ကိုဗစ်ကူးစက်ခံထားရသူ ၃၇၅ ဦးရှိပြီး သေဆုံးသူ ၆ ဦးရှိခဲ့သည်။ အမှန်တကယ်ဖြစ်ပွားမှုနှင့် သေဆုံးမှုမှာမူ ထို့ထက်များပြားနိုင်ကြောင်း နီးစပ်သူများက ခန့်မှန်းထားသည်။

စစ်ကောင်စီထုတ်ပြန်ချက်အရ ရန်ကုန် အင်းစိန်အကျဉ်းထောင်မှ ပြန်လွှတ်ပေးခဲ့သူ ၁၆၅၁ ဦးရှိသည်။ လက်ရှိအချိန်တွင် အင်းစိန်ထောင်အတွင်း၌ ကိုဗစ်ကူးစက်မှုမြင့်မားနေပြီး ကိုဗစ်ကြောင့်သေဆုံးမှုများလည်း ရှိနေသည်။ 

အင်းစိန်ထောင်၌ ဖမ်းဆီးချုပ်နှောင်ခံထားရစဉ် ကိုဗစ်ကူးစက်ခံခဲ့ရပြီး သေဆုံးခဲ့သူတစ်ဦးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းဖြစ်သည်။ ၎င်းကို ရန်ကုန်ဆေးရုံကြီးသို့ ပြောင်းရွှေ့ကုသခဲ့သော်လည်း ဇူလိုင် ၂၀ ရက်တွင် သေဆုံးခဲ့သည်။

အင်းစိန်ထောင်တွင်း၌ ကိုဗစ်ကူးစက်မှုများရှိနေသည်ဟု စစ်ကောင်စီက ထုတ်ပြန်ခဲ့သော်လည်း ဦးဉာဏ်ဝင်းသေဆုံးမှုမှာ ပြင်ပရောဂါနှစ်မျိုးကြောင့်ဟု ဆိုသည်။ 

ထို့ပြင် အင်းစိန်ထောင်ရောက် နိုင်ငံရေးအကျဉ်းသားများဖြစ်သည့် ရွှေညဝါဆရာတော်၊ ကိုမင်းသွေးသစ်၊ ဦးကျော်ဟိုး၊ ဦးဟံသာမြင့်တို့သည်လည်း ကိုဗစ်သံသယဖြင့် ရန်ကုန်ဆေးရုံကြီးတွင် ကုသမှုခံယူနေရသည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၏ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က Myanmar Now ကို ပြောသည်။

ထိုသို့ ကိုဗစ်ကူးစက်မှုများပြားနေသော်လည်း အကျဉ်းထောင်မှ ပြန်လွှတ်ပေးသူများကို ကိုဗစ်ကူးစက်ခံထားရခြင်းရှိမရှိ စစ်ဆေးပေးခြင်းမရှိကြောင်း အင်းစိန်ထောင်မှ မူးယစ်ဆေးဝါးမှုဖြင့် ပြန်လည်လွတ်မြောက်လာသူတစ်ဦးက Myanmar Now ကို ပြောသည်။

“စာရင်းတိုက်ပြီးတော့၊ သုံးခါလောက်(စာရင်း)စစ်ပြီးတော့ ဒီအတိုင်းပဲ လွှတ်ပေးလိုက်တယ်။ အပူချိန်လည်း မတိုင်းဘူး။ ဒီအတိုင်းပဲ လွှတ်ပေးလိုက်တာ။ မိသားစုတွေလည်း ဒီအတိုင်း လာကြိုကြတာပဲ။ အကုန်လုံး Mask တော့ တပ်ထားတယ်” ဟု ၎င်းက ပြောသည်။

ထိုသို့ ကိုဗစ်ကူးစက်ခံရခြင်းရှိမရှိ စစ်ဆေးမပေးဘဲ ပြန်လွှတ်ပေးသည့် စစ်ကောင်စီ၏ လုပ်ရပ်ကို အထက်ပါပြန်လည်လွတ်မြောက်လာသူ၏ မိသားစုဝင်တစ်ဦးက ဝေဖန်သည်။

“တကယ့်စိတ်စေတနာ မှန်တယ်ဆိုရင် ဒီကိုဗစ်ရောဂါ မပြန့်ပွားအောင် တကယ်သာ အားစိုက်ထုတ်ပြီးတော့ လုပ်ကိုင်နေတယ်ဆိုရင် ဒီဟာ(ကိုဗစ်စစ်ဆေးခြင်း)မျိုးတွေကအစ အကုန်စဉ်းစားရမယ်လေ။ စဉ်းစားပြီးတော့ ဘယ်လိုမျိုး စစ်ဆေးမလဲ။ ဘယ်လိုမျိုး ခွဲခြားပို့ဆောင်မလဲ။ လူတွေကို မထိတွေ့အောင် ဘယ်လို ဆိုပြီးတော့ စီစဉ်ပြီးလုပ်ပေးရမှာလေ”ဟု ၎င်းက ဆိုသည်။

အလားတူ ဇွန်လကုန်ပိုင်းက တစ်နိုင်ငံလုံးတွင် အချုပ်သား ၂၀၀၀ ကျော်ကို ပြန်လွှတ်ပေးခဲ့စဉ် ကိုဗစ်စစ်ဆေးပေးခြင်း မရှိဟု ထိုစဉ်က အင်းစိန်ထောင်မှ ပြန်လည်လွတ်မြောက်လာသူ သုံးဦးထံမှ သိရသည်။

ထို့ပြင် အင်းစိန်ထောင်၌ ဖမ်းဆီးထိန်းသိမ်းခံရသူများအနက် ခရမ်းမြို့နယ်မှ အသက် ၄၂ နှစ်အရွယ် မမိုးသူ (ခ) မမိုးသူဇာထွေးမှာ ဇူလိုင် ၂၂ ရက်က သေဆုံးခဲ့သည်။ နှလုံးရောဂါ အမောဖောက်၍ သေဆုံးခြင်းဖြစ်သည်ဟု ထောင်အာဏာပိုင်များက အကြောင်းပြခဲ့သော်လည်း ကိုဗစ်ကူးစက်ခံရပြီး သေဆုံးခြင်းဖြစ်သည်ဟု ယူဆမှုလည်းရှိသည်။

အင်းစိန်ထောင်၌ သေဆခရမ်းမြို့နယ်မှ အသက် ၄၂ နှစ်အရွယ် မမိုးသူ (ခ) မမိုးသူဇာထွေး။ (ဓာတ်ပုံ-ပေးပို့) 

မမိုးသူသေဆုံးမှုအပေါ် ကြေညာချက်ထုတ်ပြန်ခဲ့သည့် ခရမ်းမြို့နယ် အခြေခံပညာလုပ်ငန်းများသမဂ္ဂ ပြန်ကြားရေးတာဝန်ရှိသူက “နှလုံးရောဂါအခံမရှိဘူးပေါ့နော်။ ထောင်ထဲမှာ ကိုဗစ်ကြောင့်ဖြစ်တယ်လို့ပဲ ယူဆတယ်ပေါ့။ အဲ့ဒါနဲ့ ရန်ကုန်မှာပဲ သင်္ဂြိုဟ်လိုက်တယ်။ ဒီကိုပြန်ယူမလာဘူး” ဟု ပြောသည်။ 

အင်းစိန်ထောင်၌ သေဆုံးခဲ့သည့် မမိုးသူမှာ ခရမ်းမြို့နယ် အခြေခံပညာလုပ်ငန်းများသမဂ္ဂနှင့် ပူးပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများကို ဦးဆောင်ခဲ့သူတစ်ဦးဖြစ်သည်ဟု သိရသည်။

အင်းစိန်အကျဉ်းထောင်၌ ဇူလိုင် ၂၃ ရက် နံနက်ပိုင်းက အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများထွက်ပေါ်ခဲ့ရာ စစ်တပ်က ဝင်ရောက်စီးနင်းသည်အထိ ဖြစ်ပွားခဲ့သော်လည်း ကပ်ရောဂါကြောင့် ထောင်ဝင်စာ ဆိုင်းငံ့ထားခြင်းနှင့် ထိန်းသိမ်းထားသူများ ပြန်လွှတ်ပေးချိန် မပါဝင်သူများက ဆူပူခြင်းဖြစ်သည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။ 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကမူ ကိုဗစ်ကပ်ရောဂါအခြေအနေ ဆိုးရွားလျက်ရှိသည့် အမျိုးသမီးများထားရှိရာအဆောင်မှ စတင်ကြွေးကြော်ခဲ့ခြင်းဖြစ်ကြောင်း၊ ဆန္ဒပြသူများတွင် ထောင်ဝန်ထမ်းများ ပါဝင်သည်ဟု ဆိုသည်။ 

စစ်တပ်က ဝင်ရောက်စီးနင်းစဉ် အပြင်းအထန် ရိုက်နှက်ခံခဲ့ရသူများအပြင် တိုက်ပိတ်ခံထားရသူ ၂၀ ခန့်ရှိသည်ဟု နိုင်ငံရေးအကျဉ်းသားများနှင့်ဆိုင်သည့် အဖွဲ့များက ခန့်မှန်းပြောဆိုထားသည်။

အင်းစိန်အကျဉ်းထောင်အတွင်း ရိုက်နှက်ခဲ့ခြင်း၊ တိုက်ပိတ်ခဲ့ခြင်းမရှိသည့်အပြင် သေဆုံးခြင်းလည်းမရှိကြောင်း အကျဉ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးချမ်းအေးကျော်အား ကိုးကားလျက် စစ်ကောင်စီက ယနေ့ညနေပိုင်းတွင် ထုတ်ပြန်ထားသည်။

“အကျဉ်းထောင်အတွင်းကို လက်နက်ကိုင်ဆောင်ပြီး ဝင်လို့မရဘူးဆိုတာ ဥပဒေမှာ တစ်ခါတည်း ပြဋ္ဌာန်းးပြီးသားဖြစ်ပါတယ်။ ညှိနှိုင်းဆောင်ရွက်တာ ရှိပါတယ်။ သူတို့ကို မတရားတွေရိုက်နှက်တာ၊ မတရားတွေ တိုက်ပိတ်လိုက်တာ ဒါမျိုးတွေတော့ တစ်ဘောက်မှ မရှိပါဘူး။ လုပ်လည်းမလုပ်ပါဘူး” ဟု ဦးချမ်းအေးကျော်က ပြောကြားသည်ဟု နိုင်ငံပိုင်ရုပ်သံမှတစ်ဆင့် ထုတ်လွှင့်ခဲ့သည်။

စစ်ကောင်စီက ထိုသို့ထုတ်ပြန်သော်လည်း အင်းစိန်ထောင်အတွင်း ချုပ်နှောင်ခံထားရသူများနှင့် အဆက်အသွယ်မရကြောင်း သက်ဆိုင်ရာအဖွဲ့အစည်းများ၊ မိသားစုဝင်များနှင့် ရှေ့နေများက ပြောကြားထားသည်။

ထို့ပြင် ထောင်ဝင်စာတွေ့ခွင့်ကို ဆက်လက်ဆိုင်းငံ့ထားမည်ဟု ရန်ကုန်တိုင်းအကျဉ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးဖြစ်သူ ဦးဇော်ဇော်က ယမန်နေ့တွင် Myanmar Now ကို အတည်ပြုထားသည်။

အင်းစိန်ထောင်၌ ထိုသို့ဖြစ်ပွားပြီးနောက် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) က အကျဉ်းထောင်များအတွင်း ပေါ်ပေါက်နေသည့် အခြေအနေများကို အနီးကပ်စောင့်ကြည့်နေကြောင်း၊ သွားရောက်လေ့လာ၊ ထောက်ပံ့သည့်လုပ်ငန်းစဉ်များ ပြန်လည်စတင်လိုကြောင်း ယမန်နေ့တွင် ထုတ်ပြန်ထားသည်။ 

Show More

Related Articles

Back to top button