သတင်း

အင်းစိန်ထောင်အခြေအနေကို စစ်ကောင်စီ သတင်းအမှောင်ချထား 

ရန်ကုန် အင်းစိန်အကျဉ်းထောင်တွင်းအခြေအနေနှင့် ပတ်သက်၍ ၂၄ နာရီကျော်လာသည်အထိ တိတိပပ မသိရှိရသေးဘဲ စိုးရိမ်ပူပန်မှုများ မြင့်တက်နေလင့်ကစား စစ်ကောင်စီက သတင်းအမှောင်ချထားဆဲ ဖြစ်သည်။ 

အင်းစိန်အကျဉ်းထောင်နှင့် ပတ်သက်၍ စစ်ကောင်စီက ယမန်နေ့သတင်းထုတ်ပြန်ချက်တွင် ထောင်တွင်းဆေးဝါးကုသမှု တိုးမြှင့်ပေးမည်ဟုဆိုသော်လည်း အသေးစိတ်အခြေအနေကို ဖော်ပြခဲ့ခြင်း မရှိသည့်အပြင် တစ်စုံတစ်ရာ ထပ်မံထုတ်ဖော်ပြောကြားခြင်းလည်း မရှိသေးပေ။

ဝင်ရောက်စီးနင်းစဉ် အပြင်းအထန် ရိုက်နှက်ခံခဲ့ရသူများအပြင် တိုက်ပိတ်ခံထားရသူ ၂၀ ခန့်ရှိသည်ဟု နိုင်ငံရေးအကျဉ်းသားများနှင့်ဆိုင်သည့် အဖွဲ့များက ခန့်မှန်းပြောဆိုထားသော်လည်း စစ်ကောင်စီက တစ်စုံတစ်ရာ တုံ့ပြန်ပြောကြားခြင်း မရှိသေးပေ။

သို့သော် အင်းစိန်အကျဉ်းထောင်၌ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများထွက်ပေါ်ခဲ့ပြီးနောက် စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ပြီး ကြွေးကြော်ဆန္ဒပြသူများတွင် ထောင်ဝန်ထမ်းများလည်း ပါဝင်သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ယမန်နေ့တွင် ထုတ်ပြန်ခဲ့သည်။

အကျဉ်းဦးစီးဌာနတာဝန်ရှိသူကို ကိုးကားလျက် စစ်ကောင်စီက နိုင်ငံပိုင်ရုပ်သံများမှတစ်ဆင့် ယမန်နေ့က သတင်းထုတ်ပြန်ခဲ့ရာ ကိုဗစ်နိုင်တင်းကပ်ရောဂါကြောင့် ထောင်ဝင်စာတွေ့ခွင့် ဆိုင်းငံ့ထားခြင်းနှင့် အကျဉ်းထောင်အတွင်း ထိန်းသိမ်းသူများကို ပြန်လွှတ်ပေးချိန်တွင် မပါဝင်သူများက ဆူပူခဲ့သည်ဟု ဆိုသည်။ 

“သူတို့ကိုပဲ မတရားဖိနှိပ်သလိုမျိုး၊ ဒါမျိုးယူဆပြီးတော့ သူတို့က ဆူပူမှုဖြစ်အောင် လုပ်တာပေါ့” ဟု ဒုတိယညွှန်ကြားရေးမှူး ဦးချမ်းအေးကျော်က ပြောကြားခဲ့ပြီး အချုပ်သားများကို သွားရောက်တွေ့ဆုံ ဆွေးနွေးပြီးနောက် ၉ နာရီခန့်တွင် အေးအေးဆေးဆေးဖြစ်ခဲ့သည်ဟုလည်း ဆိုသည်။

နိုင်ငံရေးအကျဉ်းသားများအတွက် ကူညီဆောင်ရွက်ပေးနေသူများ၊ မိသားစုဝင်များ၊ ရှေ့နေများနှင့် ထောင်အာဏာပိုင်များကို Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် စစ်တပ်က ဝင်ရောက်စီးနင်းစဉ် သေကျေလောက်သည်အထိ ရိုက်နှက်ခံရသူများရှိသည်ဟုဆိုသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ 

ထို့ပြင် စစ်တပ်က ဝင်ရောက်စီးနင်းစဉ် ရိုက်နှက်ခံရသည်၊ တိုက်ပိတ်ခံရသည်ဆိုသောအချက်များမှာ အင်းစိန်ထောင်အသိုင်းအဝိုင်းမှ ကြားသိထားရသည့် အခြေအနေသာဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က ပြောသည်။

“ထောင်ကိုစီးပြီး ကိုင်တွယ်တဲ့အခါကျတော့ အကျဉ်းထောင်လက်စွဲကို ချိုးဖောက်တာက နိုင်ငံရေးအကျဉ်းသားတွေမဟုတ်ဘူး။ ချိုးဖောက်တာက စရဖ (စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့) နဲ့ တပ်က ဖြစ်နေတာကြောင့်မို့လို့ အပ်နဲ့ထွင်းရမယ့်နေရာမှာ ပုဆိန်နဲ့ ထွင်းရတဲ့ပုံစံမျိုးတွေ ဖြစ်လာတယ်” ဟု ၎င်းက ပြောသည်။ 

အာဏာသိမ်းပြီးနောက်ပိုင်း အင်းစိန်ထောင်မှ ပြန်လည်လွတ်မြောက်ခဲ့သူ ကိုဇေယျာလွင်အပါအဝင် အင်းစိန်ထောင်အတွင်းရှိနေသည့် ကိုမြအေး၊ ကိုမင်းသွေးသစ်၊ ကိုဝေယံဖြိုးမိုး၊ ကိုဇော်ထက်နိုင် (ဆစ်နိုင်) တို့၏ မိသားစုဝင်များနှင့် ရှေ့နေများကို ဆက်သွယ်မေးမြန်းရာတွင်လည်း အခြေအနေ မည်သို့ရှိသည်ကို အတည်မပြုနိုင်သေးဟု ဆိုကြသည်။ 

စစ်တပ်က ဝင်ရောက်စီးနင်းစဉ် စိုးရိမ်ရသည်အထိ ထိခိုက်ဒဏ်ရာရခဲ့သည်ဆိုသော ကိုနိုင်ဇော်ကြည်ဝင်း၏ မိသားစုဝင်ကို ဆက်သွယ်မေးမြန်းရာတွင် “သိတဲ့အတိုင်းပဲ ထောင်ထဲက သတင်းဖြစ်တဲ့အတွက်ရော၊ စစ်အုပ်ချုပ်ရေးကာလဖြစ်နေတဲ့အတွက်ပါ သတင်းတွေက တိတိကျကျ မသိရသေးဘူး” ဟု ဆိုသည်။

ယနေ့ (ဇူလိုင် ၂၄) ညနေပိုင်းအချိန်ထိ အင်းစိန်ထောင်တွင်းအခြေအနေကို စုံစမ်းမရသေးကြောင်း “ထောင်ဝင်စာ ပို့ကြမယ်” လှုပ်ရှားမှုကို ဦးဆောင်သူ ကိုဇေယျာလွင်ကလည်း ဆိုသည်။ 

AAPP နှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၏ အဆိုအရ စစ်အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံများကို အမျိုးသမီးများထားရှိရာ အဆောင်နှစ်ခုမှ စတင်ခဲ့ပြီး တစ်ထောင်လုံးကို ပျံ့နှံ့ခဲ့ခြင်းဖြစ်ကာ စစ်တပ်က ဝင်ရောက်စီးနင်းပြီးနောက် အခြေအနေကို ထိန်းသိမ်းခဲ့သည်ဟု သိရသည်။ 

နိုင်ငံရေးအကျဉ်းသားများကို အမြန်ဆုံးလွှတ်ပေးရန်၊ ထောင်တွင်းဆေးကုသမှု လုံလောက်စွာပေးရန်၊ ထောင်စည်းကမ်းတင်းကျပ်လာမှုကို ဖြေလျှော့ပေးရန် ကြွေးကြော်ဆန္ဒပြသူများက တောင်းဆိုခဲ့သည်ဟုလည်း အထက်ပါအဖွဲ့နှစ်ခုက ဆိုထားသည်။

အင်းစိန်ထောင်အတွင်း ပေါ်ပေါက်ခဲ့သည့် နိုင်ငံရေးလှုပ်ရှားမှုနှင့် ပတ်သက်၍ ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းရန် အမေရိကန်အပါအဝင် ၁၅ နိုင်ငံမှ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးများက ယမန်နေ့တွင် တောင်းဆိုထားသည်။ 

ထို့ပြင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) ကလည်း မြန်မာနိုင်ငံရှိ အကျဉ်းထောင်များအတွင်း ပေါ်ပေါက်နေသည့် အခြေအနေများကို အနီးကပ်စောင့်ကြည့်နေကြောင်း၊ သွားရောက်လေ့လာ၊ ထောက်ပံ့သည့် လုပ်ငန်းစဉ်များကို ပြန်လည်စတင်လိုကြောင်း ယနေ့တွင် ထုတ်ပြန်ကြေညာထားသည်။ 

Show More

Related Articles

Back to top button