သတင်း

ဖာပွန်ဒေသတွင် စစ်ကောင်စီဘက်မှ ၂၆ ဦး သေဆုံးဟု KNU ပြော 

ပြီးခဲ့သည့် ၇ ရက်အတွင်း ကရင်ပြည်နယ်၊ ဖာပွန်ဒေသတိုက်ပွဲများတွင် စစ်ကောင်စီတပ်ဘက်မှ ၂၆ ဦး သေဆုံးပြီး တပ်ရင်းမှူးတစ်ဦးအပါအဝင် ၃၅ ဦး ဒဏ်ရာရခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ သတင်းပြန်ကြားရေးဌာနတစ်ခုဖြစ်သော သူးလေသတင်းဌာနက ယနေ့ (ဇူလိုင် ၂၂) တွင် သတင်းထုတ်ပြန်သည်။

ဇူလိုင် ၁၅ မှ ၂၂ အတွင်း KNU တပ်မဟာ(၅) ထိန်းချုပ်နယ်မြေ၌ တိုက်ပွဲငယ် ၂၉ ကြိမ်ခန့် ဖြစ်ပွားခဲ့ကြောင်း၊ ယင်းတိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ ကား ၂ စီး ပျက်စီးသွားခဲ့ပြီး ဖာပွန်မြို့ဝင်တံတားလည်း မိုင်းခွဲဖျက်ဆီးခံရကြောင်း သိရသည်။

တိုက်ပွဲများအတွင်း အရပ်သားတစ်ဦးသေဆုံးကြောင်း၊ စစ်တပ်ဘက်မှ လက်နက်ကြီး အလုံး ၄၀ ခန့် ပစ်ခတ်မှုကြောင့် ဒေသခံတို့၏ ကျွဲ ၅ ကောင် ထိမှန်သေဆုံးခဲ့ကြောင်း ဒေသခံရွာသူကြီး၏ သတင်းပေးပို့ချက်ကို ကိုးကား၍ ဖော်ပြထားသည်။

ယင်းထုတ်ပြန်ချက်တွင် KNU ဘက်မှ ထိခိုက်မှု မည်မျှရှိသည်ကို ဖော်ပြထားခြင်း မရှိပေ။

စစ်တပ်ရန်ကို စိုးရိမ်၍ ပုန်းရှောင်နေသည့် ဖာပွန်မြို့နေ လူငယ်တချို့ကို စစ်တပ်က လိုက်လံရှာဖွေနေပြီး ဖမ်းမမိသောကြောင့် ဖခင်များကို ဓားစာခံအဖြစ် ဖမ်းဆီးနေကြောင်း မြို့ခံများကို ကိုးကား၍ ဖော်ပြထားသည်။

အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီက တုံ့ပြန်ခြင်း မရှိသေးပေ။

တပ်မဟာ (၅) ၏ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးစောကလယ်ဒိုက ၎င်းတို့၏ နယ်မြေအတွင်း စစ်တပ်၏ သေဆုံးမှုမှာ ​​ဇွန်လအတွင်း ၁၅၀ ကျော် ရှိပြီး ဇူလိုင်ပထမပတ်အတွင်း ၁၀ ဦး ရှိ​သည်ဟု ပြောထားသည်။ 

အပစ်ရပ် NCA လက်မှတ်ထိုးထားသော KNU နှင့် ဖာပွန်ဒေသတွင် စစ်ကောင်စီတပ်၏ နယ်မြေကျော်လွန်၍ လမ်းဖောက်လုပ်မှုများကြောင့်၂၀၁၈ ခုနှစ်ကတည်းက တိုက်ပွဲများဖြစ်ပွားနေသည်။

၂၀၂၁ ဖေဖော်ဝါရီတွင် စစ်တပ်က အာဏာသိမ်းယူခဲ့မှုအပေါ် KNU က ကန့်ကွက်ထားပြီးနောက် တပ်မဟာ ၇ ခုလုံးတွင် KNLA နှင့် အာဏာသိမ်းစစ်တပ်တို့ တိုက်ပွဲများဖြစ်ပွားခဲ့သည်။ 

အထူးသဖြင့် တပ်မဟာ (၅) တွင် တိုက်ပွဲများ ပိုမိုပြင်းထန်ခဲ့ပြီး ​​တပ်မဟာ (၃)​​ နယ်မြေဖြစ်သော ကလယ်လွေထူးခရိုင် (ညောင်လေးပင်)၊ တပ်မဟာ (၅) နယ်မြေဖြစ်သော မူတြော်ခရိုင် (ဖာပွန်) တို့တွင် စစ်တပ်က လေယာဉ်ဖြင့်ပါ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ 

“လေကြောင်းစစ်ဆင်ရေးတွေဟာ ကျွန်တော်တို့ KNLA ရဲ့တပ်မဟာ (၅) ကို ဦးတည်ပြီး တိုက်နေတယ်ဆိုပေမဲ့ ကရင်ဒေသအားလုံးနဲ့ ကရင်လူမျိုးထုတစ်ရပ်လုံးကို တိုက်ရိုက်ခြိမ်းခြောက်မှုပြုနေတဲ့ အကြမ်းဖက်တပ်မတော်ရဲ့ စစ်ဆင်ရေးလုပ်ငန်းတွေဖြစ်တယ်” ဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဒုတိယစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးစောဘောကျော်ဟဲက Myanmar Now ကို ဧပြီလအတွင်းက ပြောကြားထားသည်။ 

တပ်မဟာ (၅) ထိန်းချုပ်ရာနယ်မြေ၌ KNLA ကို စစ်တပ်က တိုက်ခိုက်ရာတွင် ကရင်နယ်ခြားစောင့်တပ် (BGF) က ပူးပေါင်းတိုက်ခိုက်ခဲ့သည်။ 

ပြီးခဲ့သည့် ဇူလိုင် ၁၇၊ ည ၁၀ နာရီခွဲခန့်တွင် တပ်မဟာ (၁) ထိန်းချုပ်နယ်မြေ ဒူးသထူခရိုင်(သထုံ) တွင်လည်း KNLA တပ်ရင်း(၁)နှင့် စစ်တပ်လက်အောက်ခံ BGF (တပ်ရင်း- ၁၀၁၄) တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး KNLA-တပ်ရင်း (၁) မှ အကျအဆုံးမရှိဘဲ BGF ဘက်မှ ၂ ဦးပြင်းထန်စွာ ဒဏ်ရာရခဲ့သည်။ 

Show More

Related Articles

Back to top button