သတင်း

ချင်းပြည်နယ် မင်းတပ်တွင် တိုက်ပွဲပြန်ဖြစ် 

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်တွင် အပစ်ရပ်သဘောတူညီမှုပျက်ပြီးနောက် စစ်ကောင်စီတပ်က ရုတ်တရက်ထိုးစစ်ဆင်လာ၍ ယနေ့ (ဇူလိုင် ၂၁) နံနက်ပိုင်းတွင် တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ကြောင်း ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ (CDF) တာဝန်ရှိသူက ပြောသည်။

အပစ်ရပ်ထားရန် စစ်ကောင်စီနှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပြီးခဲ့သည့် ဇွန် ၂၃ ရက်တွင် သဘောတူညီခဲ့ခြင်းဖြစ်သည်။ သို့သော် CDF က သိမ်းပိုက်ရရှိထားသည့် လက်နက်များ ပြန်လည်အပ်နှံရန် စစ်ကောင်စီဘက်က တောင်းဆိုခြင်းကြောင့် ထိုသဘောတူညီမှု သက်တမ်းတိုးနိုင်ခဲ့ခြင်း မရှိပေ။

“အကြမ်းဖျင်းကတော့ လက်နက်တော်တော်များများကို ပြန်တောင်းတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းလို့ အဆင်မပြေဘူး။ အဲဒီလောက်ပဲပြောလို့ရပါတယ်” ဟု CDF တာဝန်ရှိသူက Myanmar Now ကို ပြောသည်။

နှစ်ဖက်ညှိနှိုင်းမရသဖြင့် အပစ်ရပ်သဘောတူညီမှုမှာ ဇူလိုင် ၁၆ ရက်တွင် ပျက်ပြယ်ခဲ့သည်။ ထို့နောက် ဇူလိုင် ၂၀ ရက်တွင် မင်းတပ်မြို့ပေါ်သို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီရောက်လာပြီးနောက် တိုက်ပွဲပြန်လည် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

UNHCR ၏ ထောက်ပံ့ကူညီရေးအစီအစဉ်ကို စစ်ကောင်စီက မင်းတပ်မြို့ပေါ်၌သာ ခွင့်ပြုခဲ့ပြီး စစ်ရှောင်အများစုရှိရာ ကျေးရွာများသို့ သွားရောက်ခွင့်မပြုခဲ့ပေ။ UNHCR အစီအစဉ်ပြီးနောက် စစ်ကောင်စီက ကျေးရွာများကို ရုတ်ခြည်း ထိုးစစ်ဆင်လာခြင်းဖြစ်ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ သတင်းထုတ်ပြန်သည်။

​ယ​နေ့နံနက် ၆ နာရီ ၄၅ မိနစ်တွင် ရုတ်တရက်ထိုးစစ်ဆင်လာ၍ မကွေးတိုင်းနှင့် ချင်းပြည်နယ်အစပ်ရှိ ရွှေတွင်းတူးရွာအနီးတွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့​သည်ဟု သတင်းထုတ်ပြန်ချက်က ဆိုသည်။

မင်တပ်မြို့နယ်တွင် စစ်ကောင်စီ၏ နယ်​မြေခံတပ်ရင်း ၂၇၄ အပါအဝင် တပ်ရင်း ၆ ခုရှိပြီး တပ်ရင်း​လေးရင်းမှာ လူမြင်ကွင်းတွင် လှုပ်ရှား​နေသော်လည်း တပ်ရင်းနှစ်ရင်းမှာ တပ်​ဖျောက်လှုပ်ရှားနေသည်ဟု ဆိုသည်။ ထို့ပြင် မတူပီမြို့မှ ဇူလိုင် ၁၉ ရက်တွင် ထွက်ခွာလာသော စစ်ကြောင်းသည် ယခုအခါ မင်းတပ်မြို့နှင့် မိုင် ၇၀ အကွာသို့ ရောက်ရှိနေသည်ဟု သိရသည်။ 

ယနေ့ နံနက်ပိုင်းတိုက်ပွဲအတွင်း အထိအခိုက်ရှိသည်ဟု သိရသော်လည်း လတ်တလောတွင် အတည်ပြုပြောဆိုရန် အဆင်မပြေသေး​ကြောင်း CDF တာဝန်ရှိသူက ဆိုသည်။

“CDF အနေနဲ့ ငြိမ်းချမ်းချင်တယ်။ ဒါပေမဲ့လည်း ဒီတိုက်ပွဲက ငြိမ်းချမ်းရေးတိုက်ပွဲ အပစ်အခတ်ရပ်စဲရေးအတွက် လုပ်နေတာမဟုတ်ဘူးလေ။ အာဏာရှင်ဖြုတ်ချရေးအတွက်ဆိုတော့ တိုက်ပွဲမဖြစ်ချင်သော်ငြားလည်း အချိန်မရွေးဖြစ်ကြတဲ့သဘောပါပဲ။ ဒီတစ်ကြိမ်တော့ ပြင်းထန်မယ်နဲ့တူပါတယ်” ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။

ချင်းပြည်နယ် မင်းတပ်မြို့တွင် ဧပြီလ ၂၄ ရက်က စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသူများ ဖမ်းဆီးခံခဲ့ရာမှ ဒေသခံများနှင့် အခြေအနေဖြစ်ပွားပြီးနောက် လက်နက်ကိုင်တိုက်ပွဲများ ဖြစ်ပွားလာသည်အထိ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီက မင်းတပ်မြို့ကို စစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီး အင်အားအလုံးအရင်းဖြင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို အပြင်းအထန်ဖြိုခွင်းရန် ကြိုးပမ်းခဲ့သည်။ ဒေသခံ CDF မင်းတပ်နှင့် စစ်ကောင်စီတပ်တို့အကြား ဧပြီလကုန်ပိုင်းမှ ဇွန်လဆန်းအထိ တစ်လခွဲကျော်ကာလအတွင်း တိုက်ပွဲပေါင်း အကြိမ် ၂၀ ကျော်ဖြစ်ပွားခဲ့သည်။

ဒေသခံ CDF အဖွဲ့ဝင်များက ရိုးရာလက်လုပ် တူမီးသေနတ်များကိုသာ အားကိုးအားထားပြုကာ စစ်ကောင်စီတပ်ကို ခုခံတော်လှန်ခြင်းဖြစ်သည်။ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ခန့်ကို သုတ်သင်နိုင်ခဲ့ပြီး ၎င်းတို့တပ်ဖွဲ့ဝင် ၂၄ ဦးကျဆုံးခဲ့သည်ဟုလည်း CDF က သတင်းထုတ်ပြန်ထားသည်။

တိုက်ပွဲများကြောင့် မင်းတပ်ဒေသခံ သောင်းနှင့်ချီ စစ်ဘေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ စစ်ရှောင်ပြည်သူ ၆၀၀၀ ကျော် ကျန်ရှိနေသည်ဟု မင်းတပ်စစ်ရှောင်ကူညီရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

Show More

Related Articles

Back to top button