သတင်း

၁၂ နှစ်သမီးအိမ်အကူကို နှိပ်စက်သည်ဆိုသော အိမ်ရှင် အာမခံရရှိ

ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ်မှ ၁၂ နှစ်အရွယ် အိမ်အကူကို ရိုက်နှက် ညှဉ်းပန်းသည်ဟု စွပ်စွဲခံထားရသော အိမ်ရှင်အမျိုးသမီးကို အပြင်းအထန် နာကျင်စေမှု ပုဒ်မ (၃၂၅)ဖြင့် အရေးယူထားပြီး အာမခံဖြင့် လွှတ်ထားသည်ဟု သုဝဏ္ဏရဲစခန်းထံမှ သောကြာနေ့တွင် သိရသည်။

အမှုကို ရဲလုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်နေသည်ဟု ဒုရဲအုပ် ဦးအောင်မျိုးဦးက ရှင်းပြသည်။

“အခု လောလောဆယ် ဆရာဝန်ရဲ့ဆေးစာ စောင့်နေရင်း တရားလိုဘက်က သက်သေတွေကို စစ်ဆေးထားတယ်၊ အဆင့်အဆင့် ဆောင်ရွက်သွားဖို့ ရှိတယ်” ဟု ဒုရဲအုပ်က ပြောသည်။

အိမ်ရှင် မနီလာဝင်းက အိမ်အကူဖြစ်သူကို ညှဉ်းပန်းနှိပ်စက်မှု မပြုခဲ့သော်လည်း စျေးဖိုးထဲမှ မုန့်ဝယ်စားသည့်နေ့ကမူ ဒေါသဖြစ်ပြီး တုံ့ပြန်ခဲ့မိသည်ဟု ဆိုသည်။

“အဲ့ဒီနေ့က ဈေးသုံးတာ ဝယ်ပြီးပိုတာ ပြန်မပေးဘူး။ မေးမေးရင်းနဲ့ သူ (မုန့်)စားလိုက်တာကို ပေါ်လာတာ။ ကျမလည်း အိမ်မှာ ဒီလောက်စားနေရတဲ့ကြားကနေ ဘာလို့ ဒီလောက်စားရသလဲဆိုပြီး ဒေါသစိတ်နဲ့ ရိုက်ခဲ့မိတာ။ နည်းနည်းတော့ လက်လွန်သွားတယ်” ဟု ဇွန်လ ၇ ရက်နေ့က Myanmar Now ကို ပြောသည်။

အိမ်အကူမိန်းကလေးသည် ယခုလ (၃) ရက်နေ့က သင်္ဃန်းကျွန်းစံပြဆေးရုံကြီးတွင် ဆေးကုသမှုခံယူခဲ့ကြောင်း၊ ဒဏ်ရာများ ရရှိထားကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်သန်းလှက ပြောသည်။

“ဆေးစစ်ချက်အရတော့ သူ့ခြေထောက်မှာ ခွေးကိုက်ထားတဲ့အတွက် ရတဲ့အမာရွတ်တွေ တွေ့ရတယ်။ ဒါကတော့ လတ်တလောရတဲ့ဒဏ်ရာ မဟုတ်ပါဘူး။ လောလောဆယ်တွေ့ရတဲ့ ဒဏ်ရာတွေက မျက်နှာဖူးရောင်တယ်၊ ခေါင်းမှာလည်း ဘုထွက်နေတယ်” ဟု ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်သန်းလှက ဇွန်လ ၇ ရက်နေ့တွင် ပြောသည်။

(စုစုသည် ရန်ကုန်မြို့၊ မြန်မာသတင်းပညာသိပ္ပံတွင် စာနယ်ဇင်းပညာ သင်ယူနေသူတစ်ဦးဖြစ်ပြီး Myanmar Now ရုံးတွင် အလုပ်သင် သတင်းထောက်အဖြစ် ယာယီ လုပ်ကိုင်လျက်ရှိသည်)

Show More

Related Articles

Back to top button