သတင်း

အဖမ်းခံထားရသည့် NLD ဦးဉာဏ်ဝင်း ကိုဗစ်ကြောင့် ကွယ်လွန်

အင်းစိန်ထောင်တွင် ထိန်းသိမ်းခံထားရစဉ် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်နှင့် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းမှာ ယနေ့ (ဇူလိုင် ၂၀) နံနက် ၉ နာရီ၊ ၁၀မိနစ်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်သွားသည်။

“မနေ့က အောက်ဆီဂျင်က ၉၅၊ ၉၇ လောက်အထိ ပြန်တက်လာတယ်။ ဒီနေ့ မနက် ၄ နာရီလောက်က ICU (အထူးကြပ်မတ်ကုသဆောင်)ထဲမှာ အသည်းအသန်ဖြစ်နေတာ။ တော်တော်လေးမကောင်းတဲ့ အခြေအနေဖြစ်ပြီးတော့မှ ဆုံးသွားတယ်”ဟု မိသားစုဝင်တစ်ဦးက Myanmar Now ကို ပြောသည်။

ကွယ်လွန်ချိန်တွင် အသက် ၇၉ နှစ်ရှိပြီဖြစ်သူ ဦးဉာဏ်ဝင်းမှာ ဖေဖော်ဝါရီ ၁ ရက်ကတည်းက အာဏာသိမ်းစစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရသူဖြစ်သည်။ မတည်ငြိမ်မှုဖြစ်စေရန် လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅ (ခ)ဖြင့် အမှုဖွင့်ခံရပြီးနောက် အင်းစိန်ထောင်တွင် ထိန်းသိမ်းခံထားရစဉ် ကိုဗစ်ကူးစက်ခံရကာ သေဆုံးခဲ့ခြင်းဖြစ်သည်။ 

မူလကပင် ဆီးကြိတ်၊ ဆီးချို၊ သွေးဝမ်းသွား ရောဂါများရှိသည့် ဦးဉာဏ်ဝင်းကို စစ်ကောင်စီက တစ်လကျော်ကြာ စစ်ကြောရေးစခန်းတစ်ခုတွင် ထားရှိပြီးမှ အင်းစိန်ထောင်သို့ ပို့ဆောင်ခြင်းဖြစ်ကြောင်း အထက်ပါ မိသားစုဝင်က အတည်ပြုသည်။

ဇူလိုင် ၁၁ ရက်တွင် အင်းစိန်ထောင်အတွင်း ကိုဗစ်နိုင်တင်းကပ်ရောဂါလက္ခဏာများ ပြင်းထန်စွာခံစားနေရသည့် ဦးဉာဏ်ဝင်းကို စစ်ကောင်စီက ရန်ကုန်ဆေးရုံကြီး၊ အထူးကြပ်မတ်ကုသဆောင်သို့ပို့ကာ ရဲအစောင့်အရှောက်ဖြင့် ထားခဲ့သည်။

“ဒီကိစ္စတွေရဲ့ အဓိကလက်သည်က စစ်ကောင်စီပဲဖြစ်တယ်။ အာဏာမွှန်တဲ့ပြဿနာကြောင့် ကျွန်တော်တို့တိုင်းပြည်က လက်ရှိမြင်နေရတဲ့ ဝရုန်းသုန်းကားအခြေအနေတွေဖြစ်နေတာ။ ကိုဗစ်ဆိုလည်း မထိန်းချုပ်နိုင်တဲ့ အပိုင်းတွေ၊ မတရားဖမ်းဆီးခံရတာတွေ၊ ဒါက ကျွန်တော့်မိသားစုအတွက်တင်ပြောတာ မဟုတ်ဘူးဗျ။ တစ်နိုင်ငံလုံးဖြစ်နေတဲ့အနေအထား၊ အဲဒီအတွက် စစ်ကောင်စီက ထိုက်သင့်တဲ့ ပေးလျော်မှုတော့ ပြန်ဆပ်ရလိမ့်မယ်”ဟု ဦးဉာဏ်ဝင်း၏ မိသားစုဝင်က ပြောသည်။

ကိုဗစ်နိုင်တင်းရောဂါ ပြင်းထန်စွာ ဖြစ်ပွားနေချိန်တွင် အကျဉ်းထောင်အသီးသီးတွင် ရောက်ရှိနေသည့် ပါတီဝင် သက်ကြီးရွယ်အိုများအတွက် များစွာစိုးရိမ်မိပြီး ဦးဉာဏ်ဝင်းကို စစ်အာဏာရှင်စနစ်က ရည်ရွယ်ချက်ဖြင့် လုပ်ကြံသတ်ဖြတ်လိုက်ခြင်းဖြစ်သည်ဟု NLD ဗဟိုအလုပ်သမားရေးကော်မတီ အတွင်းရေးမှူး မအိရွှေစင်ညွန့်ကလည်း သုံးသပ်သည်။

“မတရားအသတ်ခံရတယ်လို့ပဲ ကျွန်မတို့ကတော့ ပြောချင်ပါတယ်။ ဒီလိုခေါင်းဆောင်တွေက အခုက အသက်အရွယ်အားဖြင့် ကြီးနေပြီ။ သူတို့ရဲ့ ကျန်းမာရေးတွေကလည်း ချို့ယွင်းချက်ရှိနေတဲ့အချိန်မှာ အကျဉ်းထောင်ထဲမှာ ထည့်ထားတယ်”  ဟု ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖြစ် တာဝန်ယူခဲ့သူ ဦးဉာဏ်ဝင်းသည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မွန်ပြည်နယ် ပေါင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ ဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရရှိပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံခဲ့ရသူဖြစ်သည်။ 

ပါတီ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးလည်းဖြစ်ပြီး ပါတီ၏ ဥပဒေရေးရာအကြံပေးအဖြစ် တာဝန်ယူခဲ့သူလည်းဖြစ်သည်။

ထို့အပြင် ဦးဉာဏ်ဝင်းမှာ ပြည်ထောင်စုလွှတ်တော်က ၂၀၁၆တွင် ဥပဒေပြဋ္ဌာန်းဖွဲ့စည်းထားသည့်​ ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တရားလွှတ်တော်ရှေ့နေများ ကောင်စီဝင်တစ်ဦးလည်းဖြစ်သည်။

ဦးဉာဏ်ဝင်းကွယ်လွန်သည့်အပေါ် NLD ကလည်း ဝမ်းနည်းကြောင်းသဝဏ်လွှာတစ်စောင် ချက်ချင်းထုတ်ပြန်ခဲ့ပြီး “မိသားစုနှင့် ထပ်တူဝမ်းနည်းကြောင်း၊ မပြီးဆုံးသေးသော စစ်အာဏာရှင်စနစ်ကျရှုံးရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ကတိပြုကြောင်း” ဖော်ပြထားသည်။

ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ဖမ်းဆီးထားသည့် အင်းစိန်ထောင်ရောက် NLD ထိပ်ပိုင်းခေါင်းဆောင်များအနက် ဦးဟံသာမြင့်နှင့် ရန်ကုန်ရှိ စစ်ကြောရေးစခန်းတစ်ခုတွင် ထိန်းသိမ်းခံထားရသည့် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့လည်း ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံထားရပြီး ပြင်ပဆေးရုံများ၌ အရေးပေါ်ကုသမှုခံယူနေရသော်လည်း ကျန်းမာရေးအခြေအနေများကိုမူ စုံစမ်း၍ မရပေ။

Show More

Related Articles

Back to top button