သတင်း

ဖားကန့်မြို့နယ်တွင် ကျေးရွာများကို စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ် 

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ယနေ့ (ဇူလိုင် ၁၉) မွန်းလွဲ၌ စစ်တပ်က ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ဒေသခံ ၂၀၀ ကျော် ဆက်လက်စစ်ဘေးရှောင်နေရသည်ဟု ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။ 

ဖားကန့်မြို့ အရှေ့ဘက် ၁၈ မိုင်ခန့်ဝေးသည့် နန့်ယားကျေးရွာအခြေစိုက် စစ်ကောင်စီတပ်က ယနေ့ မွန်းလွဲ ၁ နာရီခန့်တွင် ခွမ်ဆိုင်ဇွပ်ရွာနှင့် ဂေါ့လိုယန်ရွာဘက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ကျေးရွာများအနီးတွင် လက်နက်ကြီးတစ်လုံး၊ ခွမ်ဆိုင်ဇွပ်ရွာရှိ ဘုရားရှိခိုးကျောင်းအနီးတွင် တစ်လုံး ကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရသည်။ 

“တိုက်ပွဲဖြစ်တာမရှိဘူး။ နန့်ယားစစ်တပ်ကုန်းက ပစ်လိုက်တာ။ သူတို့ (စစ်တပ်) ဘာကြောင့်ပစ်လိုက်လဲတော့ ကျွန်တော်တို့လည်း သေချာမသိဘူး။ နယ်မြေရှင်းလင်းရေးအတွက်လား၊ ဘာလားလည်းမသိဘူး ပစ်လိုက်တာ” ဟု ဖားကန့်အခြေစိုက် စစ်ရှောင်များကူညီရေးကော်မတီခေါင်းဆောင် ဦးလထွဲက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၅ နှင့် ၁၆ ရက်များက ဖားကန့်မြို့နယ်၊ ဂေါ့လိုယန်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်ကို KIA (ကချင်လွတ်လပ်ရေးတပ်မတော်) က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲဧရိယာအတွင်းရှိ ခွပ်ဆိုင်ဇွပ်ရွာနှင့် အနီးအနားရွာများမှ စစ်ရှောင် ၂၀၀ ခန့်သည် ဆိုင်းဖရာရွာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ဆိုင်းဖရာရွာရှိ ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားရှိခိုးကျောင်း၌ လာရောက်ခိုလှုံခဲ့ကြသော အဆိုပါ စစ်ရှောင်များမှာ ယမန်နေ့ (ဇူလိုင် ၁၈) တွင် သက်ဆိုင်ရာကျေးရွာများသို့ ပြန်ခဲ့ကြသော်လည်း ယနေ့ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် ဆိုင်းဖရာရွာသို့ ပြန်လည်ရောက်ရှိလာကြသည်ဟု သိရသည်။ 

လက်ရှိတွင် မှော်ကပ်ကျေးရွာအုပ်စုအတွင်းရှိ တံတားညီနောင်၊ ဂေါ့လိုယန်၊ ခွမ်ဆိုင်ဇွပ်ရွာများမှ စစ်ရှောင် ၂၀၀ ခန့် ဆိုင်းဖရာရွာရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်း၊ ကလေးသူငယ်ဖွံ့ဖြိုးရေးဂေဟာနှင့် ရွာအတွင်းရှိ ဆွေမျိုးများအိမ်၌ တည်းခိုနေကြသည်ဟု ဦးလထွဲက ပြောသည်။

“လတ်တလောကတော့ အသင်းတော်ကနေ ထောက်ပံ့ထားတဲ့ဟာရှိတယ်။ ရွာနီးချုပ်စပ်ကနေ လာလှူထားတဲ့ ဆန်အိတ်တွေရှိတယ်။ အဲဒါတွေနဲ့စားနေရတာပေါ့” ဟု ဦးလထွဲက ဆိုသည်။

ယနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီက ဖားကန့်မြို့နယ်အတွင်းမှ ကျေးရွာလူကြီးတချို့ကို နန့်ယားကျေးရွာအခြေစိုက် စစ်တပ်က ခေါ်ယူကာ KIA တပ်ဖွဲ့များ ဝင်ရောက်ပါက ရွာအတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်မည်ဟု ခြိမ်းခြောက်ခဲ့သည်ဟု သိရသည်။

ထို့ပြင် ဇူလိုင် ၁၆ ရက်က တိုက်ပွဲများအတွင်း စစ်တပ်က လက်နက်ကြီးများပစ်ခတ်ခဲ့၍ ဒေသခံ ၆ ဦး ဒဏ်ရာရခဲ့သည်။

ယနေ့ ဖြစ်စဉ်နှင့် ပတ်သက်ပြီး KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်မေးမြန်းသော်လည်း လတ်တလော ဆက်သွယ်၍မရပေ။

လက်ရှိတိုက်ပွဲများဖြစ်ပွားနေသည့်နေရာမှာ KIA တပ်မဟာ ၉ ထိန်းချုပ်နယ်မြေဖြစ်ပြီး ဇူလိုင် ၁၅ ၊ ၁၆ ရက်များက အဆိုပါ KIA တပ်မဟာလက်အောက်ခံ တပ်ရင်း ၄၄ က စစ်တပ်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင် ၁၂ ကလည်း ဖားကန့်မြို့နယ်၊ ယူမာကျေးရွာတွင် အင်အား ၁၀ ဦးခန့်လိုက်ပါလာသည့် ရဲကားတစ်စီးကို KIA က မိုင်းခွဲတိုက်ခိုက်ခဲ့သလို ယင်းမတိုင်မီတစ်ရက်ကလည်း ဝိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်စခန်းတစ်ခုကို KIA က ဝင်ရောက်တိုက်ခိုက်ပြီး လက်နက်များသိမ်းဆည်းခဲ့သည်။

Show More

Related Articles

Back to top button