သတင်း

ဦးဝီရသူကို စစ်ဆေးရန် မဟနထံ တောင်းဆိုသည့် လှုပ်ရှားမှု ရန်ကုန်တွင် ပြုလုပ်

ရန်ကုန် – အမျိုးသားရေးဝါဒီ ဆရာတော် ဦးဝီရသူ၏ ပြောဆိုပြုမူ ဆောင်ရွက်ချက်များကို စစ်ဆေးပေးရန် နိုင်ငံတော် သံဃ မဟာနာယကအဖွဲ့သို့ တောင်းဆိုကြောင်းလက်မှတ် စုဆောင်းသည့် လှုပ်ရှားမှုကို ဇွန် ၈ ရက်နေ့က ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံတွင် ပြုလုပ်ခဲ့သည်။

မြန်မာအမျိုးသမီးတို့ အိမ်ထောင်ရေးနှင့် ပတ်သက်ပြီး ပြောကြားချက်အပါအဝင် အငြင်းပွားဖွယ် ပြောဆိုပြုမူမှုများမှာ အွန်လိုင်းတွင် ပျံ့နှံ့လာပြီးနောက် လက်မှတ်ကောက်ယူသည့် လှုပ်ရှားမှု ပြုလုပ်ရခြင်း ဖြစ်သည်ဟု အဓမ္မဆန့်ကျင်ရေးကော်မတီမှ တာဝန်ခံတစ်ဦးဖြစ်သည့် ဦးမြတ်ကျော်က ပြောသည်။

“ခွေးနဲ့ယူပါလား၊ လင်ယူစရာမရှိရင်တော့ ပြောပေါ့၊ သံဃာတွေ လွှတ်ပေးမယ်၊ အသောက်အစား ကင်းတယ်ပေါ့။ နောက်တစ်ခုက အင်တာနက်စာမျက်နှာတွေပေါ်မှာ ရဟန်းတစ်ပါးနဲ့ မလျော်ညီတဲ့ စကားရပ်တွေ ဖတ်ရတယ်” ဦးမြတ်ကျော်က ပြောသည်။

“သံဃာ့ဝိနည်းနဲ့ ပတ်သက်ပြီးတော့လည်း ကိုယ်တွေက မကျွမ်းကျင်ဘူး။ အဲ့ဒီတော့ ဆရာတော်ကြီးတွေကိုပဲ မေးရမှာပေါ့။ ဒါဟာ ဓမ္မတွေလား၊ အဓမ္မတွေလားဆိုတာ ဆရာတော်တွေကပဲ ဆုံးဖြတ်ပါလိမ့်မယ်”ဟု ဦးမြတ်ကျော်က ဆက်ပြောသည်။

ဓာတ်ပုံ – စုစု / Myanmar Now

အဓမ္မဆန့်ကျင်ရေးကော်မတီကို ဘာသာရေး၊ လူမျိုးရေးအစွန်းရောက်မှု မရှိစေရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်ဟု ဦးမြတ်ကျော်က ပြောသည်။

ပန်းခြံသို့ လာရောက်လက်မှတ်ထိုးသူများထဲတွင် ရန်ကုန်၊ လှိုင်သာယာမြို့နယ်မှ ကိုကျော်စိုးလည်း ပါဝင်သည်။ ယခင်က အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) တွင် ပါဝင်ဆောင်ရွက်ခဲ့ဖူးကြောင်း၊ လက်မှတ်ကောက်ယူနေသည့် အစီအစဉ်ကို အင်တာနက်စာမျက်နှာမှတစ်ဆင့်သိရကြောင်း ကိုကျော်စိုးက ပြောသည်။

“ဓမ္မလား၊ အဓမ္မလားဆိုတာ ကျွန်တော်တို့လည်း ဆုံးဖြတ်လို့ရပေမယ့် မဆုံးဖြတ်ချင်ဘူး။ ကျွန်တော်လည်း အရင်က မဘသမှာ ပါဝင်ခဲ့ဖူးတော့ သိတယ်။ ဒါကိုဆုံးဖြတ်တာက သူတို့ ခုလုပ်နေတဲ့ သံဃမဟာနာယကက ဆရာတော်တွေ ဆုံးဖြတ်ရမှာပေါ့” ဟု ကိုကျော်စိုးက ဆိုသည်။

လက်မှတ်ထိုးသူတစ်ဦးဖြစ်သည့် ရန်ကုန်၊ ဗဟန်းမြို့နယ်မှ ကိုထူးထူးက ဦးဝီရသူ၏ လုပ်ရသည် နိုင်ငံ တည်ငြိမ်ရေးကို ထိခိုက်စေသည်ဟု မှတ်ချက်ပြုသည်။

“ပြီးတော့ ဗုဒ္ဓရဲ့လမ်းစဉ်က ဒီဟာ မဟုတ်ဘူးလေ။ ပြီးတော့ သူတို့လုပ်နေတဲ့အချိန်မှာ ပင်လုံညီလာခံလည်း ရှိတယ်။ အဲ့တော့ ပျက်စေချင်တာလားပေါ့။ ဗုဒ္ဓရဲ့လမ်းစဉ်က မေတ္တာကို အခြေခံထားတာလေ”ဟု ကိုထူးထူးက ရှင်းပြသည်။

ဓာတ်ပုံ – စုစု / Myanmar Now

ယခင်လက ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင်လည်း လက်မှတ်ကောက်ခံသည့် လှုပ်ရှားမှု ပြုလုပ်ရာ လက်မှတ် ၁,၅ဝဝ ကျော် ကောက်ခံရရှိခဲ့ကြောင်း သိရသည်။

လက်မှတ်ကောက်ယူသည့်လှုပ်ရှားမှုကို လူစည်ကားသည့် နေရာများတွင် ဆက်လက်ပြုလုပ်မည် ဖြစ်ပြီး ရရှိသည့် လက်မှတ်များကို ယခုလအတွင်း သံဃမဟာနာယကအဖွဲ့၊ သာသနာရေးဝန်ကြီးဌာနတို့ထံ ပေးပို့သွားမည်ဖြစ်ကြောင်း လှုပ်ရှားမှုကို ဦးဆောင်သည့် ကော်မတီထံမှ သိရသည်။

(စုစုသည် ရန်ကုန်မြို့၊ မြန်မာသတင်းပညာသိပ္ပံတွင် စာနယ်ဇင်းပညာသင်ယူနေသူတစ်ဦးဖြစ်ပြီး Myanmar Now ရုံးတွင် အလုပ်သင် သတင်းထောက်အဖြစ် ယာယီ လုပ်ကိုင်လျက်ရှိသည်)

Show More

Related Articles

Back to top button