မေးမြန်းခန်း

“မတိုက်မှာတော့ မပူပါနဲ့။ ပြည်သူတွေရဲ့ရှေ့မှောက်ကို ရောက်လာမှာပါ” 

စစ်​ဗိုလ်ချုပ်များ၏ ကိုယ်ကျိုးစီးပွားအတွက် နိုင်ငံ​တော်အာဏာကို မတရားသဖြင့် လုယူသိမ်းပိုက်ထားသည်မှာ ငါးလခွဲရှိပြီဖြစ်သည်။ ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို စစ်​ကောင်စီက ရက်စက်စွာ ဖမ်းဆီးသတ်ဖြတ်ခဲ့ရာ ရရာလက်နက်ဖြင့် ခုခံတော်လှန်ရေးကို ပြည်သူများ မလွှဲမရှောင်သာ ရွေးချယ်ခဲ့ကြသည်။

အမျိုးသားညီညွတ်​ရေးအစိုးရ (NUG) ကလည်း အနာဂတ်တွင် ဖက်ဒရယ်တပ်မ​တော်အထိ ရည်မှန်း၍ ပြည်သူ့ကာကွယ်​​ရေးအဖွဲ့ (PDF) များကို ဖွဲ့စည်းကာ စစ်​ကောင်စီကို မောင်းချရန် ပြင်ဆင်​လျက်ရှိသည်။ ထိုသို့တော်လှန်ရေးအရှိန်မြှင့်နေချိန်တွင် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါ တတိယလှိုင်းကြောင့် ပြည်သူများ သေကောင်ပေါင်းလဲဖြစ်နေသော်လည်း စစ်ကောင်စီကမူ တော်လှန်ရေးအင်အားများ ယုတ်လျော့စေရန်အလို့ငှာ ကပ်ရောဂါကို နိုင်ငံရေးလက်နက်အဖြစ် အသုံးချလျက်ရှိသည်။ 

ကိုဗစ်ကပ်​ရောဂါတတိယလှိုင်းကြားမှ စစ်အာဏာရှင်တော်လှန်​ရေးအခြေအနေများနှင့် ပတ်သက်၍ ရန်ကုန်အရှေ့ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YET-PDF) တာဝန်ခံ ဗိုလ်သက်တန့်အား မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။ 

မေး – နွေဦး​တော်လှန်​ရေးမှာ အာဏာသိမ်းစစ်​ကောင်စီကို လက်နက်နဲ့​ တော်လှန်​မောင်းချမှရမယ်လို့ ယုံကြည်တဲ့ပြည်သူ​တွေက​ PDF ​တွေတိုက်မယ့်ရက်ကို မျှော်​နေကြတာ ဧပြီလ​လောက်ကတည်းက​နေ ခုအချိန်ထိပဲ။​ စောင့်ရတာကြာလာ​တော့ မတိုက်​တော့မှာ၊ ​နွေဦး​တော်လှန်​ရေးက ဒီတိုင်းပြီးသွားမှာ စိုးရိမ်နေကြပါတယ်။ PDF ရဲ့​ ​​တော်လှန်​ရေးတိုက်ပွဲကို ​မျှော်​နေကြသူ​တွေအတွက် ဘာလိုသတင်းစကားပါးချင်ပါလဲ။ 

ဖြေ – နွေဦးတော်လှန်ရေးမှာ အာဏာသိမ်းစစ်ကောင်စီကို လက်နက်နဲ့ တိုက်ခိုက်မယ်လို့ ဆုံးဖြတ်ပြီးတဲ့အချိန်မှာ ကျွန်တော်တို့ လက်နက်ကိုင်လမ်းစဉ်ကို လျှောက်ခဲ့တယ် PDF တွေအနေနဲ့။ အဲဒီအချိန်မှာ ပြည်သူတွေကလည်း ဧပြီလလောက်တည်းက လက်နက်ကိုင်ပြီးတော့ စစ်ကောင်စီကို ပြန်တိုက်မယ့် PDF တွေကို မျှော်လင့်နေတာ အမှန်ပဲ။ 

ဒါပေမယ့် လက်နက်ကိုင်ပြီးတော့ စစ်ကောင်စီကို ပြန်တိုက်တော့မယ်ဆိုပြီးတော့ အနေအထားတစ်ခုမှာ စစ်ကောင်စီကို ပြန်တိုက်မယ့် အင်အားတစ်ခုဖြစ်အောင်လို့ ကျွန်တော်တို့ PDF တွေအနေနဲ့ စနစ်တကျ တည်ဆောက်ရတယ်။ စနစ်တကျပြင်ဆင်ရတယ်။ ဒီလိုပြင်ဆင်ရတဲ့ဟာကို ပြည်သူတွေအနေနဲ့ အချိန်ပေးရမယ်ဆိုတဲ့ဟာကို တချို့က အရမ်းလောကြတယ်။ အဲလိုလောကြတယ်ဆိုတာက ပြည်သူတွေက အရမ်းခံစားနေရတာလေ။ 

စစ်တပ်ရဲ့ ဖိနှိပ်မှုတွေ ချုပ်ချယ်မှုတွေကို ခံစားနေရတဲ့အခါဆိုတော့ သူတို့ရဲ့ စိတ်ဆန္ဒတွေက အရမ်းပြင်းပြနေတဲ့အခါဆိုတော့ ကျွန်တော်တို့မြေပြင်မှာလုပ်နေတဲ့ အရာတွေကို သူတို့က အားမလို၊ အားမရ ဖြစ်တာပေါ့။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့ ပြင်ဆင်နေတဲ့အရာတွေကို ပြည်သူတွေက အရမ်းကြာတယ်လို့ ထင်နေတာ။ 

တစ်ရက်၊ တစ်နာရီ၊ တစ်မိနစ်တောင်မှ သူတို့က ကြာတယ်လို့ ထင်တဲ့အခါကျတော့ ကျွန်တော်တို့တွေ မတိုက်တော့ဘူးလား။ ဘယ်တော့တိုက်မှာလဲဆိုတဲ့ မေးခွန်းတွေ အမေးခံရပါတယ်။ အဲဒီအတွက်ကို ကျွန်တော်တို့ကလည်း စစ်ကောင်စီကို လက်နက်ကိုင်လမ်းစဉ်နဲ့ မရရအောင် ဖြုတ်ချမယ်လို့ ဆုံးဖြတ်ချက်ချထားတဲ့အတွက် မတိုက်မှာတော့ မပူပါနဲ့။ ပြည်သူတွေမျှော်နေတဲ့အချိန်၊ ပြည်သူတွေ အားကိုးတကြီးနဲ့ စောင့်မျှော်နေတဲ့အချိန်မှာ ကျွန်တော်တို့ PDF တွေက ပြည်သူတွေရဲ့ ရှေ့မှောက်ကို ရောက်လာမှာပါ။ လက်ရှိအခြေအနေကလည်း ပြောက်ကျားစနစ်နဲ့ တိုက်ခိုက်နေပါတယ်။ ဒါပေမယ့် အချိန်အများကြီးတော့ ပေးစရာမလိုတော့ဘူးလို့ ပြည်သူတွေကို သတင်းစကားပါးချင်ပါတယ်။ 

မေး – စစ်​ကောင်စီ​ တော်လှန်​ရေးတိုက်ပွဲ​တွေလာရင် အောင်မြင်ဖို့ ပြည်သူ​တွေက ဘယ်လိုကူညီပေးနိုင်မလဲ။ 

ဖြေ – PDF နဲ့ ပြည်သူနဲ့က ခွဲလို့မရဘူး။ စစ်ကောင်စီကို ဆန့်ကျင်တဲ့သူတိုင်းသည် PDF ပဲ။ အဲအတွက်ကြောင့် ကျွန်တော်တို့ လက်နက်ကိုင်တဲ့ PDF တွေက တိုက်ခိုက်တဲ့အချိန်မှာ ပြည်သူတွေကလည်း ဒီအတိုင်းနေမှာ မဟုတ်ဘူး။ သူတို့ တက်စွမ်းသလောက် ပါဝင်ကူညီနေမှာပဲ။ အဲဒါကြောင့် PDF နဲ့ ပြည်သူ ခွဲခြားလို့မရဘူး။ 

စစ်ကောင်စီကို ဆန့်ကျင်တဲ့သူတိုင်း၊ ဆန့်ကျင်မှုလုပ်တဲ့သူတိုင်း PDF ပဲ။ လက်နက်ကိုင် PDF တွေက တကယ်တိုက်လာတဲ့အခါမှာ မန္တလေးဖြစ်စဉ်လိုမျိုး ဥပမာကြည့်မယ်ဆိုရင် တာယာတွေ မီးရှို့တာတို့၊ လမ်းကြောင်းတွေ ပိတ်ပေးတာတို့၊ နောက်ပြီး ဒါက စစ်ကောင်စီက အရပ်ဝတ်လဲထားတဲ့တပ်လား။ ဒါ PDF တွေလား၊ စစ်ကောင်စီက အရပ်ဝတ်လဲပြီး PDF ဟန်ဆောင်ထားတယ်ဆိုရင် ဒီရပ်ကွက်မှာရှိတဲ့ ဒေသခံတွေက သိမယ်လေ။ သိတယ်ဆိုရင် PDF တွေကို သတင်းပေမယ်။ ဒါဆိုရင် ပြည်သူနဲ့ PDF ပူးပေါင်းပြီးသားဖြစ်သလို စစ်ကောင်စီတွေကို မြေပြင်မှာ တကယ်တိုက်ပြီဆိုရင်လည်း အတူတကွ ရင်ဆိုင်တော်လှန်ရမှာဖြစ်တယ်။ PDFဆိုတာက ပြည်သူတွေထဲက ပေါက်ဖွားလာတဲ့ ပြည်သူ့တပ်မတော်ဖြစ်တယ်။

မေး – မင်းတပ်မြို့တိုက်ပွဲမှာ အာဏာသိမ်းစစ်​ကောင်စီတပ်က ​မြို့ခံ​ပြည်သူတွေဖမ်းပြီး လူသားဒိုင်းအနေနဲ့ လုပ်တာမျိုး​တွေရှိ​တော့ တိုက်ပွဲ​တွေဖြစ်လာရင် ပြည်သူ​တွေကို ​ဆောင်ရန်ရှောင်ရန် ဘာ​တွေမှာထားချင်ပါသလဲ။ 

‌ဖြေ – စစ်ကောင်စီက ပြည်သူတွေကို လူသားတံတိုင်းအဖြစ်လုပ်ပြီး အသုံးချတာ ပုံစံအမျိုးမျိုးရှိတယ်။ အခု နေရာတိုင်း မြို့တိုင်း၊ ရပ်ကွက်တိုင်းမှာလည်း ပြည်သူတွေကို လူသားတံတိုင်းလုပ်ပြီး အသုံးချနေတာပဲ။ လက်ရှိ ကိုဗစ်ရောဂါကြီးဖြစ်နေတဲ့အချိန်မှာလည်း ဒါ သူတို့ ပြည်သူတွေကို စေတနာမရှိဘူး။ ပုံစံသာကွဲသွားမယ်။ ပြည်သူတွေကို အသုံးခံပစ္စည်းလို သဘောထားပြီး အသုံးချနေတာပဲ။ သူတို့လိုချင်တဲ့အရာယူတယ်။ ပြည်သူတွေဖြစ်ချင်ရာဖြစ်၊ သေသေ၊ မသေသေ သူတို့နဲ့မဆိုင်ဘူးဆိုတဲ့ ပုံစံမျိုးလုပ်တယ်။ တစ်နိုင်ငံလုံးမှာ ပုံစံမတူတာသာရှိမယ်၊ နေရာတိုင်းမှာ အသုံးချနေတာပဲ။ မင်းတပ်မှာက ပေါ်ပေါ်တင်တင် လူသားတံတိုင်းအလုပ်ခံရတာဖြစ်တယ်။ တခြားနေရာတွေမှာတော့ ပုံစံမတူတဲ့ လူသား တံတိုင်းအဖြစ် အသုံးချခံနေရတာပဲ။ 

မေး – ပြည်သူ​တွေ အထိအခိုက်နည်း​အောင်ရော ဘယ်လိုစီမံထားပါသလဲ။ 

ဖြေ – လက်ရှိအခြေအနေက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆို ပြည်သူတွေက အထိအခိုက် အရမ်းများသွားပြီ။ အစပိုင်း အာဏာရှင်စနစ်တွန်းလှန်တုန်းက ဆန္ဒပြတယ်။ ပစ်ခတ်ဖြိုခွင်းတယ်။ ထိခိုက်တာ အတိုင်းအတာတစ်ခုအထိ မြင့်ခဲ့တယ်။ ဒါပေမယ့် ကိုဗစ်တတိယလှိုင်းမှာက ရပ်ကွက်တိုင်း၊ မြို့တိုင်း၊ လမ်းတိုင်းမှာလိုလို နာ‌ရေးတွေ ရှိနေပြီ။

စစ်ကောင်စီရဲ့ အစီအစဉ်ညံ့ဖျင်းမှုတွေ၊ ကျန်းမာရေးအစီအစဉ် ညံ့ဖျင်းမှာတွေ တာဝန်ယူမှုတာဝန်ခံမှု မရှိတာတွေကြောင့် ရန်ကုန်မြို့လိုနေရာမျိုးမှာတောင် ရာဂဏန်းကို အကြီးပိုင်းနဲ့ချီပြီး သေနေကြတယ်။ တောရွာတွေမှာလည်း ဒီအတိုင်းပဲ။ ကိုဗစ်ဖြစ်နေတဲ့သူတွေ ဖြစ်နေကြပြီ။ သေတဲ့သူတွေ သေနေကြပြီ။ ဒါကြောင့် တစ်နိုင်ငံလုံးနဲ့ဆို ပြည်သူတွေက ထိခိုက်မှုတွေက အမြင့်ဆုံးဖြစ်နေပြီ။ 

စကားလုံးနဲ့ကို ပြောလို့မရအောင် များနေတာ။ ဒီထက်ထိခိုက်စရာလည်း မရှိတော့ဘူး။ နောက်ဆုံး PDF တွေက ဝင်မတိုက်ဘူးဆိုရင် ပြည်သူတွေက ရရာနည်းနဲ့ ထွက်ကြတော့မယ်။ ဘာလက်နက်မှမရှိရင်တောင် ကိုယ်စီးနေတဲ့ ဖိနပ်နဲ့ ထွက်ပေါက်ကြတော့မယ်။ နိုင်ငံတကာကလည်း ဘာမှဝင်မလာဘူးဆိုရင်လည်း ကမ္ဘာ့သမိုင်းမှာ ရုပ်ဆိုးအကျည်းတန်ဆုံးကိစ္စကြီးတစ်ခုအဖြစ် အကြောင်းအရာကြီးတစ်ခု ဖြစ်သွားမှာပဲ။ 

စစ်သင်တန်းဆင်းပွဲတစ်ခုတွင် တွေ့ရသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ − Supplied) 

မေး – မန္တ​လေး PDF မှာ ဗိုလ်ထွန်း​တောက်နိုင်က အဖွဲ့ထဲ သပ်လျှိုဝင်လာပြီး သစ္စာ​ဖောက်သွားခဲ့ပါတယ်။ အဲဖြစ်ရပ်က​နေ ​တော်လှန်​ရေးအင်အားစု​တွေအတွက် ဘယ်လို သင်ခန်းစာရပါသလဲ။ အလားတူအဖြစ်မျိုး မကြုံ​အောင် ဘယ်လိုပြင်ဆင်ထားပါသလဲ။ 

ဖြေ – ထွန်းတောက်နိုင်ကိစ္စကတော့ အကျယ်တဝင့်မပြောချင်ဘူး။ စုန်းပြူးဆိုတာကတော့ နေရာတိုင်းမှာ၊ အဖွဲ့တိုင်းမှာ ရှိတာပဲ။ ဒါပေမယ့် စုန်းပြူးတစ်ကောင်ပါလို့ ရည်မှန်းချက်ကြီးတစ်ခုလုံး ပျက်စီးသွားတာမျိုးတော့ အဖြစ်မခံနိုင်ဘူး။ ဒါကြောင့် အဆင့်တိုင်း၊ အဆင့်တိုင်းမှာ စနစ်တကျနဲ့ သေသေချာချာတော့ ပြင်ဆင်ထားတယ်။ စုန်းပြူးတွေပါနိုင်တယ်ဆိုတာလည်း တွက်ထားတယ်။ စုန်းပြူးတွေရဲ့ အန္တရာယ်ကနေ ‌ရှောင်ရှားနိုင်အောင်လည်း အဆင့်တိုင်းမှာ သေသေချာချာလေးပြင်ဆင်ထားတယ်လို့ပဲ ပြောပါရစေ။

မေး – ​​တော်လှန်​​ရေးလုပ်တဲ့အခါ အဓိကကြုံရတဲ့အခက်အခဲ​တွေက ဘာ​တွေပါလဲ။

ဖြေ – ပြည်သူ့အစိုးရ NUG က ရွှေပုံပေါ်၊ ငွေပုံပေါ်ထိုင်ပြီးတော့ ပြည်သူတွေကို ကူညီမယ်ဆိုပြီး လုပ်ခဲ့တာမဟုတ်ဘူး။ ပြည်သူတွေပေးထားတဲ့ တရားဝင်မှုနဲ့ CRPH ကို ဖွဲ့ပြီး NUG ကိုဖွဲ့ခဲ့တာ။ ကာကွယ်ရေးဝန်ကြီးဌာနအပါအဝင်ပေါ့။ ပြည်သူတွေရဲ့ ဦးဆောင်မှုနောက်ကို လိုက်ခဲ့တာ။ လက်နက်ကိုင်လမ်းစဉ်ကိုလိုက်တဲ့ လူငယ်တွေကလည်း အဲဒီလမ်းစဉ်ကို လိုက်ခဲ့တာ။ အခက်အခဲတွေဆိုရင် အကုန်ပါပဲ။ လက်နက်၊ ယူနီဖောင်းကအစ အခက်အခဲပါပဲ။ ဒီလုပ်ငန်းစဉ်တွေကို မလုပ်ခင်တည်းက စဉ်းစားထားပြီးသား။ ဒါတွေကို ဘယ်လိုဖြတ်ကျော်ရမလဲ၊ ဘယ်လိုဖြေရှင်းရမလဲဆိုတာ စဉ်းစားခဲ့ရတာ။ အခုအချိန်မှာ အတိုင်းအတာတစ်ခုထိ ရောက်နေပါပြီ။

မေး – PDF ​တွေက တော်လှန်​ရေးကို စပြီဆိုတာနဲ့ မိမိတို့​ဒေသမှာ​နေပြီး စစ်​ကောင်စီတပ်ကို တိုက်ခိုက်ကြမယ့် ပြည်သူတွေကိုရော ဘယ်လိုသတင်းစကားပါးချင်ပါလဲ။ 

ဖြေ – အခုအချိန်မှာ လူတွေက ကိုဗစ်နဲ့လည်း ခံစားချက်တွေ တအားများသွားပြီ။ ဘယ်လိုမှလည်း ထိန်းမရတော့ဘူး။ ဒီအတိုင်းနေလည်း သေရတော့မယ်ဆိုတဲ့ အတွေးမျိုးဝင်နေကြပြီ။ အဲဒါကြောင့် PDF တွေက ထွက်လာပြီဆိုတာနဲ့ ပြည်သူတွေက အခြေအနေပေါ်မူတည်ပြီးတော့ ပုံစံမျိုးစုံနဲ့ ပူးပေါင်းပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်။ 

PDF ဆိုတာက သီးခြားအဖွဲ့မဟုတ်ဘူး။ နွေဦးတော်လှန်ရေးကို နိုင်အောင်တိုက်ဖို့ PDF တွေမှာပဲ တာဝန်ရှိတာ မဟုတ်ဘူး။ ပြည်သူတွေက နွေဦးတော်လှန်ရေးမှာ စစ်အာဏာရှင်စနစ်ကို အပြီးအပြတ်ချေမှုန်းမယ်ဆိုပြီးတော့ ကြွေးကြော်ပြီး တော်လှန်ခဲ့လို့ PDF ဆိုတာ ပြည်သူ့နောက်ကနေ ပေါ်ပေါက်လာတာ။ PDF ကြီးပဲ ဘာမှလုပ်မရဘူး။ ပြည်သူနဲ့ PDF ပူးပေါင်းမှသာလျှင် ရမှာ။ ပြည်သူက ဦးဆောင်မှ PDF တွေက ပြည်သူကို ကာကွယ်ပြီးတိုက်ရမှာ။ 

အဲဒါကြောင့် ပြည်သူနဲ့ PDF ခွဲခြားလို့မရဘူး။ အဲဒါကြောင့် ပြည်သူတွေက အလံနဲ့အသံကိုပဲ နားစွင့်ထားကြပါ။ မျက်စိရှင်ရှင်၊ နားရှင်ရှင်နဲ့ နေကြပါ။ အတူတကွ ပူးပေါင်းပါဝင်မှသာ ဒီတိုက်ပွဲက နိုင်မှာ။ တစ်ဦးကောင်းတစ်ဖွဲ့ကောင်း GZ တစ်ခုတည်းနဲ့ တိုက်လို့မရဘူး။ XYZ အကုန်ပူးပေါင်းရမယ်။ PDF မှာပဲ တာဝန်ရှိတာ မဟုတ်ဘူး။ ပြည်သူတွေထဲက ပေါက်ဖွားတဲ့အတွက်ကြောင့် PDF တိုက်မယ်ဆိုလည်း ပြည်သူ့ဆန္ဒပဲ။ ပြည်သူတွေက တိုက်မယ်ဆိုလည်း PDF ကတိုက်ရမှာပဲ။ 

မေး- စစ်တပ်အာဏာသိမ်းမှုရဲ့​နောက်ဆက်တွဲ ဆိုးကျိုး​တွေ​ကြောင့် အခု ကိုဗစ်တတိယလှိုင်းမှာ ပို​သေ​နေကြပါတယ်။ စစ်​ကောင်စီက စီမံခန့်ခွဲနိုင်စွမ်းမရှိတဲ့အပြင်​ ပြည်သူ​တွေအ​ပေါ် စေတနာမဲ့ပြီး၊ ပြည်သူများများ​သေ​အောင် ​အောက်စီဂျင်ခက်ခဲ​အောင်၊​ ဆေးရုံ​တွေတက်မရ​အောင် စသဖြင့် လုပ်​နေတဲ့ပုံစံ​ကြောင့် ​တော်လှန်​ရေးမှာ အရင်က ကိုယ်နဲ့မဆိုင်ဘူးထင်သူ​တွေ၊ စစ်​ကောင်စီဘာလုပ်လုပ် အ​ကောင်းမြင်သူ​တွေပါ စစ်​ကောင်စီရဲ့ သရုပ်မှန်ကို မြင်လာကြပြီ။ အဲလိုလူ​တွေက​တောင် စစ်​ကောင်စီကို ဝေဖန်လာကြတာ​ တွေ့ရပါတယ်။ အဲတာ​ကြောင့် တတိယလှိုင်းဟာ ​တော်လှန်​ရေးအတွက် ပို​အား​ကောင်း​စေဖို့ အ​ပြောင်းအလဲပုံစံဖြစ်လာတယ်လို့​ ပြောရပါသလား။ တတိယလှိုင်း​ကြောင့် တော်လှန်​ရေးအရှိန်​လျော့သွားမှာ စိုးရိမ်​နေတဲ့ ပြည်သူ​တွေကို​ရော ဘာ​ပြောချင်ပါသလဲ။ 

ဖြေ – လက်ရှိအခြေအနေက ဘယ်လိုဖြစ်နေလဲဆိုတော့ ကျွန်တော်တို့ အလယ်တန်းအဆင့်မှာ သင်ခဲ့ရသလို မဟော်သဓာသားဖွားခန်းက ဘီလူးမနဲ့ အမေအရင်းနဲ့ သွားဖွားခန်းပြဿနာဖြေရှင်းသလိုပဲ။ ဘီလူးမနဲ့ အမေ ကလေးကို လုတဲ့အချိန်မှာ ဘယ်သူက ဘီလူးမလဲ။ ဘယ်သူက မိခင်အရင်းလဲဆိုတာ ပေါ်ပေါ်လွင်လွင်မြင်သွားတဲ့ အခန်းလိုပဲ ဒီကာလက။ 

ပြည်သူရဲ့ အစိုးရ၊ ပြည်သူရဲ့ ခေါင်းဆောင်ဆိုတာ ပြည်သူတွေကို မိဘနေရာကနေပြီးတော့ သားသမီးသဖွယ်စောင့်ရှောက်တဲ့ အစိုးရနဲ့ ပြည်သူတွေကို တန်ဖိုးမထား၊ မလေးစားဘဲ အာဏာတစ်ခုတည်းကိုပဲ ကြည့်တဲ့ ဘီလူးမလို အစိုးရမျိုး ပြည်သူတွေ ကွဲကွဲပြားပြားသိသွားကြတယ်။ 

ကျွန်တော်တို့တိုင်းပြည်က အင်မတန်မှ လိုအပ်ချက်တွေများတဲ့နိုင်ငံ။ အရမ်းကိုလည်း ဆင်းရဲတဲ့နိုင်ငံဖြစ်တယ်။ ဒီလိုကပ်ရောကြီးဖြစ်တဲ့အခါမှာ ဘာအတွေ့အကြုံမှမရှိပေမယ့် ကျွန်တော်တို့ ပထမလှိုင်းနဲ့ ဒုတိယလှိုင်းကို ပြည်သူတွေနဲ့ ပူးပေါင်းပြီးတော့ ကျွန်တော်တို့ထက် အဆင့်အတန်းမြင့်တဲ့ ချမ်းသာတဲ့ နိုင်ငံတွေထက်သာအောင် ကပ်ရောဂါကြီးကို တိုက်ဖျက်နိုင်ခဲ့တယ်။ အောင်အောင်မြင်မြင်နဲ့ကို တိုက်ဖျက်နိုင်ခဲ့တယ်။ အခြားနိုင်ငံတွေ ချီးကျူးရလောက်အောင် အောင်မြင်ခဲ့တယ်။ 

အခု တတိယလှိုင်းဖြစ်နေတယ်။ သူတို့ စစ်ကောင်စီ ဘာမှ မထိန်းချုပ်နိုင်ဘူး။ ကိုဗစ်ဖြစ်တယ် ကိုယ့်ပိုက်ဆံနဲ့ကို စစ်ရတယ်။ လက်ရှိအချိန်မှာ တောရွာတွေမှာကို ရောဂါက ပျံ့နေပြီ။ ပထမလှိုင်းမှာ ထိထိရောက်ရောက်ကုသပေးခဲ့တဲ့ ဝေဘာဂီတောင်မှ လက်ရှိမှာ ထိထိရောက်ရောက်ကုသပေးမယ့် ဆရာဝန်တွေ မရှိတော့ဘူး။ 

စစ်ကောင်စီက ကိုဗစ်ပိုးနဲ့ ပြည်သူတွေသေသွားအောင်ဆိုပြီး စိတ်ဆန္ဒနဲ့ကို သက်သက်လုပ်နေတာ။ ပိုးပျံ့လို့ ကူးစက်ရင် အောက်စီဂျင်တွေလိုတယ်၊ အောက်စီဂျင်တွေဖြည့်ရင် ဖြည့်မရအောင် ပိတ်ပင်တယ်။ ဒီလုပ်ရပ်တွေကိုကြည့်ရင် စစ်ကောင်စီက ပြည်သူကို သေစေချင်တဲ့ ပုံစံဖြစ်နေတာ။ သူတို့အာဏာကို မတော်လှန်နိုင်အောင် ကိုဗစ်ကို အသုံးချနေတာ။ ဘယ်သူ့မျက်နှာမှ မကြည့်ဘဲ ရက်ရက်စက်စက်ကို အသုံးချလိုက်တာ။ 

ဒါကိုလည်း ကြည်သူတွေက သိသွားပါပြီ။ ပြည်သူတွေက ကြာလေကြာလေ သူတို့ကို ရွံရှာမုန်းတီးတဲ့ အဆင့်ကို ရောက်သွားပြီ။ တွေ့ရင်တွေ့တဲ့နေရာမှာ ဖိနပ်နဲ့ ကောက်ပေါက်ချင်တဲ့ အဆင့်ဖြစ်နေပြီ။ အခု NUG အစိုးရကျတော့ ရနိုင်တဲ့ နည်းလမ်းနဲ့ လိုက်ကယ်နေရတာ။ အခုဗျာ မြေပြင်မှာ ဆရာဝန်တွေ လိုက်ကူညီတယ်၊ ဖမ်းတယ်။ ဆေးတွေပေးတယ်၊ ဖမ်းတယ်။ ဒါပေမယ့် ကျွန်တော်တို့က ရပ်တန့်လားဆို မရပ်တန့်ဘူး။ အွန်လိုင်းကနေ ဆေးကုသမှုတွေ ပေးနေတယ်။ အောက်စီဂျင်တွေ ရနိုင်သလောက် ပေးနေကြတယ်။ ကျွန်တော်တို့ NUG အစိုးရနဲ့ CDM ဆရာဝန်တွေပူးပေါင်းပြီး အားနဲ့လုပ်နေရတယ်။

မေး – စစ်​ကောင်စီက NUG ရယ်၊ PDF ​တွေရယ်ကို အကြမ်းဖက်အဖွဲ့အစည်း​တွေလို့ ပုံ​ဖော်နိုင်​အောင် နည်းမျိုးစုံနဲ့ လုပ်ကိုင်​နေတာ​တွေ့ရပါတယ်။ စစ်​ကောင်စီရဲ့​ထောင်​ချောက်ထဲ မ​ရောက်အောင်ရော ဘယ်လိုသတိထား လုပ်ကိုင်​နေကြလဲ။

ဖြေ – စစ်ကောင်စီက အာဏာသိမ်းပြီးကတည်းက မှန်တာတစ်ခုမှပြောခဲ့တာ မဟုတ်ဘူးဆိုတာ အားလုံးသိပါတယ်။ NUG နဲ့ PDF တွေကို အကြမ်းဖက်အဖြစ် ဖော်ဆောင်နေပေမယ့် ကျွန်တော်တို့က လက်ရှိမှာ ပြည်သူတွေကို ဘယ်လိုကူညီနေတယ်ဆိုတာ ပြည်သူတွေအသိဆုံး။ အဲဒါကြောင့် စိုးရိမ်စိတ်မရှိဘူး။ စစ်ကောင်စီရဲ့ ပုံဖော်မှုကိုကတော့ မအောင်မြင်နိုင်ဘူး။ အဲဒါကြောင့် စိုးရိမ်စိတ် လုံးဝမရှိဘူး။ 

Show More

Related Articles

Back to top button