ရာသီဥတုဖောက်ပြန်မှုကို ရင်ဆိုင်အံတုခြင်း

နှစ်စဉ် ရာသီဥတုဖျက်လို့ သီးနှံပျက်စီးရတာတွေ လျော့ကျသွားစေမယ့်နည်းလမ်းတချို့ ရှိနေပါတယ်

Published on Jun 6, 2017
ဓာတ်ပုံ - ထက်ခေါင်လင်း / Myanmar Now
ဓာတ်ပုံ - ထက်ခေါင်လင်း / Myanmar Now

မြစ်သား၊ ကျောက်ဆည် - အသားညိုညို၊ ပိန်ပိန်ပါးပါး ကိုတင်ဆွေဟာ မန္တလေးတိုင်း ဒေသကြီး၊ မြစ်သားမြို့နယ်က သူ့အိမ်ရှေ့ ခုံတန်းရှည်မှာထိုင်ပြီး ထုံးတို့ထားတဲ့ကွမ်းရွက်ပေါ် ဆေးရွက်ကြီးနဲ့ ကွမ်းသီးစိတ်နည်းနည်း ထည့်လိုက်ပါတယ်။

အဲဒီနောက် ယာထားတဲ့ကွမ်းကို ပါးစောင်ထဲထည့်ငုံလိုက်ပြီးမှ သူ့ရဲ့စိုက်ပျိုးရေးလုပ်ငန်း အဖြစ်ဆိုးနဲ့ကြုံရပြီး အရှုံးကြီးမားခဲ့ပုံကို ရှင်းပြပါတယ်။ ၁ဝ ဧက အကျယ်ရှိတဲ့ သူ့ရဲ့နှမ်းခင်းဟာ မိုးရာသီမရောက်ခင် ရက်အတန်ကြာရွာ မိုးရွာတာနဲ့ ကြုံရအပြီး ရေလွှမ်းခံလိုက်ရတာပါ။

“ကျွန်တော်တို့ ရင်းခဲ့ရတာက ထယ်စက်မောင်းတာရော၊ မျိုးဖိုးရော အားလုံးပေါင်းရင် တစ်ဧက ငါးသောင်းကျော်တယ်။ ဆယ်ဧကဆိုတော့ ငါးသိန်းကျော်တယ်” လို့ ကွမ်းငုံထားတဲ့ ကိုတင်ဆွေက အာလုပ်သံနဲ့ ခပ်ဖြည်းဖြည်း ပြောလိုက်ပါတယ်။

အပြောင်းအလဲများလာတဲ့ ရာသီဥတုကြောင့် အချိန်အခါမဟုတ် မိုးရွာမှု၊ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတဲ့အတွက် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူတွေ အကြီးအကျယ် ဆုံးရှုံးနေရတယ်လို့ ကိုတင်ဆွေ အပါအဝင် မြန်မာပြည်အလယ်ပိုင်း မြစ်သား၊ ကျောက်ဆည်မြို့နယ်တွေက လယ်သမားများက ဆိုပါတယ်။ ကျောက်ဆည်မြို့နယ် စိုက်ပျိုးရေးဌာနရဲ့ မှတ်တမ်းတွေအရ ဆိုရင် မြို့နယ်အတွင်း နွေရာသီနှမ်း ၃၁,၆၅၂ ဧက စိုက်ပျိုးခဲ့ရာမှာ မိုးကြောင့် ထိခိုက်သွားတာ ဧက ၄,၈ဝဝ ကျော် ရှိခဲ့တာပါ။

စိုက်ပျိုးရေးဦးစီးဌာနနဲ့ ဒေသတွင်းက တတ်ကျွမ်းနားလည်သူတို့ကတော့ ဖောက်ပြန်တဲ့ရာသီဥတုကို အထိုက်အလျောက် အံတု ရင်ဆိုင်နိုင်မယ့် နည်းလမ်းတွေ ရှိတဲ့အတွက် သတိထား လိုက်နာရင် ဆုံးရှုံးမှု နည်းပါးနိုင်တယ်လို့ ပြောကြပါတယ်။

စိုက်ပျိုးရေးဌာနရဲ့ အထောက်အကူ

ဒီနှစ်ထဲ တောင်သူတွေ စပါးအစား နှမ်းကို ပြောင်းလဲစိုက်ပျိုးကြတဲ့ အကြောင်းရင်းတွေထဲမှာ ပျိုးထောင်ရေ အချိန်မီမရတဲ့အချက်လည်း ပါဝင်တယ်လို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲမင်းထွန်းက သုံးသပ်ပါတယ်။

“လွန်ခဲ့တဲ့ ၇ နှစ်လောက်ကတည်းက ဆည်ရေကို များများ မပေးနိုင်ခဲ့တော့ ဒီနှစ်လည်း ရေမမှန်ပါဘူးဆိုပြီး တောင်သူတွေက နှမ်းပဲစိုက်ကြရော။ ချိုင့်ကျလို့ နှစ်စဉ်ရေထိတဲ့ နေရာတွေကတောင် နှမ်းပဲစိုက်လိုက်ကြတာနဲ့ အခုလို ထိခိုက်ပျက်စီးအရမ်းများခဲ့တာ” လို့ ကျောက်ဆည်မြို့နယ် မဲဆန္ဒနယ် အမှတ် ၁ ရဲ့ လွှတ်တော် ကိုယ်စားလှယ်က ဆိုပါတယ်။

ကျောက်ဆည်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ကေသီအောင်ကတော့ ဟိုတုန်းက ဒီဒေသမှာ နွေစပါးစိုက်ဧက နှစ်သောင်းကျော်၊ နွေနှမ်းဧက နှစ်သောင်းကျော်အထိ ဆည်ရေပေးဝေနိုင်ခဲ့တယ်၊ ရာသီဥတုကြောင့် ဆည်ရေ မရရှိတော့တဲ့နောက်ပိုင်း နွေရာသီမှာ နွေစပါး ဧက ခြောက်ထောင်ကျော်အထိပဲ ရေပေးဝေနိုင်တော့တယ်လို့ ဆိုပါတယ်။

ယခင်နှစ်ကဆိုရင် နှမ်းခင်းအပြင် ပဲတီစိမ်းစိုက်ခင်းတွေပါ ပျက်စီးတယ်၊ တောင်သူတွေကို မျိုးစေ့ အခမဲ့ ထောက်ပံ့ခဲ့ဖူးတယ်၊ ဒီနှစ်မှာလည်း လုံးဝပျက်စီးသွားတဲ့ စိုက်ဧရိယာ ပမာဏကို အတိအကျ ကောက်ခံရရှိလာမယ် ဆိုရင် အထက်ကို တင်ပြပြီး ထောက်ပံ့ပေးမယ့် အစီအစဉ်တွေ ဖြစ်လာနိုင်တယ်လို့ ဒေါ်ကေသီအောင်က ပြောပါတယ်။

ထိခိုက်စာရင်းကို အချိန်တိုအတွင်းရဖို့ မဖြစ်နိုင်ဘူးလို့ ကျောက်ဆည်၊ ပေါင်းလောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးစံငွေက ပြောပါတယ်။ စိုက်ပျိုးရေးဌာနကို အစီရင်ခံရာမှာ ရွာနယ်နိမိတ်ထဲက လုံးဝ ပျက်စီးသွားရတဲ့ နှမ်းခင်းဧက စာရင်းအတိအကျ မထည့်သွင်းနိုင်ခဲ့ကြောင်း အုပ်ချုပ်ရေးမှူးက ရှင်းပြပါတယ်။

“သူတို့က ချက်ချင်း တင်ပါ တဲ့၊ ရက်မစောင့်နိုင်ဘူး တဲ့၊ အဲ့ဒါနဲ့ သိသလောက်လေး စာရင်းလုပ်တင်လိုက်ရတာ” လို့ အုပ်ချုပ်ရေးမှူးက ဆိုပါတယ်။

အုပ်ချုပ်ရေးမှူးပြောသလို သီးနှံပျက်စီးပေမယ့် ဌာနဆိုင်ရာရဲ့ အထောက်အပံ့ မရသေးတဲ့ ကျေးရွာတွေ ရှိနေသေးတာကိုလည်း Myanmar Now ရဲ့ ကွင်းဆင်းလေ့လာမှုတွေမှာ တွေ့ရပါတယ်။

မြစ်သားမြို့နယ်၊ တေစိုးကျေးရွာက တောင်သူ ကိုဇော်နိုင်ကလည်း သူတို့ရွာကို ကူညီထောက်ပံ့မှု ရောက်မလာသေးဘူးလို့ ဆိုပါတယ်။

“ကောက်ဆိုလို့သာ ကျွန်တော်တို့လည်း စာရင်းပေးလိုက်ရတာပါဗျ။ ကျွန်တော်တို့ တေစိုးရွာဆိုရင် နှစ်စဉ် တစ်သီးမဟုတ် တစ်သီး ထိခိုက်နေကျပဲ။ တစ်ခါမှလည်း ဌာနဆိုင်ရာက ထောက်ပံ့ပေးတယ်ဆိုတာ မရခဲ့ဖူးပါဘူးဗျ။ တခြားနေရာတွေမှာရတယ် ဆိုတာတော့ ကြားမိတာပဲ” လို့ ကိုဇော်နိုင်က ပြောပါတယ်။

“အရင်နှစ်တွေကဆို တင်ဆိုရင်တောင် မတင်ဘူး။ ဒီနှစ်မှ တင်လိုက်တာ”

စိုက်ပျိုးနည်းစနစ်

ကျောက်ဆည်မြို့နယ်နဲ့၊ မြစ်သားမြို့နယ်ထဲက ကျေးရွာ တချို့မှာ နေထိုင်သူတွေကတော့ ကနေ့ အချိန်အထိ စိုက်ပျိုးရေးဌာနရဲ့ နည်းပညာပံ့ပိုးပေးမှုကို မရရှိကြသေးဘူးလို့ ပြောပါတယ်။

ကုမ္ပဏီတချို့ရဲ့ ပညာပေး ဟောပြောပွဲ၊ နီးစပ်ရာ စိုက်ပျိုးရေးပစ္စည်း အရောင်းဆိုင်တွေရဲ့ အကူအညီနဲ့သာ စိုက်ပျိုးရေး ဗဟုသုတတွေ ရနေကြတာလို့ ဆိုလာတဲ့ တောင်သူတွေထဲက တစ်ယောက်ကတော့ ကျောက်ဆည်၊ ပဲခင်းကျေးရွာသား ကိုမောင်ရွှေပါပဲ။

"ကျွန်တော်တို့ စိုက်ခင်းတွေမှာ ဘာဖြစ်နေပြီ ဆိုတာကို အပင်နမူနာလေး ယူပြီး ပိုးသတ်ဆေးဆိုင်တွေကို သွားပြ၊ သူတို့က ဘာဆေးသုံးပါ ဆိုပြီးညွှန်း၊ ဒါပဲရှိတာ” လို့ ကိုမောင်ရွှေက ဆိုပါတယ်။

“ကျွန်တော့်နှမ်းခင်းတွေက ကုန်းကျတဲ့အတွက် ဒီနှစ်မိုးများချိန် မပျက်စီးတဲ့အပြင် အထွက်နှုန်းတောင် မနှစ်ကထက် ပိုကောင်းမယ့် အခြေအနေရှိတယ်"

မေလအတွင်း တွေ့ရတာကတော့ နှမ်းခင်းတွေထဲမှာ ပက်ကျဲစိုက်နည်း၊ ဘောင်တန်းစိုက်နည်းနဲ့ ကြိုးတန်းစိုက်နည်းတွေကို တစ်ရွာနဲ့တစ်ရွာ မတူညီဘဲ စိုက်ပျိုးနေကြခြင်းပါပဲ။

ဒီလိုဖြစ်နေတာက တောင်သူရော၊ နည်းပညာထောက်ပံ့ပေးကြသူ နှစ်ဘက်လုံးမှာ အားနည်းချက်တွေ ရှိနေတာကြောင့် ဖြစ်ကြောင်း ကျောက်ဆည်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးရဲမင်းထွန်းက သုံးသပ်ပြပါတယ်။

“စိုက်ပျိုးရေးဌာနက တောင်သူတွေကို စပါးဆိုလည်း သက်တမ်းအလိုက် မျိုးတွေ၊ ပေါင်းဆေးတွေနဲ့ စိုက်နည်းပညာပေးတယ်။ ခက်တာက တောင်သူတွေက မလာကြဘူး။ လာကြတဲ့ တောင်သူတွေကလည်း ဟိုပွဲလည်း ဒီလူ၊ ဒီပွဲလည်း ဒီလူပဲလာကြသလိုဖြစ်နေတာ” လို့ လွှတ်တော်ကိုယ်စားလှယ်က ဆိုပါတယ်။

“ဝန်ထမ်းဆိုတာလည်း ခေါ်လို့ရသူကိုပဲ ထပ်ခေါ်တယ်။ မသိကြသေးတဲ့ တောင်သူတွေရဲ့ နေရာအထိ စိုက်ပျိုးရေးဌာနကလည်း မသွားနိုင်။ တောင်သူတွေမှာလည်း ငါတို့အထွက်တိုးနှုန်းတွေက စိုက်နည်းပညာပေါ် မူတည်တယ်ဆိုတဲ့ အသိ မရှိကြဘူး”

စိုက်ပျိုးရေးဌာန အရာရှိ ဒေါ်ကေသီအောင်ကတော့ ဌာနအနေနဲ့ ရာသီအလိုက်၊ ရွာအနှံ့ စိုက်ပျိုးရေးနည်းပညာပေး ဆွေးနွေးပွဲတွေ လုပ်ပေမယ့် တချို့တောင်သူတွေက လိုက်မလုပ်နိုင်ကြဘူးလို့ ဆိုပါတယ်။

တချို့တောင်သူတွေကလည်း စိုက်ပျိုးရေးနည်းစနစ်တွေကို သိပေမယ့် လုပ်သားရှားပါး၊ ငွေကြေးအင်အား မတတ်နိုင်တဲ့ အခက်အခဲတွေ ရှိကြတယ်လို့ စိုက်ပျိုးရေးအရာရှိက ပြောပါတယ်။

“လယ်ယာတွေထက် စက်ရုံတွေ၊ ဆိုင်တွေမှာ ဝင်လုပ်ကြတော့ လုပ်သားငှားဖို့ ရှားလာတယ်။ အဲ့ဒီတော့ စိုက်နည်းပညာ စိတ်ဝင်စားပေမယ့် တချို့တောင်သူတွေက လိုက်မလုပ်နိုင်ကြတော့ဘူး။ နည်းစနစ်တကျ စိုက်မယ်ဆိုရင် နှမ်းက တစ်ဧကကို ၂၆ တင်း၊ ၂၇ တင်းလောက်အထိ ထွက်ပါတယ်” လို့ ဒေါ်ကေသီအောင်က ရှင်းပြပါတယ်။

“ကျွန်မတို့က မပေးတာ မဟုတ်ဘူး။ ရာသီတိုင်းမှာ ရွာတိုင်းကို ဆွေးနွေးပွဲတွေလုပ်တယ်။ နှမ်းဆိုလည်း ဘောင်နဲ့သေချာစိုက်မယ်၊ ရေသွင်း၊ ရေထုတ်မြောင်းတွေနဲ့ သေချာစိုက်မယ်ဆိုရင် နှမ်းက ဒီလောက် ပျက်စီးထိခိုက်မှာ မဟုတ်ဘူး။ ဒါပေမယ့် စာသင်သလိုပဲ၊ လက်ခံတဲ့သူကရတယ်။ လက်မခံတဲ့သူက မရဘူးပေါ့”

ထိခိုက်ပျက်စီးမှု များရတာကလည်း မြေအနေအထားနဲ့ စိုက်ပျိုးရေးနည်းစနစ်တွေပေါ် အများကြီး မူတည်တဲ့အတွက် စိုက်ပျိုးရေးဌာနအရာရှိများ၊ သင်တန်းနဲ့ဆွေးနွေးပွဲတွေ တက်ရောက် လေ့လာထားသူများနဲ့ တိုင်ပင်ပြီး လုပ်ကိုင်သင့်တယ်လို့ အကြံပြုလိုကြောင်း ဒေါ်ကေသီအောင်က ပြောတယ်။

မြစ်သားက တောင်သူကိုဇော်နိုင်ကတော့ စိုက်ပျိုးရေးနည်းလမ်းဟောင်းကို ပစ်ပယ်ဖို့ ခက်ခဲနေသူပါ။

“ရေဒဏ်ခံနိုင်တဲ့သီးနှံ ပြောင်းစိုက်လို့တော့ တချို့ကပြောပါတယ်။ ကျွန်တော်တို့ကသာ ကိုယ်စိုက်မြဲစိုက်နေကြကိုပဲ စိုက်ကြတာ”လို့ ကိုဇော်နိုင်က ပြောပါတယ်။

လွှတ်တော်ကိုယ်စားလှယ် ဦးရဲမင်းထွန်းက လာမယ့်နှစ်တွေမှာလည်း မိုးကပြန်ကောင်းလာမယ် ဆိုရင်တော့ ချိုင့်ကျတဲ့နေရာတွေမှာ နှမ်းအစား တခြားသီးနှံပြောင်းစိုက်ဖို့ တိုက်တွန်းပါတယ်။

"ရာသီဥတုကြောင့် နှမ်းခင်းတွေ ထိခိုက်ပျက်စီးရတာကို ဘယ်လိုမှ ကာကွယ်လို့မရဘူးဗျ။ ဒီအတိုင်း တောင်သူတွေမှာ ထိုင်ကြည့်နေရုံပဲ ရှိမယ်။ မိုးဒဏ်ရေဒဏ် ခံနိုင်မယ့် မိုးကြိုစပါး(နွေစပါး) မျိုးကို ပြောင်းစိုက်ကြဖို့ ကျွန်တော်တို့ တောင်သူတွေကို စည်းရုံးရမှာပေါ့" လို့ လွှတ်တော်ကိုယ်စားလှယ် ဦးရဲမင်းထွန်းက ပြောပါတယ်။

"အရင်မိုးခေါင်တုန်းက နှမ်းစိုက်တာ ကိစ္စမရှိပေမယ့် အခုလို မိုးပြန်များလာမယ်ဆိုရင်တော့ ပြောင်းကို ပြောင်းမှ ရတော့မယ်" လို့ ဦးရဲမင်းထွန်းက ပြောလိုက်ပါတယ်။ ။

ထက်ခေါင်လင်းသည် Myanmar Now သတင်းဌာန၏ အကြီးတန်းသတင်းထောက်ဖြစ်သည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading