သတင်း

အကျဉ်းကျ ရှေ့နေအမျိုးသမီး ဆေးကုသခွင့် မရသေး

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့ ခရိုင်တရားရုံးမှအထွက် အဖမ်းခံခဲ့ရသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်ဧရာလင်းထွဋ်သည် ကျန်းမာရေးအတွက် ပြင်ပဆေးရုံ၌ ဆေးကုသခွင့်မရဖြစ်နေကြောင်း ၎င်း၏ မိသားစုထံမှ သိရသည်။  

 မေ ၂၇ ရက်နေ့က အဖမ်းခံရပြီး ဟင်္သာတအကျဉ်းထောင်တွင် ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ခံထားရသည့် ၃၉ နှစ်အရွယ် ဒေါ်ဧရာလင်းထွဋ်သည် ယခင်က သားအိမ်ခွဲစိတ်ကုသထားပြီး သွေးအားနည်းရောဂါအတွက် မကြာခဏ သွေးသွင်းနေရသူဖြစ်ကြောင်း၊ ဖမ်းဆီးခံရပြီးနောက် ဆေးကုသခွင့်တောင်းဆိုခဲ့ရာ ဇူလိုင်လဆန်းတွင် ပြင်ပဆေးခန်းသို့ သွားခွင့်ရခဲ့ကြောင်း မိသားစုက ပြောသည်။

“ဆေးခန်းကို သွားပြလိုက်ရတယ်။ အဲ့ဒီမှာ ဆရာဝန်ကြီးက ပြရုံနဲ့မပြီးတော့ဘူး။ ဒါဆေးရုံတက်ရမယ့် အခြေအနေ။ ဆရာဝန်ကြီးက ဆေးရုံတင်ပေးမှ အဆင်ပြေမယ်ပေါ့။ တင်ဖို့အတွက်ကို ဆရာဝန်ကြီးကလည်း (ဆေးထောက်ခံစာ) ရေးပေးလိုက်ပြီ။ အဲ့ဒီမှာ ပြန်ခေါ်လာခဲ့ဆိုပြီး အထဲ(ထောင်)ကို ပြန်ရောက်သွားတယ်။ မတင်ပေးဘူး၊ (ဆေးရုံ)တင်ဖို့ကို သူတို့က လုံးဝခွင့်မပြုဘူး”ဟု ဒေါ်ဧရာလင်းထွဋ်၏ မိသားစုဝင်တစ်ဦးက Myanmar Now ကို ပြောသည်။

ဖခင်ဖြစ်သူ ဦးတင်ထွန်းကလည်း Facebook တွင် ရေးသားတောင်းဆိုခဲ့သေးသည်။

 “ကျွန်တော့်သမီးလေး အမှန်တကယ် ကျန်းမာရေးမကောင်းတဲ့သူပါ။ တကယ်လို့သာ ကျွန်တော့်သမီးနေရာမှာ သူတို့ရင်ဘတ်နဲ့ နှလုံးသားနဲ့ သက်ဆိုင်တဲ့သူတွေသာဆို သူတို့ ဘယ်လိုဖြေရှင်းမလဲ။ ဘယ်လိုလုပ်ဆောင်မလဲ”ဟု ဦးတင်ထွန်းက ဇူလိုင် ၇ တွင် ရေးတင်ခဲ့သည်။

ဒေါ်ဧရာလင်းထွဋ်မိသားစု၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး ဟင်္သာတထောင်နှင့် စစ်ကောင်စီပြန်ကြားရေးအဖွဲ့ကို မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ်မရခဲ့ပေ။

ဒေါ်ဧရာလင်းထွဋ်သည် ဟင်္သာတခရိုင်အတွင်း နိုင်ငံရေးပုဒ်မများဖြင့် အမှုဖွင့်၊ တရားစွဲဆိုခံနေရသူများအတွက် လိုက်ပါကူညီဆောင်ရွက်ပေးနေရာ ထိုအထဲတွင် မယ်ဇလီကုန်းမြို့ ဆေးရုံအုပ် CDM ဆရာဝန် ဒေါက်တာပြည့်ဖြိုးနိုင်၏ အမှုလည်း ပါဝင်သည်။

နိုင်ငံရေးအမှုများကို လိုက်ပါကူညီဆောင်ရွက်ပေးနေခြင်းကြောင့် အဖမ်းခံရခြင်းဖြစ်မည်ဟု မိသားစုက ယူဆနေကြသည်။ 

“ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်က ပြန်လွတ်တဲ့ထဲမှာဆို သူ လိုက်ပေးတဲ့သူ အများကြီးပြန်ထွက်လာတယ်။ သူက အဓိကလုပ်ဆောင်ပေးတာသည် CDM သမားတွေ အဖမ်းခံရရင်၊ ဆန္ဒပြကလေးတွေ အဖမ်းခံရရင်၊ သူ အခမဲ့လုပ်ဆောင်ပေးတယ်”ဟု အထက်ပါ မိသားစုဝင်က ဆက်ပြောသည်။ 

တရားလွှတ်တော်ရှေ့နေ ဒေါ်ဧရာလင်းထွဋ်သည် မြန်မာနိုင်ငံလွတ်လပ်သောရှေ့နေများအသင်း (ILAM)၏ ဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်ပြီး ဧရာဝတီတိုင်းတာဝန်ခံလည်းဖြစ်သည်။ 

စစ်ကောင်စီသည် ရှေ့နေများကိုလည်း နှိပ်ကွပ်နေသည်ဟု ဧရာဝတီတိုင်းအတွင်း သူ့ကဲ့သို့ ကူညီတတ်သော တရားလွှတ်တော်ရှေ့နေတစ်ဦးက မှတ်ချက်ပြုသည်။

“စစ်ကောင်စီကတော့ ဥပဒေဆိုတာကို မစဉ်းစားတော့ပါဘူး။ သူတို့အတွက် ခလုတ်ဖြစ်မယ်ဆိုရင် အခြေခံလူ့ကျင့်ဝတ်တောင် စောင့်ထိန်းမှာ မဟုတ်လို့ လူ့အခွင့်အရေးချိုးဖောက်မှုအတွက်ကတော့ သူတို့အနေနဲ့ ရေဆာလို့ ရေသောက်သလိုပဲ”ဟု ၎င်းက ဝေဖန်သည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြမှုကြောင့် ဖမ်းဆီးခံရသူများ၊ နိုင်ငံရေးသမားများ၊ အကြမ်းဖက်ဖမ်းဆီးခံရသူများအတွက် အမှုလိုက်ပါဆောင်ရွက်ပေးနေစဉ် ဖေဖော်ဝါရီလမှ ဇွန်လကုန်အထိ အဖမ်းခံရသည့် ရှေ့နေပေါင်း ၁၇ ဦး ရှိသည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇူလိုင် ၂ တွင် ထုတ်ပြန်ထားသည်။

ထိုသူများအနက် ဒေါ်ဧရာလင်းထွန်းကဲ့သို့ပင် တရားခွင်မှအထွက် ဖမ်းဆီးခံလိုက်ရသည့် ရှေ့နေတချို့ရှိပြီး တချို့ရှေ့နေများကိုလည်း ဓားစာခံအဖြစ် စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း AAPP ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။ 

ကုလသမဂ္ဂနှင့် ချိတ်ဆက်ထားသည့် ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်သည့် IOM ၏ ကချင်ပြည်နယ်တာဝန်ခံ ဒေါက်တာထက်လွင်ဝင်း မေ ၁၂ က အဖမ်းခံရပြီးနောက် ၎င်း၏ ရှေ့နေပါ အဖမ်းခံရပြီး ၅၀၅-ကဖြင့် အမှုဖွင့်ခံရသည်။ 

ဇွန် ၂ ကလည်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် နိုင်ငံရေးအမှုများလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးသက်ထွန်းဦးကို တရားခွင်အတွင်း ဝင်ရောက်ဖမ်းဆီးခဲ့ပြီး ၅၀၅-ကဖြင့် အမှုဖွင့်ထားသည်။ 

ပြီးခဲ့သည့် ဇွန် ၁၀ တွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်အမှုအပါအဝင် နိုင်ငံရေးအမှုများကို လိုက်ပါဆောင်ရွက်ပေးနေသည့် ကရင်ပြည်နယ်မှ ရှေ့နေနှစ်ဦး ဖမ်းဆီးခံရပြီး ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ – က ဖြင့် အမှုဖွင့်ခံထားရသည်။ 

စစ်အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်အား အလိုမရှိကြောင်း ရှေ့နေများက ဆန္ဒပြခဲ့ကြပြီး စစ်ကောင်စီက တရားစွဲဆိုသောအမှုများအတွက် နစ်နာသူများဘက်မှ ရှေ့နေများက အခမဲ့လိုက်ပါဆောင်ရွက်နေကြခြင်းဖြစ်ပြီး စစ်ကောင်စီက ၎င်းရှေ့နေများကိုပါ ဖမ်းဆီးအမှုဖွင့်နေသည်။ 

ဆေးကုသမှုနှင့် ပတ်သက်ပြီး ဖမ်းဆီးချုပ်နှောင်ခံရသူများအနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ အသက်အရွယ်ကြီးရင့်သော ပုဂ္ဂိုလ်များကိုလည်း ဆေးကုခွင့်မပေးဘဲ ကျန်းမာရေးကြောင့် အချုပ်လွတ်ထုချေခွင့်အာမခံလျှောက်ထားရာတွင်လည်း ပယ်ချခံနေရသည်။ 

Show More

Related Articles

Back to top button