သတင်း

ကယားတွင် KPDF နှင့် KNPP ပူးပေါင်းအဖွဲ့က စစ်ကောင်စီကို ဆက်လက်တိုက်ခိုက် 

ကယားပြည်နယ် ဘောလခဲမြို့နယ်သို့ ထိုးစစ်ဆင်လာသည့် အာဏာသိမ်းစစ်ကောင်စီတပ်ကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့် ပူးပေါင်း၍ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) က ယနေ့ (ဇူလိုင် ၁၆) သတင်းထုတ်ပြန်သည်။

ဘောလခဲမြို့နယ်အတွင်း ထိုးစစ်ဆင်လာသည့် အင်အား ၅၀ ခန့်ပါ စစ်ကောင်စီတပ်ကို ယနေ့ မွန်းလွဲပိုင်းတွင် KNPP နှင့် KNDF ပူးပေါင်းအဖွဲ့က စတင်မိုင်းဆွဲတိုက်ခိုက်ပြီး နာရီဝက်ခန့်ကြာ အပြန်အလှန်ပစ်ခတ်ခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုများရှိကာ အရေအတွက်အတည်ပြု၍ မရသေးကြောင်း ထုတ်ပြန်ချက်က ဆိုသည်။ 

ကရင်နီဒေသများဖြစ်သော ဒီးမော့ဆို၊ လွိုင်ကော်နှင့် ဖယ်ခုံ(မိုးဗြဲဒေသ) မြို့နယ်များ၌ မေလ ၂၁ ရက်မှ ဇွန်လလယ်အထိ စစ်ကောင်စီတပ်နှင့် တိုက်ပွဲများပြီး ငြိမ်သက်နေခဲ့ရာ ယနေ့တွင် တိုက်ပွဲပြန်လည်ဖြစ်ပွားခြင်းဖြစ်သည်။ 

စစ်ကောင်စီကို ခုခံတိုက်ခိုက်ရန် ကရင်နီဒေသရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ စုပေါင်းဖွဲ့စည်းထားသည့် KNDF အနေဖြင့် ဒေသတွင်းရှိ ရပ်မိရပ်ဖများ၊ ဘာသာရေးခေါင်းဆောင်များနှင့် ငြိမ်းချမ်းရေးအဖွဲ့များ၏ ဆန္ဒအရ ယာယီအပစ်ရပ်ထားခဲ့သည်။ 

“ဒီအပစ်အခတ်ရပ်စဲရေးက စာချုပ်စာတမ်းနဲ့ မဟုတ်ဘူးလေ။ တစ်လလား၊ နှစ်လလားဆိုတဲ့ အချိန်ကာလ အတိအကျပါတဲ့ အပစ်အခတ်ရပ်စဲရေးမျိုးမဟုတ်ဘူး။ အဲဒါကြောင့် အခုအချိန်မှာ တိုက်ပွဲတွေပြန်ဖြစ်လာတာပေါ့” ဟု ကရင်နီဒေသခံတစ်ဦးက Myanmar Now ကို ပြောသည်။

ဇူလိုင် ၁၂ ရက်က ဖြစ်ပွားခဲ့သည့် လွိုင်ကော်မြို့နယ်တွင် KNPP နှင့် စစ်ကောင်စီတပ်ကြား တိုက်ပွဲတွင်လည်း KNDF တပ်ဖွဲ့ဝင်များပါဝင်သည်ဟု ၎င်းက ဆက်​ပြောသည်။

စစ်ရေးပဋိပက္ခများကြောင့် ဒုက္ခကြုံတွေ့ရခြင်းမှာ ကောင်းသည့်လက္ခဏာမဟုတ်သော်လည်း စစ်အာဏာရှင်အား ဆန့်ကျင်သည့်ကိစ္စမှာ အဆိုးထဲက အကောင်းဟုမြင်ကြောင်းလည်း ၎င်းဒေသခံက ဆိုသည်။ 

“အဆိုးထဲက အကောင်းဆိုတာ အရင်က မြို့ပေါ်လူတန်းစားတွေက လက်နက်ကိုင်တိုက်ပွဲတွေကို မထောက်ခံကြဘူး။ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ PDF တွေဖွဲ့ပြီးတော့ တိုင်းရင်းသားလက်နက်ကိုင်အရေး နားလည်ပြီး သဘောပေါက်လာပြီးတော့ အားလုံးစုပေါင်းပြီး အတူတူတော်လှန်ခဲ့ကြပြီဆိုတာကို ပြောတာပါ” ၎င်းက ပြောသည်။

လက်ရှိတွင် ကယားပြည်နယ်အခြေအနေမှာ လုံခြုံစိတ်ချရသည့် အနေအထားမဟုတ်သကဲ့သို့ စစ်ဘေးရှောင်ပြည်သူများစွာလည်း ရှိနေ၍ အားလုံးက တတ်နိုင်သည့်ဘက်မှ ကူညီတွန်းအားပေးကြရန် ကရင်နီဒေသခံက တိုက်တွန်းသည်။

ကယားပြည်နယ်တွင် စစ်ကောင်စီနှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား ဇွန်လလယ်ပိုင်းတွင် ယာယီအပစ်ရပ်ခဲ့သော်လည်း ဇူလိုင်လဆန်းပိုင်းတွင် တိုက်ပွဲများ ခပ်စိပ်စပ်ရှိလာကာ အင်အားတိုးချဲ့ကာ စစ်ရေးလှုပ်ရှားလာသော စစ်ကောင်စီတပ်ကြောင့် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်ဟု KNPP က ဆိုသည်။ 

ဇူလိုင် ၂ ရက်နှင့် ၃ ရက်နေ့များက စစ်ကောင်စီတပ်နှင့် KNPP တို့ တိုက်ပွဲသုံးကြိမ်ခန့်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိသည်ဆိုသော်လည်း အတိအကျမသိရပေ။ ဇူလိုင် ၁၂ ကမူ လွိုင်ကော်မြို့နယ်အတွင်း တစ်ရက်တည်း တိုက်ပွဲငါးကြိမ်ဖြစ်ပွားရာ စစ်ကောင်စီဘက်မှ ၁၄ ဦးသေဆုံးခဲ့သည်ဟု KPDF က ထုတ်ပြန်ခဲ့သည်။

KNPP သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ၎င်းအဖွဲ့မှ ခေါင်းဆောင်အချို့သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တွင် ပါဝင်ထားသည်။

Show More

Related Articles

Back to top button