သတင်း

ဆန္ဒပြပွဲဦးဆောင်သူကို ဖမ်းမမိသဖြင့် ဖခင်ဖြစ်သူကို ဖမ်းဆီးသွား 

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်၊ အောက်ရေဖြူကျေးရွာတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများဦးဆောင်သူ အသက် ၁၉ နှစ်အရွယ် လူငယ်ကို စစ်တပ်က လာရောက်ဖမ်းဆီးရာတွင် ဖမ်းမမိသဖြင့် ဖခင်ဖြစ်သူကို ဓားစာခံအဖြစ် ဖမ်းဆီးသွားကြောင်း သိရသည်။ 

အောက်ရေဖြူကျေးရွာသို့ ယနေ့ (ဇူလိုင် ၁၆) ညနေ ၄ နာရီခန့်တွင် အင်အား ၂၀ ခန့်ဖြင့် စစ်တပ်က လာရောက်ဖမ်းဆီးရာတွင် ၎င်းကို ဖမ်းမမိသဖြင့် ဖခင်ဖြစ်သူ အသက် ၅၀ အရွယ် ဦးလယ်အောင်ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ကိုပြည့်ဖြိုးလှိုင်က Myanmar Now ကို ပြောသည်။

“ကျွန်တော့်ကို လာရှာတာ။ ကျွန်တော်က အိမ်ရောက်နေတာ ခဏပဲကြာသေးတယ်။ မင်းတို့အိမ်ရှေ့မှာ ရဲနဲ့ စစ်သားတွေ သေနတ်တွေနဲ့ ရောက်နေတယ်ဆိုပြီး ဖုန်းဆက်တော့ ကျွန်တော်လည်း အိမ်ကနေပြေးတာ” ဟု ၎င်းက ပြောသည်။

ဦးလယ်အောင်နှင့်အတူ တခြားရွာသားနှစ်ဦးဖြစ်သည့် အသက် ၃၇ နှစ်အရွယ် ကိုမျိုးမင်းအောင်(ခ) ကိုမျိုးနှင့် အသက် ၃၃ နှစ်အရွယ် ကိုအောင်သူငြိမ်းတို့ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ရွာသားတစ်ဦးက ပြောသည်။ 

“ဘာလို့ဖမ်းသွားလဲ မသိဘူး။ သူတို့က သပိတ်စစ်ကြောင်းလိုက်ပါတဲ့သူတွေလည်း မဟုတ်ဘူး။ သူတို့ဟာသူတို့ အိမ်မှာ အလုပ်လုပ်နေရင်း လာဖမ်းသွားတာ”ဟု အထက်ပါ အောက်ရေဖြူရွာသားက ပြောသည်။ 

အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီတပ်သည် အောက်ရေဖြူကျေးရွာသို့ ဇူလိုင် ၁၁ မှ ၁၄ အထိ လေးရက်ကြာ လာရောက်တပ်စွဲ၍ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ပူးပေါင်းကာ ရွာသားများကို မတရားဖိနှိပ်ခဲ့သည့်အပြင် ရွာသားလေးဦးကိုလည်း ဖမ်းဆီးခဲ့သည်ဟု သိရသည်။ 

“သပိတ်အင်အားအရမ်းကောင်းတော့ သပိတ်ကို ဖြိုခွင်းဖို့ တပ်လာစွဲထားတာလို့ ထင်တယ်။ တပ်လာစွဲထားချိန်မှာတော့ သပိတ်ကတော့ ပြောက်ကျားသပိတ်ပဲ ရှိတယ်” ဟု အထက်ပါ ရွာသားက ဆက်ပြောသည်။ 

အာဏာသိမ်းပြီးချိန်မှစ၍ လောင်းလုံမြို့နယ်ရှိ အောက်ရေဖြူကျေးရွာ ဒေသခံများသည် ထားဝယ်မြို့ပေါ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးပင်မစစ်ကြောင်းနှင့် ပူးပေါင်းကာ ချီတက်ဆန္ဒပြမှုများရှိခဲ့ပြီး အကြမ်းဖက်ဖြိုခွင်းမှုများ ရှိလာချိန်တွင် ကျေးရွာအတွင်း လှည့်လည်ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။ 

အာဏာသိမ်းစစ်ကောင်စီက ၎င်းတို့အလိုရှိသူများကို ဖမ်းဆီးရမိခြင်း မရှိသည့်အခါများတွင် အသက်မပြည့်သူ ကလေးငယ်များပါမချန် မိသားစုဝင်များကို ဖမ်းဆီးလေ့ရှိပြီး ထိုသို့ဖမ်းဆီးခံရသူများအနက် အမှုဖွင့်အရေးယူခံရသူများလည်း ရှိသည်။

ဖေဖော်ဝါရီ ၁ မှ ဇူလိုင် ၁၅ ရက်အထိ စစ်ကောင်စီလက်ချက်ဖြင့် အရပ်သားပြည်သူ ၉၁၂ ဦး ထက်မနည်း သေဆုံးခဲ့ပြီး ၅၂၆၉ ဦးထက်မနည်း ဖမ်းဆီးချုပ်နှောင်ခံထားရဆဲဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button