သတင်း

ရန်ကုန်၊ တာမွေတွင် ဆန္ဒပြနေစဉ် ပစ်ခတ်ဖြိုခွင်းခံရ

ရန်ကုန်မြို့၊ တာမွေမြို့နယ်တွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး GSC ဆန္ဒပြစစ်ကြောင်း ယနေ့ (ဇူလိုင် ၁၆) ၌ ချီတက်ဆန္ဒပြနေစဉ် သေနတ်ပစ်ဖောက်ဖြိုခွင်းခံရကြောင်း ဆန္ဒပြသူများက ပြောသည်။

နံနက် ၉ နာရီခန့်၊ ယုဇနပလာဇာအရှေ့မှ အောင်မင်္ဂလာမှတ်တိုင်ရှေ့သို့ ချီတက်နေစဉ် ရဲနှင့် စစ်သားများပါဝင်သော စစ်ကောင်စီတပ်များ ကားများဖြင့် ရောက်လာကာ ပစ်ခတ်ခဲ့သည်ဟု ယင်းဆန္ဒပြစစ်ကြောင်းတွင် ပါဝင်သူတစ်ဦးက ပြောသည်။

“အစီအစဉ်တစ်ဝက်မှာတင် ဖြိုခွဲခံရတယ်ပေါ့။ သပိတ်ကို အဝေးကနေ သေနတ်ဖောက်တာ ကြားလိုက်ရတယ်။ ပြေးကြလွှားကြရတာတွေ ဖြစ်ကုန်တယ်” ဟု အသက် ၂၈ နှစ်အရွယ် ဆန္ဒပြသူအမျိုးသားက ပြောသည်။ 

ထို့နောက် စစ်ကောင်စီတပ်များ ထပ်မံရောက်ရှိလာပြီး ယုဇနပလာဇာအနီးတစ်ဝိုက်ကို ပိတ်ဆို့ရှာဖွေခဲ့သောကြောင့် ပိတ်မိသူများလည်းရှိခဲ့သည်ဟု ဆန္ဒပြရာတွင် ပါဝင်သည့် အခြားလူငယ်တစ်ဦးထံမှ သိရသည်။ 

“ကားတွေပိတ်စစ်ပြီး အဲဒီနားဝန်းကျင်နားက ဆိုင်ခန်း၊ တိုက်ခန်းတွေရှာတာရှိတယ်။ အခုတော့ လွတ်သွားပါပြီ” ဟု ၎င်းက ဆိုသည်။ 

ဆန္ဒပြပွဲဖြိုခွင်းခံရမှုကြောင့် အနည်းဆုံး ၄ ဦးခန့် ဖမ်းဆီးခံရကြောင်း ကြားသိရသော်လည်း လတ်တလောတွင် အတည်ပြုနိုင်ခြင်း မရှိသေးပေ။

၎င်း GSC ဆန္ဒပြစစ်ကြောင်းသည် အာဇာနည်နေ့အကြိုလှုပ်ရှားမှုအဖြစ် ယနေ့ ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ဇူလိုင် ၇ တွင် ၅၉ နှစ်မြောက် ဆဲဗင်းဂျုလိုင်နေ့အထိမ်းအမှတ်အဖြစ် ချီတက်ဆန္ဒပြခဲ့ကြသေးသည်။

စစ်ကောင်စီ၏ အပြင်းအထန်ဖိနှိပ်မှုကြောင့် ရန်ကုန်တွင် ဆန္ဒပြပွဲများ အားနည်းသွားသော်လည်း ဧပြီ ၂၃ မှစ၍ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးကို ပြောက်ကျားနည်းဖြင့် လမ်းပေါ်ထွက်ဆန္ဒပြမှုများ ပြန်ပေါ်ပေါက်လာခဲ့ပြီး စစ်တပ်ကလည်း အဆိုပါလှုပ်ရှားမှုများကို ဖြိုခွင်းနှိမ်နင်းလျက်ရှိသည်။

အလားတူ မန္တလေးမြို့တွင်လည်း ဆန္ဒပြမှုများ အားကောင်းနေဆဲဖြစ်ပြီး စစ်ကောင်စီကလည်း ဆန္ဒပြသူများကို လိုက်လံဖမ်းဆီးနေသည်။ ပြီးခဲ့သည့် ဇူလိုင် ၁၃ ကလည်း မန္တလေး မြတောင်နှင့် မန္တလာတက္ကသိုလ်စစ်ကြောင်းနှစ်ခု ပူးပေါင်းဆန္ဒပြနေစဉ် ဖြိုခွင်းခံရပြီး အသက် ၂၀ အောက် မိန်းကလေးများအပါအဝင် ၇ ဦး အဖမ်းခံခဲ့ရသည်။ 

စစ်ကောင်စီက ၎င်းတို့အား အလိုမရှိကြောင်း ဆန္ဒပြနေသူများကို ဖမ်းဆီးပြီး ထောင်တွင်းချုပ်နှောင်ထားကာ ဆူပူအောင်လှုံ့ဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကဖြင့် တရားစွဲထောင်ချနိုင်ရန် ကြိုးပမ်းနေသည်။ 

ဖေဖော်ဝါရီ ၁ မှ ယမန်နေ့ (ဇူလိုင် ၁၅) အထိ စစ်ကောင်စီ၏ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် အပြစ်မဲ့ပြည်သူ ၉၁၂ ဦး ထက်မနည်း သေဆုံးခဲ့ပြီး ၅၂၆၉ ဦးထက်မနည်း ဖမ်းဆီးချုပ်နှောင်ခံထားရဆဲဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button