သတင်း

မန္တလေးတိုင်း မြစ်ငယ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးအမျိုးသမီး ပစ်သတ်ခံရ

မန္တလေးတိုင်း၊ မြစ်ငယ်မြို့တွင် ယနေ့ (ဇူလိုင် ၁၄) နံနက်ပိုင်းက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရပြီး ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

မြစ်ငယ်မြို့၊ ၁၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးဖြစ်သူ အသက် ၅၈ နှစ်အရွယ် ဒေါ်သက်သက်ချိုမှာ ယနေ့ နံနက် ၇ နာရီခန့်က မြစ်ငယ်ဈေးရှေ့၊ ဈေးဝင်ပေါက်ဂိတ်တွင် ဦးခေါင်းကို သေနတ်ဖြင့် အနီးကပ် ပစ်သတ်ခံရခြင်းဖြစ်သည်ဟု သိရသည်။ 

“သူက စစ်တပ်က အာဏာသိမ်းပြီးမှ အုပ်ချုပ်ရေးမှူးဖြစ်လာတာ။ အုပ်ချုပ်ရေးမှူးလုပ်လုပ်ချင်း အရင်နေတဲ့အနောက်ပိုင်းမှာ လူထုက လက်မခံလို့ နေလို့မရတော့လို့ အုပ်ချုပ်ရေးမှူးရုံးမှာပဲ နေတာ။ ဒီနေ့မနက် ဈေးအဝင်က Mask တပ်တာတို့ ဘာတို့၊ စစ်တာဆေးတာ လုပ်လို့ရအောင် လုပ်ထားတဲ့ ဂိတ်နားမှာ ပစ်ခံလိုက်ရတာ၊ ပွဲချင်းပြီးပဲ” ဟု မြစ်ငယ်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

လူမှုကွန်ရက်တွင် တွေ့ရှိရသည့် ရုပ်သံဖိုင်တစ်ခုတွင် လူစည်ကားရာ ဈေးအတွင်း ဒေါ်သက်သက်ချိုကို လူတစ်ဦးက သေနတ်ဖြင့် အနီးကပ်လုပ်ကြံခဲ့ခြင်းဖြစ်ကာ သေနတ်သံနှစ်ချက် ကြားရသည်။ 

ဒေါ်သက်သက်ချိုကို ၎င်းတို့လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း N.G.U.FF (ခေါ်) ပြည်သူ့ကာကွယ်ရေးနှင့် အာဏာရှင်ရှင်းလင်းသုတ်သင်ရေး (မန္တလေး) အဖွဲ့က ယနေ့ထုတ်ပြန်ကြေညာထားသည်။

ပြည်သူလူထုကို ကာကွယ်ရန်နှင့် အာဏာရှင်စနစ်ကို ရှင်းလင်းသုတ်သင်နိုင်ရေး ကိုယ်ထူကိုယ်ထဖွဲ့စည်းထားသည့် N.G.U.FF ကို မြေခွေးအဖွဲ့ဟု ၎င်းတို့ကိုယ်တိုင် အမည်ပေးထားသည်။ 

ပြီးခဲ့သည့် ဇွန် ၈ က ရန်ကုန်၊ တာမွေမြို့နယ်၌ စစ်ကောင်စီခန့် ကျားကွက်သစ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဒေါ်စိုးစိုးလွင် သေနတ်ဖြင့် ပစ်သတ်ခံရပြီးနောက် မြစ်ငယ်မြို့မှ ဒေါ်သက်သက်ချိုမှာ Myanmar Now က အတည်ပြုနိုင်သော သတင်းများအရ ဒုတိယမြောက် အသတ်ခံရသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးအမျိုးသမီးဖြစ်သည်။ 

ဒေါ်သက်သက်ချိုမှာ ယခင်က ပလာတာရောင်းချသူဖြစ်ပြီး ဧပြီလအတွင်း စစ်ကောင်စီခန့်အပ်သည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်လာကြောင်း မြစ်ငယ်ဒေသခံများက ဆိုသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူး ဒေါ်သက်သက်ချို ပစ်သတ်ခံရပြီးနောက် စစ်သားများရောက်ရှိလာကာ စစ်ဆေးမှုများပြုလုပ်ခဲ့သော်လည်း မွန်းလွဲပိုင်းတွင် ပြန်လည်ထွက်ခွာသွားကြောင်း၊ အဆိုပါဖြစ်စဉ်တွင် ဖမ်းဆီးခံရသူမရှိကြောင်း သိရသည်။  

ရန်ကုန်အပါအဝင် မြို့ကြီးများနှင့် ဒေသအချို့တွင် အုပ်ချုပ်ရေးမှူးများ၊ စစ်ကောင်စီသတင်းပေးများ ဆက်တိုက်လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် အုပ်ချုပ်ရေးမှူးအဖြစ်မှ နုတ်ထွက်စာတင်သူများလည်း ရှိခဲ့သည်။

Show More

Related Articles

Back to top button