သတင်း

ကိုဗစ်နိုင်တင်းဖြစ်ပွားမှု အဆမတန်မြင့်တက်လာ

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်  ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါ ဖြစ်ပွားမှုအခြေအနေကို မသိရသော်လည်း စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တစ်ခုတည်းအရပင်လျှင် ကိုဗစ်ကပ်ရောဂါကူးစက်ပြန့်ပွားမှု အဆမတန်တိုးလာလျက်ရှိသည်။

ပြီးခဲ့သည့် ဇွန်လတစ်လလုံးတွင် အတည်ပြုလူနာ ၁၃,၀၀၀ ကျော် တွေ့ရှိခဲ့ရာ၌ သေဆုံး ၁၁၇ ဦးသာ ရှိခဲ့သော်လည်း ဇူလိုင်လဆန်း ၁၂ ရက်တာအတွင်း အတည်ပြုလူနာ ၄၀,၀၀၀ နီးပါးအထိ တွေ့ရှိခဲ့ပြီး သေဆုံးသူအရေအတွက်မှာလည်း ၆၀၀ နီးပါးအထိ ရှိလာသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များကို အခြေခံတွက်ချက်မှုအရ ရောဂါပိုးတွေ့ရှိမှုနှုန်းသည်လည်း ဇွန်လတွင် ၁၂ ရာခိုင်နှုန်းသာ ရှိခဲ့ရာမှ ဇူလိုင်လဆန်းပိုင်း ၁၂ ရက်တာအတွင်း ၂၇ ဒသမ ၃ ရာခိုင်နှုန်းအထိ မြင့်တက်လာသည်။

လက်ရှိအချိန်တွင် ဓာတ်ခွဲနမူနာ တစ်သောင်းနှင့် တစ်သောင်းခွဲဝန်းကျင်ကို နေ့စဉ်စစ်ဆေးလျက်ရှိရာ ဇူလိုင် ၁ ရက်နေ့တွင် ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံထားရသည့် အတည်ပြုလူနာ ၂,၀၀၀ ဝန်းကျင်သာ တွေ့ရှိခဲ့ရာမှ ယမန်နေ့ (ဇူလိုင် ၁၂) တစ်ရက်တည်း၌ အတည်ပြုလူနာ ၅,၀၀၀ ကျော်အထိ တွေ့ရှိလာသည်။

ပုဂ္ဂလိကဆေးရုံနှင့် ဓာတ်ခွဲခန်းများအပါအဝင် နေပြည်တော်၊ ရန်ကုန်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ဆေးရုံများနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနများတွင် ဓာတ်ခွဲစမ်းသပ်မှုအခြေအနေကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခြင်းဖြစ်သည်။

ယမန်နေ့တွင် ဓာတ်ခွဲနမူနာ ၁၄,၄၃၂ ခုကို စစ်​ဆေးခဲ့ရာ ၅၀၁၄ ဦးတွေ့ရှိခဲ့သဖြင့် သုံးပုံတစ်ပုံကျော် ကိုဗစ်ကူးစက်ခံရခြင်းဖြစ်​သည်။ သေဆုံးသူအရေအတွက်မှာလည်း ယခင်ရက်များတွင် ၅၀ မှ ၇၀ ဝန်းကျင်အထိ ရှိခဲ့ရာမှ ယမန်နေ့တွင် သေဆုံးသူ ၈၉ ဦးအထိ ရှိခဲ့သည်။ 

ဇူလိုင် ၁ ရက်နေ့မှ ၁၂ ရက်နေ့အထိ သေဆုံးသူစုစုပေါင်း ၅၉၃ ဦးရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ နေ့စဉ်ထုတ်ပြန်ချက်များအရ သိရသည်။ 

တခြားနိုင်ငံများ၏ အသိအမှတ်ပြုမှုရရှိရေး၊ ပြည်သူလူထုကို ဖိနှိပ်ရေးအတွက် အားသွန်ခွန်စိုက်ကြိုးစားနေသော စစ်ကောင်စီသည် နိုင်ငံအနှံ့ ကိုဗစ်ထိန်းချုပ်ရေးကို စီမံလုပ်ဆောင်နိုင်ခြင်း မရှိခဲ့ပေ။ မြို့ကြီးများတွင် ကူးစက်နှုန်း၊ သေနှုန်းများပြားနေကြောင်းကို ပြည်သူများ၏ အင်တာနက်လူမှုကွ န်ရက်တွင် ရေးသားချက်များကို ကြည့်လျှင်ပင် သိနိုင်သည်။

ဆေးရုံဆေးခန်းများတွင် လူနာများနှင့် ပြည့်နှက်နေသည်အထိ ကိုဗစ်နိုင်တင်းကပ်ရောဂါ အခြေအနေဆိုးနေသော်လည်း ဆေးစစ်မှုတိုးမြှင့်ရန် မရှိဟု ယမန်နေ့တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

“ကျွန်တော်တို့ ဝန်ခံပါတယ်။ ဆေးရုံဆေးခန်းတွေမှာလည်း ပြည့်နေတယ်။ ကွာရန်တင်းစင်တာတွေမှာလည်း ပြည့်နေတယ်။ ထပ်ပြီးလက်မခံနိုင်တဲ့ဟာတွေလည်း ရှိပါတယ်” ဟု  ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။ 

ကျန်းမာရေးဝန်ကြီးဌာန၏ ပုံမှန်ထုတ်ပြန်ချက်များအရ မေလဆန်းပိုင်းမှ ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းအထိ ဓာတ်ခွဲနမူနာ ၁၅၀၀ မှ ၂၀၀၀ ဝန်းကျင်ကို စစ်ဆေးရာတွင် ဆယ်ဂဏန်းခန့်သာ ပိုးတွေ့ခဲ့ပြီး သေဆုံးသူမရှိခဲ့ပေ။

ဇွန်လ ၁၅ ရက်နေ့တွင် မြန်မာနိုင်ငံ၌ ရောဂါကူးစက်နိုင်ခြေ ပိုမိုမြင့်မားသည့် မျိုးရိုးဗီဇကွဲ Covid-19 ရောဂါပိုးများဖြစ်သည့် Alpha နှင့် Delta အမျိုးအစားများ တွေ့ရှိရကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ 

ထို့နောက် ကိုဗစ်ကူးစက်မှု မြင့်တက်လာကာ ဇွန်လ ၃၀ ရက်နေ့တွင် ဓာတ်ခွဲနမူနာ ၇,၉၂၄ ခုကို စစ်ဆေးခဲ့ရာ ၁,၅၈၀ ဦးအထိ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံထားရသည်ကို တွေ့ရှိခဲ့ပြီး သေဆုံးသူ ၂၄ ဦး ရှိခဲ့သည်။ 

စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ အကြမ်းဖက်ဖိနှိပ်မှုများကို ရင်ဆိုင်နေရချိန်တွင် ကိုဗစ်နိုင်တင်းကပ်ရောဂါ ထပ်မံဖြစ်ပွားလာရာ ရန်ကုန်မြို့တော်တွင် ကိုဗစ်ကြောင့် သေဆုံးမှုမြင့်တက်လျက်ရှိရာ အဓိကအားဖြင့် အောက်ဆီဂျင်ပြတ်လပ်မှုကြောင့်ဖြစ်သည်ဟု ရန်ကုန်အခြေစိုက် လူမှုကူညီရေးအသင်းအဖွဲ့ ၅ ခုက Myanmar Now ကို ပြောကြားထားသည်။

ကိုဗစ်နိုင်တင်းကူးစက်ခံထားရသူများအတွက် အောက်ဆီဂျင်လိုအပ်ချက် မြင့်မားနေချိန်တွင် ရန်ကုန်မြို့ရှိ အောက်ဆီဂျင်ဖြန့်ဖြူးပေးနေသည့် စက်ရုံအချို့ကို ပုဂ္ဂလိကသို့ ရောင်းချခြင်းမပြုရန် အာဏာသိမ်းစစ်ကောင်စီက တားမြစ်ခဲ့သည်။

စက်ရုံများကို ဝင်စီးခြင်းမျိုးမရှိဟုဆိုသော်လည်း ပုဂ္ဂလိကပိုင် အောက်ဆီဂျင်စက်ရုံအချို့တွင် တစ်ဦးချင်း လာဖြည့်ခြင်းကို လက်မခံရန် ညွှန်ကြားထားသည်ဟုလည်း ယမန်နေ့ သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ်က ဝန်ခံပြောကြားခဲ့သည်။

ကိုဗစ်နိုင်တင်းကပ်ရောဂါ ကူးစက်ခံထားရသူများအတွက် အောက်ဆီဂျင် အကြီးအကျယ်လိုအပ်နေချိန်တွင် အောက်ဆီဂျင်ဖြင့် နိုင်ငံရေးအမြတ်မထုတ်ရန် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုထားသည်။

အောက်စီဂျင်ရရှိရန် နေ့စဉ် အချိန်ကြာမြင့်စွာ လူအုပ်လိုက် စောင့်ဆိုင်းတန်းစီနေရသဖြင့် အောက်ဆီဂျင်ထုတ်ယူရင်း ကိုဗစ်ကူးစက်ခံရမည့်အခြေအနေဖြစ်နေသည်ဟု ရန်ကုန်မြို့တွင် နေထိုင်သူတစ်ဦးက ဆိုသည်။

“ရောဂါက ဘယ်သူ့မှာ ပါလာမှန်းလည်း မသိဘူး။ ပါလာရင် ကျွန်တော်တို့လည်း ကူးမှာပဲ။ ဒါပေမဲ့ ကိုယ့်ပတ်ဝန်းကျင်မှာ ဖြစ်နေတဲ့လူတွေကို မကြည့်ရက်လို့ ဒုက္ခခံပြီးလာတာ” ဟု ၎င်းက ပြောသည်။ 

ရန်ကုန်အခြေစိုက် လူမှုကူညီရေးအသင်းအဖွဲ့များအနေဖြင့် မနက်သုံးနာရီထ၍ အောက်ဆီဂျင်ဖြည့်ရန် တန်းစီစောင့်ဆိုင်းကာ လိုအပ်သည့်လူနာများထံ လိုက်လံပို့ဆောင်ရခြင်း၊ ကိုဗစ်သံသယလူနာအပါအဝင် အခြားလူနာများကို လူနာတင်ယာဉ်ဖြင့် လိုက်လံပို့ဆောင်နေရခြင်းအပြင် အောက်ဆီဂျင်လိုအပ်သူများ၏ စုံစမ်းမေးမြန်းမှုများကိုလည်း ဖြေဆိုနေရသည့်အတွက် ဝန်နှင့်အားမမျှဖြစ်နေသည်ဟုလည်း လူမှုကူညီရေးအသင်းတာဝန်ရှိသူတစ်ဦးက ဆိုသည်။ 

“ဒီတစ်ခေါက်ကတော့ ကျွန်မတို့ သေမယ်နဲ့တူပါတယ်။ ပထမလှိုင်း၊ ဒုတိယလှိုင်းတုန်းက ဘာမှမဖြစ်ပေမဲ့ ဒီလှိုင်းမှာတော့ ကျွန်မတို့ပါသွားမယ်ထင်တာပဲ။ ပင်ပန်းပြီး စိတ်ဆင်းရဲလွန်းလို့” ဟု တောင်ဒဂုံမြို့နယ်အခြေစိုက် ရှင်သန်ခွင့်လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဒေါ်သန်းသန်းစိုးက ပြောသည်။

Show More

Related Articles

Back to top button