သတင်း

မြတောင်နှင့် မန္တလာတက္ကသိုလ်စစ်ကြောင်း ဖြိုခွင်းခံရပြီး ၇ ဦး အဖမ်းခံရ

မန္တလေးမြို့၏နာမည်ကျော် မြတောင်နှင့် မန္တလာတက္ကသိုလ်ဆန္ဒပြစစ်ကြောင်းနှစ်ခု ယနေ့ (ဇူလိုင် ၁၃) တွင် ချီတက်ဆန္ဒပြနေစဉ် ဖြိုခွင်းခံရပြီး ၇ ဦး အဖမ်းခံရသည်။ 

ယင်းစစ်ကြောင်းနှစ်ခု ပူးပေါင်းချီတက်လာကြစဉ် မနက် ၆ နာရီခွဲခန့်တွင် သိပ္ပံလမ်းမကြီးပေါ်၌ ဖြိုခွင်းခံရခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့အင်အား ၁၀ ဦးခန့်က စစ်ကားဖြင့်လာရောက်ကာ သေနတ်ပစ်ဖောက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဆန္ဒပြပွဲဦးဆောင်သူတစ်ဦးဖြစ်သော ကိုသူရအောင်က Myanmar Now ကို ပြောသည်။

“သူတို့က ကားနဲ့လာတာ၊ သေနတ်ပစ်ဖောက်ပြီး ဖမ်းတယ်။ ပိတ်မိနေသူတွေလည်း အခု လွတ်မြောက်လာပါပြီ”ဟု ၎င်းက ပြောသည်။

ဖမ်းဆီးခံရသူများမှာ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၅ ဦး ဖြစ်ပြီး အသက် ၂၀ နှစ်အောက် တက္ကသိုလ်ကျောင်းသူများပါဝင်သည်ဟု ၎င်းက ပြောသည်။

“ယုတ်မာမှု သရဖူဆောင်းထားတဲ့ စစ်ကောင်စီကတော့ အာဏာမြဲဖို့အတွက် အကြမ်းဖက်မှာပဲ။ အကြောက်တရား တောက်လျှောက်ပေးနေတာပဲ၊ ခက်တာက ပြည်သူလူထုက တစ်စက်မှမကြောက်ဘူး။ အမှန်တရားရရှိတဲ့အထိ ကျွန်တော်တို့ သတ္တိရှိရှိရင်ဆိုင်သွားပါမယ်”ဟု ကိုသူရအောင်က ဆိုသည်။

၎င်းကိုလည်း ဆူပူအောင်လှုံ့ဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကဖြင့် စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ထားသည်။ 

မေနှင့် ဇွန်တို့တွင်လည်း ဆန္ဒပြစစ်ကြောင်းများ အလားတူ အကြမ်းဖက်ဖြိုခွင်းခဲ့သည်။

မေ ၂  မွန်းတည့်ချိန်၌ မြတောင်စစ်ကြောင်း ချီတက်ရန် ပြင်ဆင်နေစဉ် လူစုခွဲခံရပြီး အရပ်သား ၄ ဦး အဖမ်းခံခဲ့ရသည်။ 

ဇွန် ၁၄ မနက်ပိုင်း မန္တလေးတက္ကသိုလ်အနီးတွင် တပ်ပေါင်းစုဆန္ဒပြစစ်ကြောင်းကို စစ်ကောင်စီတပ်က ကားဖြင့်တိုက်၍ ဖြိုခွင်းရာ တက္ကသိုလ်ဆရာတစ်ဦးအပါအဝင် ၆ ဦး ဖမ်းဆီးခံခဲ့ရသည်။

စစ်ကောင်စီက အကြမ်းဖက်နေသော်လည်း မန္တလေးတွင် မြတောင်စစ်ကြောင်း၊ တပ်ပေါင်းစု၊ တကသများနှင့် ဗကသများ၊ သံဃသမဂ္ဂ၊ တက္ကသိုလ်ကျောင်းသားများစစ်ကြောင်း၊ အောင်မြေသာစံ၊ မဟာအောင်မြေမြို့နယ်၊ အင်ဂျင်နီယာကျောင်းသားများ စသည်ဖြင့် ဆန္ဒပြမှုများ အားကောင်းနေဆဲဖြစ်သည်။

စစ်ကောင်စီသည် ဆန့်ကျင်ဆန္ဒပြသူများကို ဖမ်းဆီးချုပ်နှောင်ကာ ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ကာ နှိပ်ကွပ်လျက်ရှိသည်။ စစ်ကောင်စီက ဥပဒေအတိုင်းသာ လုပ်ဆောင်နေခြင်းဖြစ်သည်ဟု အခိုင်အမာ ပြောဆိုလေ့ရှိသည်။

စစ်အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးထားသူများအနက် ဇွန် ၃၀ တွင် ၅၀၅-က ဖြင့် အမှုဖွင့်ခံရသူ အချုပ်သား၂၀၀၀ ကျော်ကို စစ်ကောင်စီက ပြန်လွှတ်ပေးလိုက်သော်လည်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ စာရင်းများအရ ဖမ်းဆီးခံထားရသူ ၅၀၀၀ ထက်မနည်း ကျန်ရှိနေဆဲဖြစ်သည်။ 

Show More

Related Articles

Back to top button