သတင်း

စစ်သင်တန်းဆင်းသူ ၄၀၀၀ ကျော် ရှိနေပြီဟု CNF ဆို

အာဏာသိမ်းစစ်တပ်ကို ပြန်ခုခံရန် ချင်းအမျိုးသားတပ်ဦး (CNF-Chin National Front) ) ထံတွင် စစ်သင်တန်းတက်ရောက်နေသူ လူငယ်များအနက် သင်တန်းဆင်းပြီးသူ ၄၀၀၀ ကျော်ရှိကြောင်း CNF ထံမှ သိရသည်။

မတ်လအတွင်း ၄၅ ရက်ကြာ အခြေခံစစ်သင်တန်းပေးခဲ့ခြင်းဖြစ်ပြီး စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်တို့မှ နယ်စပ်ရောက်လာသူတို့ အများဆုံးတက်ရောက်ကြခြင်းဖြစ်သည်ဟု CNF ပြောခွင့်ရ ဆလိုင်းထက်နီက ပြောသည်။

အခြေခံစစ်သင်တန်း၊ မြို့ပြပြောက်ကျားသင်တန်းများပေးနေပြီး မြို့ပြပြောက်ကျားသင်တန်းတစ်ခုလျှင် ရက် ၂၀ ကြာမြင့်ကြောင်း၊ သင်တန်းပေးသည့်နေရာမှာ ချင်းပြည်နယ်နှင့် အိန္ဒိယနိုင်ငံနယ်စပ်တွင်ဖြစ်ကြောင်း CNF ထံမှ သိရသည်။

သင်တန်းသားများ နေထိုင်စားသောက်မှုအတွက် ပြည်ပရောက် ချင်းတိုင်းရင်းသားများ၏ အထောက်အပံ့ဖြင့် ချို့ချို့တဲ့တဲ့ လည်ပတ်နေသည်ဟု ဆိုသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း CNN သတင်းဌာနက ထုတ်ပြန်သည့် ရုပ်သံသတင်းတစ်ပုဒ်တွင် ထိုသင်တန်းများထဲမှ လူငယ်အမျိုးသား ၁၀၀ ဝန်းကျင် ပါဝင်သည့် စစ်သင်တန်းတစ်ခုကို ရိုက်ကူးပြသထားသည်။

မြို့ပြပြောက်ကျားသင်တန်းသားများအနက် ၃ ဦး ဗုံးသယ်လာစဉ် လက်ထဲတွင် ပေါက်ကွဲသဖြင့် ပွဲချင်းပြီး သေဆုံးသွားသည်ဟု အငယ်တန်းခေါင်းဆောင်တစ်ဦးက ပြောကြောင်း CNN သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။ 

စစ်တပ်အာဏာသိမ်းပြီးနောက် Generation Z ဟု ခေါ်သော လူငယ်အများအပြားအပါအဝင် ပြည်သူလူထုသည် ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြသော်လည်း စစ်တပ်က အကြမ်းဖက်ပစ်ခတ်နှိမ်နင်းခဲ့သည်။

ထို့ကြောင့် လူငယ်အများအပြားသည် စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်ရန် တိုင်းရင်းသားလက်နက်ကိုင်နယ်မြေများထံ သွားရောက်ပြီး စစ်သင်တန်းတက်ရောက်နေကြသည်။ 

ဖမ်းဆီး၊ နှိပ်စက်ခံနေရသည့် ပြည်သူများကို ထိထိရောက်ရောက်ကာကွယ်ရန်၊ စစ်တပ်ကို ပြန်တော်လှန်ရန် စစ်သင်တန်းတက်ကြခြင်းဖြစ်သည်ဟု ဆလိုင်းထက်နီက ပြောသည်။

“အခု Gen Z တွေရဲ့ ရည်မှန်းချက်တွေက အရင်ကလို မဟုတ်တော့ဘူး။ အဆင့်မြင့်လာပြီး စစ်အာဏာရှင်ဖြုတ်ချဖို့ကနေပြီးတော့ ၂၀၀၈ ဖွဲ့စည်းပုံကို ဖျက်သိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်တည်ထောင်ဖို့ဆိုတဲ့အထိ နိုင်ငံရေး ရည်မှန်းချက်က ကျယ်ပြန့်လာတယ်” ဟု ၎င်းက ဆိုသည်။

CNF ထံမှ သင်တန်းဆင်းသူများအနက် တချို့က ချင်းပြည်နယ်အတွင်း တိုက်ပွဲများတွင် ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၏ နိုင်ငံရေးရည်မှန်းချက်အတိုင်း CNF က ဆက်လက်ရပ်တည်သွားမည်ဖြစ်ပြီး စစ်အာဏာရှင်ဖြုတ်ချရေး၊ ၂၀၀၈ ဖွဲ့စည်းပုံဖျက်သိမ်းရေးတို့ ဖြစ်ပေါ်လာသည်အထိ ဆောင်ရွက်သွားမည်ဟု ဆလိုင်းထက်နီက ပြောသည်။

ချင်းအမျိုးသားတပ်ဦး(CNF) သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်ပြီး စစ်အာဏာသိမ်းမှုကို အတိအလင်းကန့်ကွက်ထားသည်။

ထို့အပြင် ချင်းအမျိုးသားတပ်ဦး(CNF) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တို့အကြား အာဏာရှင်စနစ်ဆန့်ကျင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ဖော်ဆောင်ကျင့်သုံးရေးအတွက် နှစ်ဖက်သဘောတူညီချက်ကို မေ ၂၉ ၌ လက်မှတ်ထိုးထားကြသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှုများကြောင့် အပြစ်မဲ့ချင်းပြည်သူ ၈၁ ဦး အသက်ဆုံးရှုံးခဲ့ရသည်ဟု ချင်းရေးရာအဖွဲ့ချုပ် (Institute of Chin Affairs – ICA) က ဇူလိုင် ၆ ၌ ထုတ်ပြန်ထားသည်။ 

ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) များ ဖွဲ့စည်းကာ စစ်တပ်ကို တော်လှန်နေသူများထဲတွင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ချင်းပြည်နယ်၊ ကယား(ကရင်နီ) တို့မှ အများဆုံးဖြစ်သည်။ 

လက်ရှိတွင် ချင်းပြည်နယ် မင်းတပ်မြို့နယ်နှင့် ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တို့သည် တိုက်ပွဲများဒဏ် အပြင်းအထန်ခံခဲ့ရပြီး စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာများသည် စစ်ကောင်စီ၏ ပစ်ခတ်ဖိနှိပ်မှုများဒဏ် အများဆုံးခံခဲ့ရသည်။ 

ထိုဒေသများမှ ပြည်သူ သောင်းဂဏန်းခန့် နေရပ်စွန့်ခွာကာ စစ်ရှောင်နေရသည်။  

Show More

Related Articles

Back to top button